သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပဋိပက္ခအရေး အစိုးရကိုင်တွယ်ဖြေရှင်းမှု ကင်တားနား ဝေဖန်


မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana
ရခိုင်ပြည်နယ်မှာဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေအပေါ် အစိုးရအဖွဲ့အစည်းအဆင့်ဆင့်ဟာ ထိရောက်စွာ ကိုင်တွယ် ဖြေရှင်း မှုမရှိဘဲ စွမ်းဆောင်ရည် အားနည်းသလို စုံစမ်း စစ်ဆေး ဖြေရှင်းချင်တဲ့ ဆန္ဒလည်းမရှိဘူးလို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးမှူး တောမတ်စ် အိုဟေး ကင်တားနား (Tomás Ojea Quintana) က ပြောလိုက်ပါတယ်။

မြန်မာအစိုးရအနေနဲ့ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတခုဖြစ်တာနဲ့အညီ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းတွေအတိုင်း လိုက်နာ လုပ်ဆောင်ဖို့ လိုတယ်လို့လည်း ထောက်ပြပါတယ်။ အပြည့်အစုံကို ရန်ကုန်ကနေ ဆက်သွယ်မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ ထားပါတယ်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်က ပရိန်ကျေးရွာမှာ ဇွန်လ ၄ ရက်နေ့က ဖြစ်ခဲ့တဲ့ ဆန္ဒပြမှုတစ်ခုကို လုံခြုံရေးတပ်ဖွဲ့တွေက ပစ်ခတ်နှိမ်နင်းတဲ့အတွက် ဆန္ဒပြသူအမျိုးသမီး ၃ ဦး သေဆုံးပြီး နောက်ထပ် အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၂ ဦးတို့ ထိခိုက် ဒဏ်ရာရခဲ့တဲ့ ဖြစ်ရပ်အပေါ် အစိုးရက ထိရောက်စွာ စုံစမ်းစစ်ဆေးမှု မရှိဘူးလို့ လူ့အခွင့်အရေး အထူးစုံစမ်း စစ်ဆေးရေးမှူး တောမတ်စ် အိုဟေး ကင်တားနား (Tomás Ojea Quintana) က ဝေဖန် ပြောဆိုလိုက်တာပါ။

ရခိုင်ပြည်နယ်အရေးကိစ္စမှာ အစိုးရဟာ ပြစ်မှုကျူးလွန်သူတွေကို အပြစ်ပေး အရေးယူမှု အားနည်းတာ၊ စုံစမ်းစစ်ဆေးမှု အားနည်းတွေတာကြောင့် ထိခိုက်နစ်နာတာတွေ ရှိနေတယ်လို့ မစ္စတာ ကင်တားနား က ပြောပါတယ်။

"ဒီဖြစ်ရပ်မှာဆိုရင် ရိုဟင်ဂျာ လူမှုအဝန်းအဝိုင်းကို ထိခိုက်နေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ အစိုးရမှာ တာဝန်ရှိပြီး ဒါဟာ နိုင်ငံတကာ လိုက်နာလုပ်ဆောင်ရမယ့် တာဝန်ပါ။ ဒီတာဝန်တွေကို လိုက်နာ လုပ်ဆောင်ဖို့ အရေးကြီးပြီး တကယ်တမ်း စုံစမ်း စစ်ဆေးဖို့ ညွှွန်းဆို ဖော်ပြထားတာမျိုး ရခိုင်ပြည်နယ် ပဋိပက္ခ စုံစမ်းစစ်ဆေးရဲ့ကော်မရှင်ရဲ့ အကြံပြုချက်တွေထဲမှာ ကျနော်တို့ မတွေ့ရပါဘူး။" လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က အကြမ်းဖက်မှုတွေအတွင်း နေအိမ်တွေ ဖျက်ဆီးခံခဲ့ရပြီးတဲ့နောက် ပရိန်ကျေးရွာမှာ အိုးအိမ်သစ်တွေ ပြန်ဆောက် ပေးဖို့ အဆိုပြုတဲ့နေရာအပေါ် ကန့်ကွက် ဆန္ဒပြကြတဲ့ လူအုပ်ထဲကို ရဲတပ်ဖွဲ့က ပစ်ခတ်ခဲ့ပြီးတဲ့နောက် အမျိုးသမီး သုံးဦး သေဆုံး ခဲ့ကြရတာဖြစ်တယ်လို့ ဇွန်လ ၁၁ ရက်နေ့စွဲနဲ့ မစ္စတာကင်တားနားရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အဲဒီကအခြေအနေကို အတိအကျသိရဖို့အတွက် မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးနဲ့ ရဲတပ်ဖွဲ့တို့ကို ဗွီအိုအေက ဆက်သွယ် မေးမြန်းခဲ့ပေမဲ့ တာဝန်ရှိသူတွေက ဖြေဆိုဖို့ ငြင်းခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တာဝန်ရှိသူအဆင့်ဆင့်က စုံစမ်းစစ်ဆေးမှုနဲ့ အပြစ်ပေးအရေးယူမှု ထိထိ ရောက်ရောက် မလုပ်တာနဲ့ပတ်သက်ပြီး အဓိကအားဖြင့် အချက်နှစ်ချက်ကို မစ္စတာ ကင်တားနားက ထောက်ပြပါတယ်။

"ပထမဆုံးအနေနဲ့ကတော့ စွမ်းဆောင်ရည် အားနည်းတယ်ဆိုတာ ရှင်းပါတယ်။ ဒါ့အပြင် ဒီနှစ်အတွင်း ကျနော် တွေ့ခဲ့ရတာက တော့ လုပ်ဆောင်လိုစိတ်လည်း အားနည်းတယ်ဆိုတာပါပဲ။ ရခိုင်ပြည်နယ်နဲ့ ပတ်သက်ရင် ဒီအချက်ကို ဒေသဆိုင်ရာအဆင့်မှာ ရှင်းရှင်းလင်းလင်း တွေ့ရသလို တချို့သော ပြည်ထောင်စုအစိုးရအဆင့် တာဝန်ရှိသူတွေဟာလည်း ရခိုင်ပြည်နယ်က မူဆလင် အဝန်းအဝိုင်းကို ဆန့်ကျင်ပြီး ဘာတွေဖြစ်နေတယ်ဆိုတာကို စုံစမ်းစစ်ဆေးချင်တဲ့ ဆန္ဒအားနည်းတာကို ကျနော်တွေ့ရပါတယ်။" လို့ မစ္စတာ ကင်တားနားကပြောပါတယ်။

ရခိုင်ပဋိပက္ခ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာ တစိတ်တပိုင်းကို သူ့အနေနဲ့ ထောက်ခံကြိုဆိုပေမဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေအတွင်း ဘာတွေ ဖြစ်ပျက်ခဲ့တယ်ဆိုတာကို စုံစမ်းစစ်ဆေးဖို့ အကြံပေးထားတာ မပါတဲ့အပေါ် သူ ဝေဖန်ခဲ့ပါတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်မှုဒဏ်ကို ကျယ်ကျယ်ပြန့်ပြန့် ခံစားခဲ့ကြရတာဟာ မူဆလင် အဝန်းအဝိုင်းသာမဟုတ်ဘဲ ရခိုင်လူမျိုးတွေဟာလည်း ထိခိုက်ခံစားခဲ့ကြရတယ်ဆိုတာကို သူထောက်ပြခဲ့ပါတယ်လို့လည်း ပြောပါတယ်။
မစ္စတာ ကင်တားနားဟာ ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့ဖူးသူဖြစ်ပြီး အဲဒီက လူမှုအဝန်းအဝိုင်း နှစ်ခုစလုံးနဲ့ တွေ့ဆုံမေးမြန်းတာတွေ လုပ်ခဲ့ဖူးသူပါ။

ဒါကြောင့်လည်း သူ့အနေနဲ့ အဲဒီကလူထုရဲ့ အမြင်သဘောထားနဲ့ ခံစားချက်တွေကို ကောင်းကောင်း နားလည်တယ်လို့ဆိုပါတယ်။ အဲဒီထဲမှာမှ တချို့သော ဒေသခံတွေဟာ ရခိုင်အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ လုပ်ကိုင်ဆောင်ရွက်ပုံတွေ၊ သူကိုယ်တိုင်ရဲ့ လုပ်ကိုင် ဆောင်ရွက်ပုံတွေအပေါ် အတော်လေး ဝေဖန်ပြောဆိုကြတယ်ဆိုတာကို သူ သိရှိနားလည်ထားပြီး ပဋိပက္ခဖြစ်တဲ့ အခြေအနေမျိုးမှာ ဒီလိုသဘောထားရှိကြတာကို နားလည်နိုင်ပါတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂအဖွဲ့ကို စပြီး တည်ထောင်ဖွဲ့စည်းချိန်ကတည်းက မြန်မာနိုင်ငံဟာ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပြီး ကုလသမဂ္ဂရဲ့ တစိတ်တပိုင်းဖြစ်တာကြောင့် ကုလသမဂ္ဂ သဘောတူစာချုပ်တွေကို လိုက်နာရမယ့် တာဝန်ရှိပါတယ်လို့ မစ္စတာ ကင်တားနားက ထောက်ပြပါတယ်။

"ပြဿနာက လူတွေဟာ အကြမ်းဖက်မှုတွေရဲ့ အကျိုးဆက်တွေကို ခံစားနေကြရပြီး ဒီအချိန်မှာ တာဝန်ရှိတာက အစိုးရပါပဲ။ ပထမဆုံးအနေနဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်အောင်၊ ဒုတိယအနေနဲ့ ကျနော့်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ပြောထားတဲ့အတိုင်း အလေးအနက်ထားပြီးတော့ စေ့စပ် စနစ်ကျစွာ စုံစမ်းစစ်ဆေးမှုလုပ်ပြီးတော့ ကျူးလွန်သူတွေကို အပြစ်ပေး အရေးယူဖို့ အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကို အစိုးရအနေနဲ့ ချမှတ်ဖို့ လိုပါတယ်။" လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။

ကုလသမဂ္ဂဟာ ရခိုင်ပြည်နယ်က လူမှုအဝန်းအဝိုင်းနှစ်ခုစလုံးကိုသာမကဘဲ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ် စသည်အားဖြင့် ဒေသအသီးသီးက ဘေးဒုက္ခရောက်နေသူတွေအတွက် လူသားချင်းစာနာမှု အကူအညီတွေကို ခွဲခြားမှုမရှိဘဲ ကူညီ ပေးအပ်နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးစုံစမ်း စစ်ဆေးရေးမှူး တောမတ်စ် အိုဟေး ကင်တားနားက ဗွီအိုအေနဲ့ သီးခြား ဆက်သွယ်မေးမြန်းခန်းအတွင်း အခိုင်အမာ ပြောခဲ့ပါတယ်။
XS
SM
MD
LG