သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်နျူကလီယား ဆွေးနွေးပွဲ ရလဒ်ကောင်းနဲ့ အဆုံးသတ်


အီရန်နိုင်ငံက နျူကလီးယားစက်ရုံများ။
အီရန်နိုင်ငံက နျူကလီးယားစက်ရုံများ။
အီရန်နိုင်ငံရဲ့ နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်လို့ ကမ္ဘာ့ အင်အားကြီး နိုင်ငံတွေ နဲ့ ဆွေးနွေးမှုမှာ အရင်တုန်းက သဘောမတူခဲ့တဲ့ အချက်တွေ အားလုံးကို အဖြေရှာ ဆွေးနွေးနိုင်ခဲ့တယ်လို့ အီရန်နျူကလီးယား စေ့စပ် ညှိနှိုင်းရေး ဒုတိယအကြီးအကဲ Abbas Araqchi က ပြောလိုက်ပါ တယ်။ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂ နိုင်ငံတွေက ကိုယ်စားလှယ်တွေနဲ့ အီရန်အစိုးရတို့ ဂျနီဗာမြို့မှာ နှစ်ရက်ကြာ ဆွေးနွေးမှုတွေ လုပ်ခဲ့ပြီးတဲ့နောက် နှစ်ရက်အကြာ သောကြာနေ့မှာပဲ Abbas Araqchi က အီရန်အစိုးရရုပ်မြင်သံကြားကနေတဆင့် ပြောကြားသွားတာပါ။

အခု သဘောတူညီချက် နောက်ဆုံး အတည်မဖြစ်ခင်မှာတော့ အီရန်နဲ့အတူ နျူကလီးယားအရေး ဆွေးနွေးပွဲမှာ ပါဝင်တဲ့ ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံက ထောက်ခံပေးရမှာဖြစ်ပါတယ်။ ဒီနိုင်ငံတွေထဲမှာတော့ အမေရိကန်ပြည်ထောင်စု၊ ရုရှား၊ တရုတ်၊ ပြင်သစ်၊ ဗြိတိန် နဲ့ ဂျာမဏီ နိုင်ငံတွေ ပါဝင်ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Jen Psaki က ဒီသဘောတူညီချက်ကို ဘယ်အချိန်မှာ စတင် အကောင်အထည် ဖော်နိုင်မလဲ ဆိုတာနဲ့ ပတ်သက်လို့ ခန့်မှန်း မပြောချင်ပေမဲ့၊ အမေရိကန်အနေနဲ့ကတော့ အမြန်ဆုံး စတင်တာကို မြင်ချင်တဲ့အကြောင်း ဒီသီတင်းပတ် အစောပိုင်းမှာ ပြောခဲ့ပါတယ်။

နှစ်ဘက်အဖွဲ့တွေဟာ နောက်ဆုံး ကျန်နေတဲ့ အကြောင်းအရာ အနည်းငယ်အပေါ်မှာ ညှိနှိုင်းဆွေးနွေးနေကြတယ်လို့လည်း သူက ပြောခဲ့တာပါ။ အီရန် နျူကလီးယားအရေး သဘောတူညီမှုဟာ ၆ လတာ သဘောတူညီချက်ပဲ ဖြစ်ပါတယ်။ နှစ်ဘက် အဖွဲ့တွေအနေနဲ့ ပိုပြီးတော့ ပြည့်စုံတဲ့ စာချုပ်တခု လက်မှတ်ရေးထိုးနိုင်ဖို့ ကြိုးစားနေတဲ့တပြိုင်တည်းမှာ ဒီသဘောတူညီချက်တွေကို ညှိနှိုင်း အဖြေရှာသွားဖို့ပဲ ဖြစ်ပါတယ်။
XS
SM
MD
LG