သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ ဗွီအိုအေ သီးသန့်တွေ့ဆုံမေးမြန်းခန်း (ဒုတိယပိုင်း)


နိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဏမောင်လွင်နဲ့ ဗွီအိုအေ ဝိုင်းတော်သူ ဒေါ်ခင်စိုးဝင်း အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် သီးသန့် တွေ့ဆုံမေးမြန်းစဉ်။
နိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဏမောင်လွင်နဲ့ ဗွီအိုအေ ဝိုင်းတော်သူ ဒေါ်ခင်စိုးဝင်း အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် သီးသန့် တွေ့ဆုံမေးမြန်းစဉ်။
၂၀၁၄ ခုနှစ်မှာ အာစီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူရတော့မယ့် မြန်မာနိုင်ငံ ဟာ အာစီယံအသင်းကြီးကို ဦးဆောင်ဖို့ အဆင်သင့်ဖြစ်နေ ပါပြီလား၊ လျှပ်စစ်စွမ်းအင် အစရှိတဲ့ အခြေခံအဆောက်အဦ လိုအပ်ချက်တွေ အတွက် ပြည်သူ့ဘဏ္ဍာ တွေကို ထိုက်သင့်သလို အသုံးပြုနေပါရဲ့လား၊ နိုင်ငံခြားကမြန်မာသံရုံးတွေ အနေနဲ့ ပြည်ပရောက် ဒုက္ခရောက်နေ တဲ့ မြန်မာနိုင်ငံသားတွေကို ထိထိရောက်ရောက် လက်လှမ်းမှီအောင် ကူညီကြဖို့ကိုရော ညွှန်ကြားထားပါရဲ့လား၊ ဒီအကြောင်း အရာတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ရောက်ဖို့ နယူးရောက်မြို့ကိုရောက်ရှိ ခဲ့တဲ့ မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို ဒေါ်ခင်စိုးဝင်းက နယူးရောက်မြို့ မြန်မာအဖွဲ့ရုံးမှာ သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။

မေး။ ။ အခြေခံအဆောက်အဦးနဲ့ပတ်သက်ပြီးတော့ ပေးတဲ့စီမံကိန်းတွေ များသောအားဖြင့် ကမ္ဘာ့ဘဏ်ကနေ လာတာများပါတယ်။ အဲ့ဒီ့တော့ ကမာ့္ဘ့ဘဏ်နဲ့ ADBကလည်း မြန်မာနိုင်ငံရဲ့ လိုအပ်ချက်တခုဖြစ်နေတဲ့ လျှပ်စစ်စွမ်းအင် ဓာတ်အားနဲ့ ပတ်သက်ပြီးတော့ တော်တော်လေး ချေးငွေတွေ ချပေးတယ်။ Grant၊ ထောက်ပံ့ငွေတွေလည်း ပေးနေတာ တွေ့ရပါတယ်။ အဲ့ဒီ့တော့ မြန်မာနိုင်ငံနဲ့ ပတ်သက်လာလို့ရှိရင် အမြဲတမ်း သတင်းတွေ ထွက်လာလေ့ ရှိတာက အစိုးရမှာရော နိုင်ငံတော်ဘဏ္ဍာအဖြစ်နဲ့ ရှိနေတဲ့ငွေတွေ ရှိနေတယ်ဆိုတာ ပြောကြတာတွေရှိပါတယ်၊ ဝန်ကြီး။ နိုင်ငံခြားမှာ၊ နိုင်ငံခြား ဘဏ်တွေမှာ ထားတဲ့ မြန်မာအစိုးရပိုင်တဲ့ ဘဏ္ဍာတွေနဲ့ ပတ်သက်ပြီးတော့ ဒီလိုမျိုးနေရာတွေမှာ သုံးဖို့ ပေါ့။ ဥပမာ ဒေါ်လာ သန်းထောင်နဲ့ချီပြီးရှိတယ်ဆိုပြီး ဟိုတလောကပဲ အစိုးရပိုင်းက ပြောသွား တာရှိပါတယ်။ အဲ့တော့ အဲ့ဟာတွေကိုရော Infrastructure တွေမှာ ထည့်ပြီးတော့ သုံးဖို့စွဲဖို့ကို စီမံကိန်းတွေများ စဉ်းစားထားတာရှိပါလားရှင်။

ဖြေ။ ။ ဒီဥစ္စာတွေကတော့ Speculation တွေပေါ့နော်။ သက်ဆိုင်ရာ ဌာနတွေက ဒါကို ရှင်းပြီးဖြစ်ပါတယ်။ မြန်မာအစိုးရအနေနဲ့ကတော့ မိမိရဲ့ Resources တွေပေါ့။ ဆိုလိုတာက ကိုယ့်တိုင်းပြည်ထဲမှာ ကိုယ်ရှိနေတဲ့ ကိုယ့်ဘက်ဂျက်ထဲမှာ ခွဲဝေချထားမှုအပေါ်မှာပဲ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဦးစားပေးပြီးတော့ ငွေတွေသုံးစွဲ ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ အဲ့တော့ ဒီနယ်မြေ၊ ဒေသ၊ တိုင်း၊ပြည်နယ်အလိုက် လိုအပ်ချက်တွေကို အစိုးရက မိမိဘက်ဂျက်ထဲကနေ မိမိ မျှတစွာ ခွဲဝေ သုံးစွဲပြီးတော့ ဆောင်ရွက်နေ တာဖြစ်ပါတယ်။

မေး။ ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနဲ့ ဝန်ကြီးတို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီး Asean Foreign Ministers တွေ့တဲ့ အစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့ ဦးဆောင်မှု အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး ကျေးဇူးတင်ကြောင်းပြောသွားတာကြားပါတယ်။ အဲ့ဒီ့တော့ ၂၀၁၄ခုနှစ်ထဲမှာ မြန်မာနိုင်ငံက အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌလည်းဖြစ်တော့မယ်ဆိုတော့ ဝန်ကြီးအနေနဲ့က အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကို ဦးဆောင်ရတော့မှာပေါ့နော်။ အဲ့ဒီ့တော့ ဝန်ကြီး အဆင်သင့်ဖြစ်ပါပြီလားရှင့်။

ဖြေ။ ။ ကျနော်တို့ကတော့ အားလုံးအသင့်ပြင်ဆင်ထားပြီးပါပြီ။ အဲ့ဒီ့တော့ လာမယ့် အလှည့်ကျဥက္ကဋ္ဌ တာဝန် ထမ်းဆောင်တဲ့အခါမှာလည်း သိတဲ့အတိုင်းပဲ တနေ့ကပဲ အာဆီယံ-US ဝန်ကြီးများအဆင့် အစည်းအဝေးမှာ US နိုင်ငံခြားရေးဝန်ကြီး Secretary of State ကယ်ရီနဲ့ ကျနော်နဲ့ Co-Chair လုပ်ကြတယ်။ ဒီအာဆီယံ-US ဆက်ဆံရေးရဲ့ Coordinatorအဖြစ် လည်းမြန်မာက၂၀၁၅ အထိ ဆောင်ရွက်မှာဖြစ်တယ်။ ဖြစ်တဲ့ အတွက်ကြောင့် မို့လို့ လာမယ့်၂၀၁၄ခုနှစ် အတွင်းမှာရှိနေတဲ့ အာဆီယံ Activites တွေ၊ အထူးသဖြင့်ကတော့ Political and Security တွေကတော့ နိုင်ငံခြားရေးနဲ့ အဓိက သက်ဆိုင်တယ်။ အလားတူပဲ Summit ကြီးတွေ၊ နှစ်လည်မှာ လုပ်မယ့် AMMဒီလိုအစည်းအဝေးတွေမှာ ကျနော်က ဦးဆောင် လုပ်သွားရမှာဖြစ်တဲ့ အတွက် ကျနော်တို့ဘက်က အစစအရာရာ ပြင်ဆင်ထားပြီးဖြစ်ပါတယ်။

မေး။ ။ ဟုတ်ကဲ့။ ပြုပြင်ပြောင်းလဲရေးတွေ ရှေ့တိုးပြီး လုပ်လာတာနဲ့ အမျှ ပြည်ပမှာ ရှိတဲ့ မြန်မာသံရုံးတွေရဲ့ အခန်းကဏ္ဍပေါ့နော်။ ဝန်ကြီးလည်း ညွှန်ကြားထားတာ မကြာခဏ ကြားဖူးပါတယ်။ အဲ့တော့ မြန်မာသံရုံးတွေ ကနေပြီးတော့ ပြည်ပ ရောက် မြန်မာနိုင်ငံသားတွေကို အကူအညီပေးရမယ် ဆိုတဲ့ ဝတ္တရားတခုရှိပါတယ်။ တကယ်လည်း မြန်မာနိုင်ငံသား စစ်စစ်ဖြစ်တယ် ဆိုလို့ ရှိရင်ပေါ့နော်။ အခုဝန်ကြီး ခုနက ပြောသွားတဲ့ အထဲမှာလည်း ပါပါတယ်။ မြန်မာနိုင်ငံသားတွေဟာ ကိုယ်နဲ့မတန်၊ မရာအလုပ်တွေ နိုင်ငံခြားမှာ သွားလုပ်နေကြရတယ် ဥပမာဆိုလို့ရှိရင် မလေးရှားမှာရောက်နေ တဲ့ မြန်မာ အလုပ်သမားတွေ တော်တော်လေး ဒုက္ခရောက်ကြရပါတယ်။ ဒီလိုမျိုးဖြစ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီးတော့ သံရုံးတွေကို ဘယ်လိုများ ညွှန်ကြားထားပါလဲရှင်။

ဖြေ။ ။ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြည်ပမှာ ရောက်နေတဲ့ သံရုံးတွေရဲ့ ပင်မတာဝန်တစ်ခုထဲမှာ သူတို့ရောက်နေတဲ့ နိုင်ငံမှာ ရှိနေတဲ့ မြန်မာနိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးဖို့ဆိုတဲ့ အဓိက တာဝန်တခုပါပါတယ်။ ပါတဲ့အတွက် သက်ဆိုင်ရာ နိုင်ငံမှာ အခြေစိုက်ပြီးတော့ နိုင်ငံတော်ကို ကိုယ်စားပြုနေတဲ့ သံရုံးတွေက ကိုယ့်နိုင်ငံသားတွေ၊ အခက်အခဲဖြစ်တယ်၊ အကျပ်အတည်းဖြစ်တယ်ဆိုရင်တော့ အပြည့်အဝ ကူညီရမယ့် အနေအထားဖြစ်ပါတယ်။ ကူညီဖို့လည်း အားလုံးကို လမ်းညွှန်ထားတယ်။ ညွှန်ကြားချက်တွေလည်း ပေးထားပြီးသားဖြစ်ပါတယ်။ တချို့ကိစ္စရပ်တွေကတော့ တခါတလေ ဝေးလံခေါင်ပါးတဲ့ဒေသ ဥပမာ သံရုံးစိုက်တာ နိုင်ငံတစ်နိုင်ငံမှာ စိုက်ပေမဲ့ သံရုံးက မြို့တော်မှာပဲ ရှိတာကိုး။

မြို့တော်နဲ့ အလှမ်းဝေးတဲ့နေရာမှာရှိနေတဲ့၊ ဒုက္ခရောက်နေတဲ့သူတွေက ရုတ်တရက် ဆက်သွယ်လာတယ်ပြုလာတယ်။ သံရုံးက လုပ်တော့လုပ်ပေးတယ်။ သို့သော် သူတို့ကိုယ်တိုင် မြို့တော်ကို လာရောက်ပြီးမှ တွေ့ရမယ့် ကိစ္စတွေရှိတယ်။ ဥပမာ သူတို့ကိုယ်တိုင် လာပြီးမှ ရှင်းလင်းပြောရမယ့် အဆင့်တွေရှိတယ်။ ဒီလိုဟာမျိုးတွေမှာ တခါတလေ သူတို့ကလည်း မလာနိုင်၊ ကိုယ်ကလည်း ချက်ခြင်းလက်ငင်းသွားဖို့ မဖြစ်နိုင် ၊ ဒီလိုနေရာမှာ တခါတလေ ကြန့်ကြာမှုလေးတွေ ရှိတာပါ။ သံရုံးကိုရောက်လာပြီဆိုရင်တော့လည်း၊ ဒီမြို့တော်ကို ရောက်လာပြီဆိုရင်တော့ လည်း ဖြစ်လာတဲ့ အခက်အခဲရှိလာတဲ့သူတွေကို ချက်ခြင်းဆောင်ရွက်ပေးဖို့ ပြောပြီးဖြစ်ပါတယ်။

တခါတလေ ဝေးလံခေါင်းပါးတဲ့နေရာမှာ ဖြစ်နေသည့်တိုင်အောင် မြန်မာသံရုံးက ရှိတဲ့အင်အားနဲ့ သက်ဆိုင်ရာ အရာရှိတွေကို အကူအညီစေလွှတ်ပြီးတော့ လိုအပ်တဲ့ကိစ္စတွေကို ကူညီဖြေရှင်းပေးနေတာဖြစ်ပါတယ်။ သို့သော် တချို့နေရာတွေမှာက ရောက်နေတဲ့ သူတွေက တော်တော်လေး များတယ်။ ရောက်နေတဲ့သူတွေမှာလည်း တချို့က တရားဝင် လုပ်ငန်း ၊ အဖွဲ့၊ တရားဝင် လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ တရားဝင်နိုင်ငံကူးလက်မှတ်တွေ ကိုင်ဆောင်ပြီး သွားနေတဲ့သူတွေရှိသလို တချို့ကျတော့လည်း ကိုယ့်နည်း ကိုယ့်ဟန်နဲ့ နည်းလမ်းအမျိုးမျိုးနဲ့ရောက်နေတဲ့အခါမှာ ခိုင်မာတဲ့ Documents တွေရှိဖို့ လိုတာဖြစ်တယ်။

ကိုယ့်နိုင်ငံသား တကယ်မှန်ရော မှန်ရဲ့လားဆိုတာ စစ်ဆေးရမယ့် အခြေအနေတွေရှိတယ်။ ဒါတွေကျတော့ Verification လုပ်ဖို့အတွက်ကို အချိန်နည်းနည်းယူရတာရှိပါတယ်။ ပြီးတော့ လူတွေကလည်းအမျိုးမျိုးပေါ့နော်။ လူတွေက အမျိုးမျိုးဆိုတဲ့နေရာမှာ ကိုယ်က မြန်မာလို့ပြောလိုက် တာနဲ့ မြန်မာဆိုတာ မြန်မာစကားပြောတတ်ပြီးတော့ မြန်မာလို နေရာဌာနနဲ့ နေရပ်ဒေသ ကို တိတိကျကျပြောလိုက်လို့ ဒီဘက်က ပြန်စုံစမ်းလိုက်လို့ ဒီဥစ္စာက မြန်မာနိုင်ငံသား မှန်တယ်ဆိုရင် ပြဿနာ မရှိသော် လည်း မြန်မာစကား လည်း မပြောတတ်ဘူး။ ဘယ်နေရာမှာ နေခဲ့တယ် ဆိုတာ လည်း မပြောနိုင်ဘူး။ ပြောတော့ သူ့ကိုယ်သူ မြန်မာလူမျိုး လို့ပြောနေတယ် ဆိုရင် ဒီလိုလူမျိုးတွေကျတော့ Verification လုပ်ရတဲ့ Process က ကြာတာပေါ့။

ဒီဟာလေးကိုတော့ ပြည်ပမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ ဒါလေးကို နားလည်ပေးဖို့ လိုပါတယ်။ အဲ့ဒီ့တော့ အခက်အခဲ အကျပ်အတည်းရှိတယ်ဆိုရင် အခုဆိုရင် ပိုလို့တောင် လွယ်နေပါပြီ။ တယ်လီဖုန်းရှိတယ်။ Email ရှိတယ်။ တိတိကျကျနဲ့ အခြေအနေလေးကို ရှင်းပြပြီးတော့ အကူညီတောင်းခံမယ်ဆိုရင် မည်သည့်သံရုံးကမဆို ချက်ခြင်း လက်ငင်းကူညီဆောင်ရွက်ပေးဖို့ ဒါညွှန်ကြားထားပြီးဖြစ်ပါတယ်။

မေး။ ။ဟုတ်ကဲ့။ ကျေးဇူးအများကြီးတင်ပါတယ် ဝန်ကြီး။

ဖြေ။ ။ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။
XS
SM
MD
LG