သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Malinowski နဲ့ VOA တွေ့ဆုံမေးမြန်းခန်း


ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski
ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski

ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski ဟာ မနေ့က အမေရိကန် နိုင်ငံခြားရေးဌာနကထုတ်ပြန်တဲ့ ၂၀၁၃ ခုနှစ် ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာဆိုင်ရာ သတင်းစာရှင်းလင်းပွဲကို နိုင်ငံခြားရေးဝန်ကြီး John Kerry နဲ့အတူ တက်ရောက်ခဲ့ပါတယ်။ သတင်းစာရှင်းလင်းပွဲအပြီးမှာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးကို VOA Mandarin ဌာနရဲ့ အမျိုးသမီး သတင်းထောက်က တွေ့ဆုံမေးမြန်းခွင့်ရခဲ့ရာမှာ မြန်မာနိုင်ငံမှာ လက်ရှိ ရင်ဆိုင်နရတဲ့ အဓိကပြဿနာတွေနဲ့ ပတ်သက်လို့ မေးခွန်းတချို့မေးခွင့်ခဲ့ရတာကို ဒေါ်လှလှသန်း ကပြန်လည်တင်ပြပေးထားပါတယ်။

မေး။ ။ ဗွီအိုအေနဲ့တွေ့မေးမြန်းခွင့်ပြုတဲ့အတွက် အထူးပဲကျေးဇူးတင်ပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ မေးချင်တာကတော့ အခြေအနေဟာ တိုးတက်ကောင်းမွန်လာခဲ့ခြင်းမရှိဘူးဆိုရင် အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒဏ်ခတ်အရေးယူမှုတွေ ပြုလုပ်နိုင်ဖွယ်တွေရှိပါသလား။ ရှိခဲ့ရင်လည်း ဘယ်လိုအရေးယူနိုင်မလဲဆိုတာကို သိပါရစေ။

Tom: ကျနော်တို့အနေနဲ့ မြန်မာအစိုးရကို ပြောခဲ့ပြီးဖြစ်ပါတယ်။ ၂ နိုင်ငံ ဆက်ဆံရေးဆက်လက်ကောင်းမွန်အောင် ဆောင်ရွက်ဖို့ ကျနော်တို့ဘက်ကလိုလားပါတယ်။ ဆက်ဆံရေးတိုးတက်အောင်လည်း ရှေ့ဆက်ဆောင်ရွက်သွားဖို့ တိုက်တွန်းခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမဲ့လို့လည်း မြန်မာနိုင်ငံမှာ အခြေအနေဟာ ဆိုရွားလာတယ်ဆိုရင် ကျနော်တို့ဘက်ကလည်း နောက်ပြန်ဆုတ်နိုင်ပါတယ်။ ဒါပေမဲ့ လောလောဆယ်မှာ အဲဒီအခြေအနေ မရောက်သေးဘူးလို့ပြောရမှာပါပဲ။

“လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဟာ သိပ်ကိုအဖြေရခက်တဲ့ မေးခွန်းတွေ အမေးခံနေရတဲ့အခြေအနေကို ရောက်နေပါတယ်။ အခြေခံကျတဲ့ ကိစ္စရပ်တွေဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအပြင် စစ်တပ်ရဲ့ အခန်းကဏ္ဍ၊ ၂၀၁၅ မှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတပါ့မလား၊ တိုင်းရင်းသားလူနည်းစုတွေနဲ့ ပြုလုပ်နေတဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုအခြေအနေ၊ ဒါတွေဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလမှာ မြန်မာနိုင်ငံက ရင်ဆိုင်နေရတဲ့အခြေအနေပါ။

“အစိုးရတွင်းမှာရော၊ အစိုးရပြင်ပမှာရော၊ ပြုပြင်ပြောင်းလဲရေးလိုလားသူတွေနဲ့ ကျနော်တို့ ထိတွေ့ဆက်ဆံပြီး ဒီဖော်ဆောင်မှုကို ရှေ့တိုးဆောင်ရွက်ဖို့ ဖိအားပေးတိုက်တွန်းခဲ့တာလည်းဖြစ်ပါတယ်။ အခုလို တိုက်တွန်းတဲ့အတိုင်းပဲလည်း အကောင်အထည် ပေါ်လာလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။

မေး။ ။ တခါတရံ မီဒီယာအနေနဲ့ အခြေအနေကို ပိုဆိုးလာအောင် လှုံ့ဆော်ပေးတယ်လို့ ပြစ်တင် ဝေဖန်ခြင်းခံရတာတွေ တွေ့ရပါတယ်။ ဒီအမြင်ကိုရော လက်ထောက်ဝန်ကြီးအနေနဲ့ သဘောတူပါသလား။

ဖြေ။ ။ ကမ္ဘာပေါ်ရှိတဲ့ တခြားနိုင်ငံတွေမှာလိုပဲ မြန်မာနိုင်ငံမှာလည်း တာဝန်မဲ့သတင်းဖော်ပြမှုတွေ ရှိတာ တွေ့ရပါတယ်။ ဒါပေမဲ့ ဘာသာရေး အကြမ်းဖက်မှု နောက်ကွယ်မှာလုပ်ဆောင်နေတာ၊ သတင်းမီဒီယာကမဟုတ်ဘဲ မြန်မာသမ္မတဦးသိန်းစိန်ပြောခဲ့တဲ့အတိုင်းပါပဲ။ မကြာသေးမီက မန္တလေးမှာဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုနောက်ကွယ်မှာ စနစ်တကျ စည်းရုံးလှုံ့ဆော်မှုရှိနေတာတွေ့ရပါတယ်။ ဒီအကြမ်းဖက်မှုကို ဘယ်သူတွေက ကျူးလွန်တယ်ဆိုတာကို ရှာဖွေဖော်ထုတ်ဖို့က အစိုးရရဲ့ တာဝန်ပါ။ လူတွေကို သတ်တာတွေ၊ နေအိမ်တွေကို မီးရှို့ခဲ့တာတွေကိုပေါ့ ။ သတင်းမီဒီယာကို အပြစ်မတင်သင့်ပါဘူး။

ဖြေ။ ။ နောက်ဆုံးမေးခွန်းပါ။ အင်တာနက်ပေါ်မှာ အမုန်းတရားပွါးစေတဲ့ ပြောဆိုရေးသားမှုတွေ ဖြစ်တဲ့ Hate Speech မျိုးကိုဟန့်တားပေးဖို့ ဒါမှမဟုတ်၊ ဟန့်တားရာမှာ မြန်မာအစိုးရကို အကူအညီပေးဖို့ အမေရိကန်အစိုးရအနေနဲ့ အစီအစဉ်ရှိပါသလား ။

ဖြေ။ ။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးလှုပ်ရှားသူအချို့အပေါ် အင်တာနက်ပေါ်ကနေ တိုက်ခိုက်မှုတွေ ပြုလုပ်နေတာ တွေ့နေရလို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ သိပ်ကို စိုးရိမ်မကင်း ဖြစ်မိပါတယ်။ တချို့ မျိုးချစ်ဝါဒီအုပ်စုတွေက မြန်မာနိုင်ငံမှာ စတင်ခဲ့တဲ့ ဘာသာရေး အမုန်းတရား ပွားစေတဲ့ လှုပ်ရှားမှုတွေကို ဒီခြိမ်းခြောက်ခံရတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ဆန့်ကျင် ပြောဆိုခဲ့ကြတာပါ။ လွန်ခဲ့တဲ့ သီတင်းပတ်အနည်းငယ်က ကျနော် မြန်မာနိုင်ငံကို ရောက်စဉ်က ပြည်ထဲရေးဝန်ကြီးဌာနအပါအဝင် မြန်မာအစိုးရကို ဒီ အင်တာနက် တိုက်ခိုက်မှုတွေ နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးပေးဖို့ တိုက်တွန်းပြောကြားခဲ့သလို ခြိမ်းခြောက်ခံကြရတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကိုလည်း အကာအကွယ်ပေးဖို့ ကျနော်တိုက်တွန်းခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ မြန်မာအာဏာပိုင်တွေဘက်က အကူအညီတောင်းခံလာခဲ့ရင် အမေရိကန်ပြည်ထောင်စုဘက်က ကူညီတုံ့ပြန်ဖို့ အဆင်သင့်ပါပဲ။

ဒေါ်လှလှသန်း တင်ပြပေးသွားတာပါ။ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေဝန်ကြီး Tom Malinowski ဟာ ဇွန်လ ၂၂ ကနေ ၂၈ အထိ မြန်မာနိုင်ငံကို သွားရောက်ခဲ့ပါတယ်။ နိုင်ငံခြားရေး၊ ကာကွယ်ရေးနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန တွေက အဆင့်မြင့် အရာရှိတွေ လိုက်ပါသွားတဲ့ အဲဒီခရီးစဉ်အတွင်း မွန်နဲ့ ကရင်ပြည်နယ်တို့အပြင် ရန်ကုန်နဲ့ နေပြည်တော်တို့လည်း သွားရောက်ခဲ့ပြီး ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး၊ တာဝန်သိ ရင်းနှီးမြှုပ်နှံမှုအပြင် လူ့အခွင့်ရေးနဲ့ ပတ်သက်ပြီး မြန်မာ စစ်ဖက် အဆင့်မြင့် အရာရှိတွေနဲ့ ဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲနဲ့ ပြုပြင်ပြောင်းလဲရေး ဖေါ်ဆောင်မှုတွေအကြောင်းကို ဒေသခံလူ့အဖွဲ့စည်းတွေ တိုင်းရင်းသားအဖွဲ့ တွေအပြင် ဒေါ်အောင်ဆန်းစုကြည် အပါဝင် နိုင်ငံရေးခေါင်းဆောင်တွေနဲ့ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ Mr. Malinowski ဟာ လက်ရှိ ရာထူးမှာ ဧပြီလကခန့်အပ်ခြင်းခံခဲ့ရပြီး အဲဒီမတိုင်ခင်က နယးူယောက်အခြေစိုက် လူ့အခွင်အ့ရေး အဖွဲ့ရဲ့ ဝါရှင်တန်ရုံးခွဲ ဒါရိုက်တာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG