သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန် - အမေရိကန် အကျဉ်းသားလဲလှယ်


အီရန်နဲ့ အနောက်အုပ်စု အင်အားကြီးနိုင်ငံတွေအကြား Vienna မြို့မှာ နျူကလီးယားသဘောတူညီချက်မရခင် အီရန်နဲ့ အမေရိကန်အကြား အကျဉ်းသားလဲလှယ်ရေး ရှုတ်ထွေးတဲ့ သဘောတူညီချက် ရရှိလိုက်တဲ့အတွက် စနေနေ့မှာ နှစ်နိုင်ငံစလုံးက အကျဉ်းသားတွေကို အပြန်အလှန် လွှတ်ပေးခဲ့ကြပါတယ်။

ပြန်လည်လွတ်မြောက်လာတဲ့ အမေရိကန်နိုင်ငံသားတွေထဲ အီရန်က သူလျှိုမှုနဲ့ ပြစ်ဒဏ်စီရင်ခံရပြီး ရက်ပေါင်း ၅၀၀ ကျော် ထိန်းသိမ်းခံထားရတဲ့ Washington Post သတင်းစာရဲ့ အီရန်ဆိုင်ရာ သတင်းထောက် Jason Rezaian လည်း ပါဝင်ပါတယ်။ သူ့အပေါ် တင်ထားတဲ့ အဲဒီစွဲချက်ဟာ မမှန်ကန်ကြောင်း အမေရိကန်အစိုးရ၊ သူ့ရဲ့ အလုပ်ရှင်နဲ့ မိသားစုတွေက ငြင်းဆိုထားပါတယ်။

တခြား ပြန်လွတ်လာသူတွေထဲမှာ ခရစ်ယာန် တရားဟောဆရာတဦးနဲ့ အီရန်နွယ်ဖွား အမေရိကန်နိုင်ငံသား မရိန်းတပ်ဖွဲ့ဝင်တဦးတို့လည်း ပါဝင်ပါတယ်။ အီရန်ဘက်က စုစုပေါင်း အကျဉ်းသား ၅ ဦး လွှတ်ပေးရမှာဖြစ်တဲ့အကြောင်း အမေရိကန်အရာရှိတွေက ပြောပါတယ်။

အီရန်နဲ့ ရရှိထားတဲ့ နျူကလီးယားသဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ Vienna မြို့ရောက်နေကြတဲ့ သံတမန်တွေက ပြင်ဆင်နေကြတဲ့အချိန် ၁၄ လကြာ ဆွေးနွေးခဲ့ကြတာရဲ့ ရလဒ်အဖြစ်နဲ့ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း အကျဉ်းသားလဲလှယ်ရေး သဘောတူညီချက် ရရှိလိုက်တာလို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။
အမေရိကန်ဘက်က အီရန်အကျဉ်းသား ၇ ဦးကို လွှတ်ပေးမှာဖြစ်ပြီး အဲဒီလူတွေဟာ အကျဉ်းထောင်ထဲမှာ ရှိနေပြီးသားသူတွေ၊ ဒါမှမဟုတ် အီရန်အပေါ် ချမှတ်ထားတဲ့ပိတ်ဆို့ အရေးယူမှုတွေကို ချိုးဖောက်တဲ့သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ဝါရှင်တန်ဒီစီမြို့မှာ ထုတ်ပြန်တဲ့ အကျဉ်းရုန်း ကြေညာချက်မှာ တခြား အီရန်နိုင်ငံသား ၇ ဦးကို ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးပြီး အမေရိကန်နိုင်ငံအပြင်မှာ ရှိနေသူ ၁၄ ဦးကို တင်ထားတဲ့ စွဲချက်တွေကို ပြန်လည် ရုပ်သိမ်းလိုက်ကြောင်း ဖော်ပြထားပါတယ်။
အီရန်နဲ့ အကျဉ်းသားလဲလှယ်ရေး သဘောတူညီချက် ရရှိခဲ့ကြောင်း ၊ ဒီ သဘောတူညီချက်ဟာ ဖမ်းဆီးခံထားရတဲ့ အကျဉ်းသားတွေ ပြန်လွတ်ရေးအတွက် ရည်ရွယ်ပြီး အီရန်ဆောက်ထားတဲ့ သံတမန် ဆက်ဆံရေး လမ်းကြောင်းအရ ရရှိခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနကလည်း ကြေညာချက် ထုတ်ပြန်ပါတယ်။

XS
SM
MD
LG