သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်နျူကလီးယားလုပ်ငန်းတွေ စစ်ဆေးခွင့်ပြုဖို့ IAEA တောင်းဆို


နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ IAEA အကြီးအကဲ Yukiya Amano (၄ မတ်လ ၂၀၁၃)
နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ IAEA အကြီးအကဲ Yukiya Amano (၄ မတ်လ ၂၀၁၃)
အီရန်နိုင်ငံက နျူကလီးယားလက်နက် ထုတ်လုပ်နေတယ်ဆိုပြီး သံသယ ရှိနေတဲ့ အရေးကိစ္စအပေါ် ထပ်မံ ဖိအားပေးတဲ့အနေနဲ့ ကုလသမဂ္ဂရဲ့ နိုင်ငံတကာ အနုမြူ စွမ်းအင်အေဂျင်စီ IAEA ရဲ့ အကြီးအကဲက သူ့ရဲ့ စုံစမ်းစစ်ဆေးရေးမှူးတွေကို အရေးပါတဲ့ အီရန် စစ်တပ်အခြေစိုက် စခန်းတွေကို စစ်ဆေးကြည့်ရှုခွင့်ပြုဖို့ အီရန်အစိုးရကို ထပ်မံ တောင်းဆိုလိုက် ပါတယ်။

တနင်္လာနေ့ ဗီယာနာမြို့မှာ ကျင်းပတဲ့ IAEA အဖွဲ့ရဲ့ အုပ်ချုပ်ရေးမှူးများ ညီလာခံမှာ အဖွဲ့ရဲ့ အကြီးအကဲ ယူကီယာ အာမာနို (Yukiya Amano) က အခုလို တောင်းဆိုလိုက်တာပါ။ ဒီအဖွဲ့မှာ နိုင်ငံပေါင်း ၃၀ ပါဝင်ပါတယ်။

အီရန်နိုင်ငံဘက်က ပူးပေါင်းဆောင်ရွက်မှု မရှိရင် သူ့ရဲ့အဖွဲ့အနေနဲ့ အီရန်နိုင်ငံအတွင်း က နျူကလီးယား ထုတ်လုပ်ဖို့ ဆောင်ရွက်နေတဲ့ ပစ္စည်းကိရိယာတွေဟာ ငြိမ်းချမ်းစွာ အသုံးပြုဖို့အတွက် လုပ်ဆောင်နေတာ ဖြစ်တယ်ဆိုပြီး ကောက်ချက်ချဖို့ရာ မဖြစ်နိုင်ဘူးလို့ သူက ပြောပါတယ်။

အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ (John Kerry) က ဆော်ဒီအာရေဗျနိုင်ငံမှာ တနင်္လာနေ့က ပြောဆိုလိုက်တဲ့ မှတ်ချက်နဲ့ အလားတူပဲ အီရန်နိုင်ငံအနေနဲ့ ရှေ့ဆက် လုပ်ဆောင်ရမယ့် ညှှိနှိုင်းမှုတွေကို အရေးပေါ် ကိစ္စရပ်တခုလို သဘောထားပြီး လုပ်ဆောင်ရလိမ့်မယ်လို့ IAEA အကြီးအကဲက ပြောဆိုလိုက်ပါတယ်။

အီရန်နျူကလီးယား အစီအစဉ်နဲ့ပတ်သက်ပြီး ခါဇက်စတန်နိုင်ငံမှာ ပြုလုပ်တဲ့ နောက်ဆုံး တွေ့ ဆုံပွဲဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ပြီးဆုံးခဲ့ပြီး၊ နောက်ထပ် ထပ်မံတွေ့ဆုံကြဖို့ လိုတယ်ဆိုတဲ့ သဘောတူညီမှုပဲ ရရှိခဲ့ပါတယ်။

အဲ့ဒီဆွေးနွေးပွဲကို အီရန်အစိုးရ တာဝန်ရှိသူတွေနဲ့ P5+1 လို့ခေါ်တဲ့ ဗြိတိန်၊ အမေရိကန်၊ တရုတ်၊ ဂျာမဏီ၊ ပြင်သစ်၊ ရုရှား အစရှိတဲ့နိုင်ငံတွေက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပြီး ဘာမှ ရေရေ ရာရာရှိတဲ့ အဖြေ ထွက်ပေါ်မလာခဲ့ပါဘူး။
XS
SM
MD
LG