သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ်အကြမ်းဖက်မှု တရက်တည်း ၁၀၀ ကျော်သေဆုံး


အီရတ်နိုင်ငံမှာ ဗုဒ္ဓဟူးနေ့ကဖြစ်ပွားတဲ့ အကြမ်းဖက်မှုတွေကြောင့် အရပ်သားတွေနဲ့ အစ္စလာမ်အစွန်းရောက် တိုက်ခိုက်ရေးသမားတွေ အပါအဝင် သေဆုံးသူ ၁၀၀ ကျော် ရှိခဲ့ပါတယ်။ Baghdad မြို့တော်ထဲက လူစည်ကားတဲ့ ဈေး ၂ ခုမှာ ကားထောင်ဗုံးတွေ ပေါက်ကွဲခဲ့လို့ ၄၇ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။

ရှီယာမူဆလင်တွေ အများစုနေကြတဲ့ Sadr City ရပ်ကွက်မှာ ပေါက်ကွဲမှုတခုဖြစ်ခဲ့ပြီး ဒုတိယပေါက်ကွဲမှုက အနားမှာရှိတဲ့ Ur ရပ်ကွက်မှာ ဖြစ်ပါတယ်။ သူပုန်တွေထိန်းချုပ်ထားတဲ့ Mosul မြို့က အဆောက်အဦးတခုအပေါ် ဗုဒ္ဓဟူးနေ့ကပဲ လေကြောင်းကနေ တိုက်ခိုက်မှုမှာ အစွန်းရောက်သမား ၆၀ သေဆုံးခဲ့တယ်လို့ အီရတ်စစ်တပ် တာဝန်ရှိသူတွေက ပြောပါတယ်။

သူပုန်တွေက ခုံရုံးနဲ့ အချုပ်စခန်းအဖြစ် အသုံးပြုနေတဲ့ အကျဉ်းထောင်အပေါ် ပစ်မှတ်ထားခဲ့ပုံ ရပါတယ်။ သူပုန်တွေဖမ်းထားသူ ၃၀၀ လောက် လွတ်မြောက်ခဲ့တယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီတိုက်ခိုက်မှုအတွင်း အရပ်သားတွေ သေဆုံးမှု ရှိ မရှိ ဆိုတာ သေသေချာချာ မသိရပါဘူး။

အီရတ်နိုင်ငံ မြောက်ပိုင်းနဲ့ ဆီးရီးယားဒေသ တော်တော်များများမှာ ဆူနီအစွန်းရောက်တွေက အစ္စလာမ်နိုင်ငံ ကြေညာခဲ့ပြီး Baghdad မြို့တော်ကိုလည်း သိမ်းပိုက်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။ တချိန်တည်းမှာပဲ အီရတ်က ရှီယာ၊ ကာဒ်စ်နဲ့ အလယ်အလတ်ကျတဲ့ ဆူနီမူဆလင်တွေကြား ညီညွတ်တဲ့ အစိုးရဖွဲ့ဖို့အရေး အငြင်းပွားနေကြဆဲ ဖြစ်ပါတယ်။

XS
SM
MD
LG