သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ပြုပြင်ပြောင်းလဲမှု နိုင်ငံတကာအကူအညီပေးရေး Forum 2000 မှာ ဆွေးနွေး


ကရင်အမျိုးသမီး ဖွံ့ဖြိုးရေးအဖွဲ့ ဒါရိုက်တာ Susanna လှလှစိုး။ (ဓာတ်ပုံ - http://www.forum2000.cz/)
ကရင်အမျိုးသမီး ဖွံ့ဖြိုးရေးအဖွဲ့ ဒါရိုက်တာ Susanna လှလှစိုး။ (ဓာတ်ပုံ - http://www.forum2000.cz/)
ချက်ပြည်သူ့သမ္မတနိုင်ငံ Prague မြို့က Forum 2000 ညီလာခံမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က အဖွင့်မိန်းခွန်း ပြောကြားခဲ့သလို၊ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီးလည်း ပီပြင်တဲ့ အစိုးရကောင်းတရပ် ဖော်ဆောင်ရေးအကြောင်း လည်း ဒေါ်အောင်ဆန်းစုကြည်က အဓိကထား ဆွေးနွေးခဲ့ပါတယ်။ ဒီကနေ့မှာလည်း ဒေါ်အောင်ဆန်းစုကြည်က သတင်းစာရှင်းလင်းပွဲ ကျင်းပဖို့ ရှိပါတယ်။

ဒီနေ့ Forum 2000မှာ ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေတဲ့ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ဘယ်လို ကူညီထောက်ပံ့မှု ပေးမလဲ ဆိုတဲ့ ခေါင်းစဉ်နဲ့ မြန်မာနိုင်ငံက (Karen Women Empowerment Group) ကရင်အမျိုးသမီး ဖွံ့ဖြိုးရေးအဖွဲ့ ဒါရိုက်တာ ဒေါ် Susanna လှလှစိုးနဲ့ ကချင်အရေးလှုပ်ရှားသူ မခွန်ဂျာ တို့ကလည်း ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။

ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေတွေ၊ စိန်ခေါ်အကဲစမ်းမှုတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံကိုယ်စားပြု ဆွေးနွေးခဲ့သူ ဒေါ် Susanna လှလှစိုးကို မဆုမွန် က ဆက်သွယ်မေးမြန်းခဲ့ရာမှာ သူက အခုလို စဖြေပါတယ်။

“How International Community Can Support The Democracy Transition In Myanmar - ဒီ မြန်မာပြည်ရဲ့ ဒီမိုကရေစီပြောင်းလဲမှုမှာ အပြည်ပြည်ဆိုင်ရာတွေက ဘယ်လိုကူညီနိုင်မလဲပေ့ါ။ အပြည်ပြည်ဆိုင်ရာအနေနဲ့ မြန်မာဒီမိုကရေစီပြောင်းလဲမှုကို စိတ်ဝင်စားတာ ကျေးဇူးတင်တယ်။ သို့သော်လည်း ပြောင်းလဲမှုတွေက အခုမှ အစပဲရှိသေးတယ်။ အများကြီး ဖြတ်ကျော်ရဦးမယ်။ အခက်အခဲတွေလည်း အများကြီးရှိပါတယ်။”

“နောက် တချို့ Panelist တွေဆိုရင် သူတို့ နည်းနည်းလေး ဘယ်လိုပြောမလဲ ပွင့်ပွင့်လင်းလင်း ပြောတယ်ပေါ့နော် အစိုးရအပေါ်မှာ ပြည်သူလူထုက ယုံကြည်မှု အရမ်းကို နည်းနေတယ်။ အဲ့အချိန်မှာ အစိုးရကနေပြီးတော့ ဒီ International ကနေ အစိုးရဘက်ကို များများထောက်ခံမှု လုပ်ခြင်းအားဖြင့် ဒီဘက်က ဒီမိုကရက်တစ် အင်အားစုတွေက အရမ်းအားလျော့သွားပြီးတော့ မမျှတတဲ့ ကစားပွဲလိုမျိုး ဖြစ်သွားမယ်ဆိုပြီးတော့ အဲ့လိုမျိုးလည်း Very Strong Comment တွေ ပေးကြတယ်လေ။”

“နောက်ပြီးတော့ အန်တီတို့ ဘာထပ်ပြောလဲဆိုတော့ အပြည်ပြည်ဆိုင်ရာ ကူညီမှုတွေလာတဲ့အခါမှာ ပြည်တွင်းမှာရှိတဲ့ ကြီးမားသော အဖွဲ့အစည်းတွေသာမက တကယ့် ပြည်သူလူထုအတွက် အောက်ခြေမှာ လုပ်ပေးနေတဲ့ Civil Society တွေကိုလည်း ထည့်တွက်သင့်တယ်ပေါ့။ တခါတလေ ဟို Registration မရှိဘူး။ မှတ်ပုံတင်မရှိဘူး။ အဖွဲ့ကသေးတယ်။ စသည်ဖြင့်ပေါ့နော် လွတ်လွတ်သွားတယ်ပေါ့။ တကယ့်တကယ်မှာတော့ ပြည်သူလူထုထဲမှာနေပြီးတော့ အထူးသဖြင့်တော့ Ethnic Group တွေပေါ့နော် သူတို့ရဲ့ ပြည်သူလူထုကို သူတို့ဟာသူတို့ ရပ်တည်ပြီးတော့ ကူညီတာလေးတွေ ရှိတယ်။ အဲ့ဒါလေးတွေကို မလွတ်သွားအောင်ပေါ့နော်။ အဲ့ဒါလေးတွေကိုတော့ အန်တီတို့ ထောက်ပြခဲ့ပါတယ်။”

မေး။ ။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံအပေါ်မှာ ဘယ်လိုမျိုး ပုံစံသစ်နဲ့ ချဉ်းကပ်သင့်သလဲ ဆိုတာကိုရော အကြံပြု ဆွေးနွေးတာမျိုး ရှိပါလားရှင့်။
ဖြေ။ ။ “သုံးနေကြရှိတယ်မို့လား။ Stick and Carrot အခုက Carrot ကြီးပဲဖြစ်နေတယ်။ Stick က မလာဘူးပေါ့။ ဒုတ်ကမလာဘူး။ အကုန်လုံးက ကောင်းပါတယ်။ လုပ်ပါ။ အဲ့လိုမျိုးပဲဖြစ်နေတဲ့အခါမှာ ဒီ ပြောင်းလဲမှု အမှန်တကယ်က လမ်းလွဲသွားမှာစိုးတယ်။ အဲ့ဒါကြောင့်မို့လို့ အပြည်ပြည်ဆိုင်ရာကလည်း တကယ် ပြတ်ပြတ်သားသားနော် ပြင်းထန်တဲ့ သတင်းကို ပေးသင့်တယ်။ Strong Message ပေါ့။ ဥပမာအားဖြင့် ဒီ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ Communal Violence - ဘာသာရေးကို အခြေခံပြီးတော့ အကြမ်းဖက်မှုတွေဖြစ်တာ ဒါ လုံး၀ မဖြစ်သင့်ဘူး။"

"ဒါဟာ လုံး၀ တိုင်းပြည်ကို နောက်ကို ပြန်သွားစေတဲ့ အချက်တွေ၊ နောက်ပြီးတော့ Land Grabbing - မြေယာသိမ်းတဲ့ ကိစ္စတွေကလည်း တကယ်ပဲ များပြားနေတဲ့အခါမှာ ဒီ အခြေခံဥပဒေတို့၊ Law တို့ ဘာတို့တွေကို ပြင်ဖို့၊ နောက်ပြီးတော့ အခြေခံဥပဒေကို ပြင်ဆင်ရေးကော်မတီတော့ ဖွဲ့ပါရဲ့ အစိုးရက။ ဒါပေမဲ့ ဘာမှလုပ်တာကို မတွေ့ရဘူး။ အဲ့ဒါတွေကိုလည်း ကျမတို့ ထောက်ပြဖြစ်တယ်။ 2015 Election ပေါ့ ရွေးကောက်ပွဲမှာ တကယ်ပဲ Free and Fair ဖြစ်ဖို့၊ အစိုးရအနေနဲ့ ပွင့်လင်းမြင်သာတဲ့ လမ်းကြောင်းတွေ ချပြဖို့၊ အဲ့ဒါတွေ ကျမတို့ အပြည်ပြည်ဆိုင်ရာအဖွဲ့တွေကိုပေါ့နော် အစိုးရတွေကို ကျမတို့ ပြောပါတယ်။”

မေး။ ။ ဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ အဓိက ဘယ်အခန်းကဏ္ဍကို ပိုပြီးတော့မှ စိတ်ဝင်တစား ဆွေးနွေးကြပါသလဲရှင့်။
ဖြေ။ ။ “တက်ရောက်တဲ့သူတွေကတော့ ဥပမာအားဖြင့် သူတို့က နယ်စပ်မှာရှိတဲ့ အဖွဲ့တွေရော၊ ပြည်တွင်းမှာပြန်ဝင်ပြီးတော့ လုပ်လို့ရသလားပေ့ါနော်။ နောက်ပြီးတော့ တချို့ အမေရိကားက Professor တွေက ကျောင်းသားတွေ ပြည်တွင်းမှာပေါ့ ဒီ Civil Society နဲ့ အတူတကွပေါ့ စေတနာ့ဝန်ထမ်း လာလုပ်လို့ရသလား စသဖြင့် အဲ့လိုမေးခွန်းတွေ မေးတယ်။ Policy နဲ့ပတ်သက်ပြီးတော့ ဘယ်လိုလုပ်သင့်သလဲပေါ့။ Foreign Policy နဲ့ပတ်သက်ပြီးတော့ ဘယ်လိုလုပ်သင့်သလဲ အဲ့ဒါတွေကိုမေးတယ်။ နောက်ပြီးတော့ တချို့မီဒီယာတွေကလည်း မီဒီယာလွတ်လပ်ခွင့်တွေ အဲ့ဒါတွေကိုမေးပါတယ်။”

“ကျမတို့ Panelist က ဒေါ်ခွန်ဂျာဆိုရင်လည်း ကချင်မှာဖြစ်နေတဲ့ စစ်ပွဲအကြောင်းတွေကို သူက Power Point အနေနဲ့ ဓာတ်ပုံတွေနဲ့ ပြောပြတဲ့အခါမှာ ကျမထင်တယ်လေ အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းကလည်း ပိုပြီးတော့ နားလည်လိမ့်မယ်။ နောက်ပြီးတော့ အန်တီစုကိုယ်တိုင် လာအားပေးတယ်ပေါ့နော်။ အန်တီတို့ Panel ကိုလေ။ သူကိုယ်တိုင်ရှေ့ဆုံးမှာလာပြီးတော့ စိတ်ဝင်တစား လာပြီးတော့ နားထောင်တယ်။ ဒီ International ကို ပြောချင်တဲ့ Message ကလည်း သူကိုယ်တိုင်လည်းပဲ Decision Making လုပ်တဲ့အခါမှာ အန်တီတို့ရဲ့အသံကိုလည်း သူ နားထောင်မယ်လို့ အန်တီတို့ ယုံကြည်တယ်လေ။”
XS
SM
MD
LG