သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယားစစ်ဆေးမှုတချို့ အီရန်ဘာသာရေးခေါင်းဆောင်လက်မခံ


အီရန်ဘာသာရေးခေါင်းဆောင် Ayatollah Ali Khamenei
အီရန်ဘာသာရေးခေါင်းဆောင် Ayatollah Ali Khamenei

အီရန်နျူကလီးယားအရေး ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ သဘောတူညီချက်မှာ နိုင်ငံတကာ စုံစမ်းစစ်ဆေးသူတွေ အီရန်သိပ္ပံပညာရှင်တွေနဲ့ တွေ့ဆုံခွင့်၊ စစ်စခန်းတွေကို သွားရောက်ခွင့် မပေးနိုင်ဘူးလို့ အီရန်ဘာသာရေးခေါင်းဆောင် Ayatollah Ali Khamenei က ပြောဆိုလိုက်ပါတယ်။ တခြားအလွန်အကျွံ တောင်းဆိုမှုတွေကိုလည်း လက်ခံမှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့တာပါ။

အီရန်နိုင်ငံနဲ့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှား၊ တရုတ်၊ ဂျာမနီနိုင်ငံတို့က စေ့စပ်ညှိနှိုင်းသူတွေကတော့ အီရန်နိုင်ငံရဲ့ နျူကလီးယား အစီအစဉ်တွေကို လျှော့ချပြီး၊ အပြန်အလှန်အနေနဲ့ အနောက်နိုင်ငံတွေရဲ့ အရေးယူ ဒဏ်ခတ်မှုတွေကို လျှော့ချဖို့ နောက်ဆုံး သဘောတူညီချက် အသေးစိတ် ရေးဆွဲနိုင်ရေး ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။

အခြေခံလုပ်ငန်းစဉ် မူဘောင်တရပ်ကိုတော့ ပြီးခဲ့တဲ့ လထဲမှာပဲ သဘောတူညီမှု ရခဲ့ကြသလို၊ ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး သဘောတူညီချက် ရရှိနိုင်ဖို့လည်း ရည်မှန်းထားကြတာပါ။ အီရန်နဲ့ အနောက်အုပ်စုနိုင်ငံတွေက ကျွမ်းကျင်သူတွေရဲ့ ဆွေးနွေးပွဲတွေကိုတော့ သြစတြီးယားနိုင်ငံ ဗီယမ်နာမြို့မှာ ဒီကနေ့လည်း ဆက်လက် ပြုလုပ်ခဲ့ကြပါတယ်။

အီရန်နိုင်ငံကတော့ သူ့ရဲ့ နျူကလီးယား အစီအစဉ်တွေဟာ ဆေးဘက်ဆိုင်ရာ သုတေသနနဲ့ စွမ်းအင်ထုတ်လုပ်ရေးအတွက် ငြိမ်းချမ်းတဲ့ ရည်ရွယ်ချက်နဲ့သာ ဖြစ်တယ်လို့ ပြောဆိုထားပြီး နျူကလီးယားလက်နက် ထုတ်လုပ်ဖို့ မဟုတ်ဘူးလို့လည်း ပြောဆိုထားတာပါ။

XS
SM
MD
LG