သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယားအရေး ဆွေးနွေးဖို့ အီရန်သမ္မတကမ်းလှမ်း


အီရန်နိုင်ငံမှာ ဒီသီတင်းပတ်ထဲ ကျမ်းသစ္စာကျိန်ဆိုပြီး တက်လာတဲ့ သမ္မတ Hassan Rouhani က အီရန်ရဲ့ နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်လို့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ လေးလေးနက်နက် ဆွေးနွေးဖို့ အသင့်ရှိတဲ့အကြောင်း ပြောလိုက်ပါတယ်။

ကမ္ဘာကို လေးလေးစားစား ထိတွေ့ဆက်ဆံဖို့နဲ့ နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်လို့ ဆွေးနွေးညှိနှိုင်းဖို့ အီရန်နိုင်ငံက သန္ဓိဌာန် အခိုင်အမာ ချထားတဲ့အကြောင်း သမ္မတအဖြစ် တာဝန်ယူပြီးနောက် ပထမဆုံးအကြိမ်အဖြစ် အင်္ဂါနေ့က ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောဆိုလိုက်တာပါ။

အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေနဲ့ အစ္စရေးလ်တို့ကတော့ အီရန်ဟာ နျူကလီးယား လက်နက်ထုတ်လုပ်ဖို့ ကြိုးစားနေတယ်လို့ သံသယ ရှိနေကြတာဖြစ်ပြီး၊ အီရန်နိုင်ငံကတော့ စွပ်စွဲချက်ကို ငြင်းဆန်ထားတာ ဖြစ်ပါ တယ်။

အမေရိကန် သမ္မတ အိမ်ဖြူတော် ပြောခွင့်ရ ဂျေးလ် ကာနေး (Jay Carney) ကတော့ အီရန်အနေနဲ့ နျူကလီးယား လုပ်ငန်းတွေဟာ ငြိမ်းချမ်းတဲ့ အစီအစဉ်တွေ ဖြစ်တယ်ဆိုတာကို သက်သေပြချင်တယ် ဆိုရင်တော့ ရှင်းပြနိုင်မယ့် နည်းလမ်းမျိုးနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကြား ပြန်လည် ဝင်ရောက်ပြီး အထီးကျန်ဖြစ်ရတဲ့အတွက် ရင်ဆိုင်နေရတဲ့ ဝန်ထုပ်ဝန်ပိုးတွေ ကို လျှော့ချနိုင်မယ့် အခွင့်အလန်းတရပ် ရှိနေတဲ့အကြောင်း ပြောဆိုထားတာပါ။

အီရန် သမ္မတကတော့ အမေရိကန် ပြည်ထောင်စုက အပြန်အလှန် လေးစားပြီး စိတ်စေတနာကောင်းကောင်းနဲ့၊ တခြားရည်ရွယ်ချက်တွေ မပါတဲ့ တန်းတူညီမျှ နည်းလမ်းမျိုးကသာ အကောင်းဆုံး ဖြစ်တဲ့အကြောင်း Twitter အင်တာနက် လူမှုကွန်ရက်ကတဆင့် ပြောဆိုခဲ့ပါတယ်။
XS
SM
MD
LG