မြန်မာနိုင်ငံက ဧရာဝတီလင်းပိုင်တွေ တနှစ်ကို ၅ ကောင်နှုန်းနဲ့ လျော့ကျလာနေပြီး မျိုးတုံး ပျောက်ကွယ်တော့မယ့်အရေးနဲ့ ရင်ဆိုင်နေရတယ်လို့ ဧရာဝတီလင်းပိုင် ထိန်းသိမ်းစောင့်ရှောက်ရေး ဆောင်ရွက် နေသူတွေက ပြောဆိုပါတယ်။
မြန်မာနိုင်ငံမှာ အခုလက်ရှိ ဧရာဝတီလင်းပိုင် ထိန်းသိမ်းစောင့်ရှောက်ရေး ဆောင်ရွက်ချက်တွေထက် ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ထိန်းသိမ်းဖို့ လိုသေးတယ်လု့ိလည်း ထောက်ပြ ပြောဆိုပါတယ်။ မသိင်္ဂီထိုက် က အကြောင်းစုံ တင်ပြထားပါတယ်။
မျိုးတုံးပျောက်ကွယ်တော့မယ့်အရေးနဲ့ ရင်ဆိုင်နေရတဲ့ ဧရာဝတီလင်းပိုင်တွေရဲ့ လက်ရှိ အခြေအနေကို နိုင်ငံတကာ အဖွဲ့အစည်းတခုဖြစ်တဲ့ Wildlife Conservation Society – WCS သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးအဖွဲ့က ဦးကျော်လှသိန်းက အခုလို စပြီး ပြောပါတယ်။
“ဒီမျိုးတုံးမယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်ဆိုတာ ကျနော်တို့ ဒီ မန္တလေးနဲ့ ဗန်းမော်ကြားပေါ့နော် နှစ်စဉ် သုတေသနလုပ်ငန်းတွေ ကျနော်တို့ လုပ်တာပေ့ါ။ နှစ်စဉ်လုပ်တဲ့အခါမှာ မန္တလေးနဲ့ ဗန်းမော်ကြားမှာတော့ ၂၀၁၁ ခုနှစ်ကစပြီးတော့ ကျနော်တို့ ၁ နှစ်ကို ၅ ကောင်လောက် လျော့လာတယ်လို့ စစ်တမ်းတွေအရ သိရတာပေါ့နော်။”
WCS နဲ့ မြန်မာနိုင်ငံ ငါးလုပ်ငန်း ဦးစီးဌာနတို့ နှစ်စဉ် ကောက်ယူထားတဲ့ တရားဝင် စာရင်းဇယားတွေ အရတော့ ၂၀၁၂ ခုနှစ်က ဧရာဝတီလင်းပိုင် ၈၆ ကောင် ရှိခဲ့ရာကနေ ၂၀၁၄ ခုနှစ် အရောက်မှာတော့ ၅၈ ကောင်ဘဲ ကျန်ရှိတော့တယ်လို့ WCS-Myanmar ရဲ့ ဝဘ်ဆိုက်မှာ ဖော်ပြပါတယ်။ သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေး အဖွဲ့က မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်နဲ့ ပူးပေါင်းပြီး ဧရာဝတီ မြစ်ကြောင်းတလျှောက်က ဧရာဝတီလင်းပိုင်တွေကို နှစ်စဉ် သုတေသနလုပ် မှတ်တမ်းတင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဧရာဝတီလင်းပိုင်တွေ ကျက်စားတဲ့ မန္တလေးနဲ့ ဗန်းမော်ကြား ကီလိုမီတာ ၄၀၀ ခန့် ဒေသထဲကမှ ၇၄ ကီလိုမီတာရှိတဲ့ မန္တလေးနဲ့ ကျောက်မြောင်းကြားကိုတော့ ဧရာဝတီလင်းပိုင် ထိန်းသိမ်းစောင့်ရှောက်ရေး ဒေသအဖြစ် ၂၀၀၅ ခုနှစ်က စတင်သတ်မှတ်ပြီး လစဉ် ကင်းလှည့် စောင့်ကြည့်နေတာ ဖြစ်ပါတယ်။ ဧရာဝတီလင်းပိုင် မျိုးတုံးပျောက်ကွယ်မယ့် အရေးတင်မကဘဲ လင်းပိုင်တွေနဲ့ ငါးဖမ်းကြတဲ့ ဓလေ့ကိုပါ မပျောက်ကွယ်အောင် ထိန်းသိမ်းနေတာ ဖြစ်တယ်လို့လည်း ဦးကျော်လှသိန်းက ပြောပါတယ်။
ဒါပေမဲ့ ဧရာဝတီလင်းပိုင် ထိန်းသိမ်းစောင့်ရှောက်ရေးမှု လုပ်ငန်းတွေကို နိုင်ငံတကာ အဖွဲ့အစည်း တခု ဖြစ်တဲ့ Wildlife Conservation Society – WCS ရဲ့ အကူအညီနဲ့ ငါးလုပ်ငန်းဦးစီးဌာနရဲ့ ဆောင်ရွက်မှုက နယ်မြေတခုလုံးကို ခြုံငုံနိုင်ခြင်း မရှိသေးဘူးလို့လည်း ဦးကျော်လှသိန်းက ပြောပါတယ်။
“လောလောဆယ်တော့ ဧရာဝတီလင်းပိုင်နဲ့ ပတ်သက်ပြီးတော့ ဒီမှာထိန်းသိမ်းတာ ကျနော်တို့ သားငှက်ထိန်းသိမ်းရေးအဖွဲ့နဲ့ ငါးလုပ်ငန်းဦးစီးဌာနနဲ့ ပေါင်းပြီးတော့ ဒါ လုပ်နေတာပေါ့နော်။ တခြားအဖွဲ့အစည်းဆိုတာတော့ မရှိသေးဘူးဗျ။ မန္တလေးနဲ့ ကျောက်မြောင်းကြားထဲမှာတော့ အရင်တုန်းက ၂၀၀၇၊ ၂၀၀၈ လောက်က ၁၈ ကောင်လောက်ပဲရှိပြီးတော့၊ ကျနော်တို့ ထိန်းသိမ်းရေးတွေ လုပ်လာတယ်။ အဲဒီထဲမှာ တလကို ၂ ခေါက်လောက် ပုံမှန် ကင်းလှည့်ခရီးစဉ်နဲ့ ပညာပေးခရီးစဉ်တွေ လုပ်တဲ့အခါမှာ ၂၄ ကောင်လောက်အထိ ဒီဧရိယာထဲမှာ တိုးလာတယ်ပေါ့နော်။ မွေးဖွားတာတွေ၊ သေဆုံးတာတွေကိုလည်း ကျနော်တို့ သိရတယ်ပေါ့နော်။ ဒါပေမဲ့ ကျနော်တို့ လက်လှမ်းမမီတဲ့ ဘယ်လိုခေါ်မလဲ တနှစ်တခေါက် စစ်တမ်းကောက်တဲ့ မန္တလေးနဲ့ ဗန်းမော်ကြားတော့ လွတ်နေတာပေ့ါနော်။ အထက်ပိုင်းတွေပေါ့ ပြောရလို့ရှိရင်။ ကျောက်မြောင်းရဲ့အထက်ကနေပြီးတော့ ဗန်းမော်အထိ အပိုင်းတွေပေါ့နော်။ တကယ်လို့ အဲဒီအပိုင်းတွေကိုပါ ကျနော်တို့က ထိန်းသိမ်းနိုင်မယ်ဆိုရင်တော့ ပိုပြီးတော့ အကောင်အရေအတွက်လည်း တိုးတက်လာမယ်လို့ ကျနော်တော့ ထင်တာပဲခင်ဗျ။”
လင်းပိုင်တွေ အဓိက သေဆုံးရတာကတော့ ငါးဖမ်းပိုက်တွေမှာ ငြိမိတာ၊ နောက် ဘက်ထရီ လျှော့ရိုက် ဖမ်းဆီးမှုတွေကြောင့် မတော်တဆ သေဆုံးရတာတွေ ရှိနေတာလို့လည်း ထောက်ပြ ပြောဆိုပါတယ်။ ဧရာဝတီလင်းပိုင်တွေက မြန်မာ အပါအဝင် အရှေ့တောင် အာရှ နိုင်ငံတွေနဲ့ ဘင်္ဂလားဒေရှ့် နိုင်ငံတို့မှာ တွေ့ရပြီး မျိုးတုံးပျောက်ကွယ်တော့မယ့် အရေးနဲ့ ရင်ဆိုင်နေရတဲ့ ဧရာဝတီလင်းပိုင်းတွေကို အကာအကွယ်ပေးကြဖို့ ဟောင်ကောင်မင်းသား ဂျက်ကီချန်းကလည်း ပြီးခဲ့တဲ့နှစ်အတွင်းက တိုက်တွန်းခဲ့ပါတယ်ရှင်။