အီရန်နိုင်ငံမှာ သူ့ကို အတင်းအဓမ္မပြုကျင့်ဖို့ကြိုးစားတယ်ဆိုတဲ့ အမျိုးသားတဦးကိုသတ်ခံတဲ့အမှုနဲ့ လွန်ခဲ့တဲ့ ငါးနှစ်ကတည်းက သေဒဏ်ချခံထားရတဲ့
အမျိုးသမီးကို ဒီကနေ့ စနေနေ့မှာ ကြိုးပေးကွပ်မျက်လိုက်ပါတယ်။ Reyhaneh Jabbari ကိုကွပ်မျက်လိုက်တဲ့သတင်းကို အီရန်အစိုးရရဲ့ IRNA သတင်းအေဂျင်စီက ထုတ်ပြန်ခဲ့ပါတယ်။
အင်မတန်မှ အားနည်းချို့ယွင်းမှုတွေရှိနေတယ်ဆိုတဲ့ အမှုလို့ AI နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးက ဝေဖန်ခဲ့တဲ့အမှု စစ်ဆေး စုံစမ်းမှုကနေ Reyhaneh Jabbari ကို အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့တာပါ။ သူ့ကို အဓမ္မ ပြုဖို့ ကြိုးစားတယ်လို့ဆိုတဲ့ ထောက်လှမ်းရေးအရာရှိဟောင်း Morteza Abdolali Sarbandi ကို Reyhaneh Jabbari က သတ်ခဲ့တာဖြစ်ပါတယ်။
Jabbari ရဲ့ မိခင်က သူ့ကို သောကြာနေ့က ၁ နာရီ တွေ့ဆုံခွင့်ရခဲ့ပါတယ်။ အီရန်နိုင်ငံမှာ ကွပ်မျက်ခံရမယ့်သူတွေကို ခုလို မိသားစုဝင်တွေနဲ့ တွေ့ဆုံခွင့် ပေးတဲ့ ထုံးစံရှိပါတယ်။ Sarbandi မိသားစုက Jabbari ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့၊ ဒါမှမဟုတ် ငွေကြေးအရ လျော်ကြေးပေးတာကိုလက်ခံဖို့ ငြင်းဆန်ပြီးနောက် အခုလို ကွပ်မျက်လိုက်တာ ဖြစ်ပါတယ်။
Jabbari အပေါ် သေဒဏ်စီရင်ချက်ကို လူ့အခွင့်အရေးအဖွဲ့တွေက ဆိုင်းငံ့ထားဖို့ အီရန် တရားရေးတာဝန်ရှိသူတွေကို တောင်းဆိုနေတဲ့ကြားက အခုလို ကြိုးပေးကွပ်မျက်ခဲ့တာ ဖြစ်ပါတယ်။