သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဧရာဝတီတိုင်း ရေဘေး အကူအညီလိုအပ်


ဧရာဝတီတိုင်း ရေဘေးသင့်ပြည်သူတွေ အတွက် ဗကသ အဖွဲ့ချုပ် ကျောင်းသားများ ရန်ကုန်မြို့မှာ အလှူခံထွက်နေစဉ် (သြဂုတ်လ ၂၆၊ ၂၀၁၂)။ ဓာတ်ပုံ - ABFSU
ဧရာဝတီတိုင်း ရေဘေးသင့်ပြည်သူတွေ အတွက် ဗကသ အဖွဲ့ချုပ် ကျောင်းသားများ ရန်ကုန်မြို့မှာ အလှူခံထွက်နေစဉ် (သြဂုတ်လ ၂၆၊ ၂၀၁၂)။ ဓာတ်ပုံ - ABFSU
ဧရာဝတီတိုင်းက ရေဘေးဒုက္ခသည် သောင်းနဲ့ချီအတွက် အစားအစာ၊ ရေနဲ့ အကူအညီတွေ အများအပြား လိုအပ်နေတယ်လို့ အကူအညီပေးရေး အဖွဲ့တွေက ပြောပါတယ်။ ဒုက္ခရောက်နေကြတဲ့ ဒေသခံတွေ၊ အထူးသဖြင့် ကလေးငယ်တွေ အစားအစာ အလုံအလောက်မရတဲ့ အခြေအနေမှာ ရှိနေပြီး ကျန်းမာရေးဆိုင်ရာ စိုးရိမ်စရာတွေ ရှိနေတဲ့ တချိန်တည်းမှာပဲ နောက်တကြိမ် ရေထပ်ကြီးနိုင်တဲ့ အတွက်လည်း ဒေသခံတွေက စိုးရိမ်နေကြရတယ်လို့ ရေဘေးသင့်ဒေသတွေမှာ အကူအညီ ပေးနေသူတွေက ပြောပါတယ်။ အပြည့်စုံကို ဆက်သွယ် စုံစမ်းထားတဲ့ မခင်ဖြူထွေးက တင်ပြထားပါတယ်။

ဧရာဝတီတိုင်းအတွင်းမှာ တလနီးပါး ရွာခဲ့တဲ့မိုးနဲ့အတူ လူတရပ်စာနီးပါး တင်နေတဲ့ ရေတွေ ပြန်မကျသေးတာကြောင့် ဒေသခံပြည်သူတွေ သောင်းနဲ့ချီ ဒုက္ခ ရောက်နေကြရတာ ဖြစ်ပါတယ်။ အထူးသဖြင့် ကလေးငယ်တွေ စားစရာ အလုံအလောက်မရလို့ အင်အားချိနဲ့တဲ့ အခြေအနေမျိုးကိုတောင် ရောက်လာနေပြီလို့ အကူအညီ ပေးနေသူတွေ က ပြောပါတယ်။ ရေဘေးသင့် ပြည်သူတွေအတွက် အစားအစာနဲ့ ကျန်းမာရေးဆိုင်ရာ အကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ ဧရာဝတီတိုင်း အတွင်းက ရေဘေးသင့် ဒေသတွေမှာ အကူအညီတွေ ကိုယ်တိုင် သွားပေးနေတဲ့ NLD ပါတီ အဖွဲ့ဝင် တဦးလည်းဖြစ်၊ မြန်မာလူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်က ဦးနေမျိုးဇင်က ပြောပြပါတယ်။

“စားဝတ်နေရေးလည်း တော်တော်လေးကို အခက်ကြုံနေပြီးတော့ ဆန်ပြုတ်နဲ့ ငါးလေးတွေ ရောကြိုသောက်နေတာ ကျနော် ရွာ တော်တော်များများမှာ တွေ့ခဲ့ရပါတယ်။ နည်းနည်း ကြေးရတတ် ဖြစ်တဲ့သူတွေကတော့ စုထား ဆောင်းထားတဲ့ ဆန်လေးတွေ၊ ငါးခြောက်လေးတွေ ရှိတော့ ဒီတလလောက် ခံနိုင်ပေမဲ့ ဆင်းရဲတဲ့ လက်လုပ်လက်စားတွေ ကျတော့ ဘယ်လို့ မတောင့်နိုင်ဘူးဗျ။ ဖြစ်သလို စားနေရတာ တွေ့ရတယ်။ ပြီးတော့ ကလေးလေးတွေက ဘယ်မှ မသွားရဘဲနဲ့ အိမ်လေးထဲက အဆင့်လေးတွေမှာ နေကြရတော့ တလနီးပါးလောက် ကျောင်းလည်း မသွားရဘူး၊ အပြင်သွားစရာလည်း လှေ မရှိဘူး။ ရေပြင်ကြီးကလည်း ပတ်လည်ဝိုင်းနေတယ်။ သူတို့က အဲဒီအနားလေး ခြောက်ပေလောက် နေရာလေးမှာပဲ သွားရလာရ လှဲလိုက် ဆိုတော့ ချိနေတာကို ကျနော် တွေ့ခဲ့ရတယ်ဗျ။ မလှုပ်မရှားတာလည်း ပါမယ်။ အာဟာရပြည့်တဲ့ အစားအသောက်တွေ မစားရတာလည်း ပါ ပါမယ်။ အဲဒါကြောင့် ကျနော်က တက်တက်ကြွကြွ လှုံ့ဆော်ပြီးတော့ အာဟာရဖြစ်စေမယ့် အစားအသောက်တွေကို လိုက်ပြီးတော့ ပြင်းပြင်းထန်ထန် အလှူခံပြီးတော့ ကျနော် သဘက်ခါကို ကျနော် ထပ်သွားပါမယ်။ အဆိုးဆုံးဖြစ်တဲ့ ရွာတွေကို ရောက်အောင် အကူအညီတွေ ပေးဖို့ ကျနော် ပြင်ဆင်နေပါတယ်ခင်ဗျ။”

လနဲ့ချီ ရေမကျဘဲ ဖြစ်နေတာကြောင့် ရေကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲ ရောဂါတွေ အတော်များများနဲ့ ကြုံနေရတယ်လို့လည်း ဦးနေမျိုးဇင်က ပြောပြပါတယ်။

“အဓိက ဖြစ်တာကတော့ သူတို့ဒေသရဲ့ ဖြစ်တဲ့ ငှက်ဖျားပေါ့နော်။ ငှက်ဖျားက အအေးပတ်တဲ့အခါမှာ အာဟာရ နည်းတဲ့အခါမှာ ပေါ်တာပေါ့။ ငှက်ဖျား မပြတ်သေးတဲ့ဒေသ ဖြစ်တဲ့အတွက်ကြောင့် ငှက်ဖျား ရှိပါတယ်။ ဒုတိယကတော့ အအေးမိတဲ့ ပြဿနာပါပဲ။ ဘာကြောင့်လဲ ဆိုတော့ ရေပတ်လည်ဝိုင်းနေတာ ဖြစ်တဲ့အတွက်ကြောင့် ဘာကိစ္စလေးပဲ ရှိရှိ ရေကိုဖြတ်ပြီး သွားရေတော့ အအေးမိတဲ့ ရောဂါ ပါ။ နောက်တခုကတော့ ရေဝဲစားတဲ့ရောဂါ ပါ။ သူတို့က ဆပ်ပြာတွေ ဘာတွေလည်း မသုံးနိုင်ဘူး။ ဒီရေကိုပဲ သောက်၊ ဒီရေမှာပဲ မစင်စွန့်၊ ဒီရေနဲ့ပဲ ချက်ပြုတ် စားရတယ် ဆိုတဲ့အခါကျတော့ ရေဝဲထတဲ့ ပြဿနာတွေ ဖြစ်ပါတယ်။ အဓိက ကတော့ အာဟာရ ပြတ်ပြီးတော့ ချိတဲ့ရောဂါနဲ့ အကြောတွေ ညောင်းညာ ကိုက်ခဲတာကိုး။ သွားစရာလည်း မြေမရှိဘူးလေ။ ရေပြင်ကြီး ဖြစ်နေတော့။ အဲဒီ ပြဿနာလည်း ရှိပါတယ်။ ပိုပြီးတော့ ကျနော် စိတ်ပူတာကတော့ မျိုးဆက်သစ် ကလေးလေးတွေရဲ့အကြောက်တရားကို ကုစားပေးနိုင်မယ့်ဟာတွေ၊ အာဟာရပြည့်အောင် ဖြည့်တင်း မပေးနိုင်လို့ သူတို့က စိတ်ဓာတ်တွေ ပျက်ပြားပြီးတော့ အကြောက်အလန့်တကြား လောကကြီးကို မြင်သွားမယ့် အမြင်လေးကတော့ ဒါ အစိုးရိမ်ဆုံး ပြဿနာလို့ ကျနော်ကတော့ မြင်ပါတယ်။”

ရေဘေးသင့် ပြည်သူတွေအတွက် ပြည်တွင်းပြည်ပ အလှူရှင်တွေဆီကနေ ငွေကြေး စုဆောင်း ကောက်ယူနေသလို တခြား အကူအညီပေးရေး အဖွဲ့တွေနဲ့အတူတူ ရေဘေးသင့်သူတွေကို ကိုယ်တိုင် အကူအညီတွေ ပေးနေတာဖြစ်တဲ့ အကြောင်းလည်း ဦးနေမျိုးဇင် ပြောပြပါတယ်။ ဒီလိုပဲ ရန်ကုန် တောင်ပိုင်းခရိုင် ကျောင်းသား သမဂ္ဂ ကျောင်းသားကျောင်းသူတွေ ကလည်း ဒီနေ့ကစလို့ သုံးရက်ကြာ ရေဘေးသင့် ပြည်သူတွေ အတွက် ရန်ကုန်မြို့က လူစည်ကားရာ နေရာတွေမှာ အလှူလိုက်ခံနေတယ်လို့ ဒီကိစ္စ ဦးဆောင်လုပ်နေသူ တဦးဖြစ်တဲ့ ဗကသများအဖွဲ့ချုပ်ရဲ့ တွဲဘက် အတွင်းရေးမှူး ကိုမင်းသွေးသစ်က ပြောပြပါတယ်။

“ဒီဥစ္စာက ဧရာဝတီ တိုင်းအတွင်းက ရေဘေးသင့် ပြည်သူတွေ အတွက် ရန်ကုန် တောင်ပိုင်းခရိုင် ကျောင်းသား သမဂ္ဂက ကျောင်းသားကျောင်းသူတွေက ရန်ကုန်မှာရှိတဲ့ shopping center တွေရယ်၊ နောက် လမ်းစုံလမ်းခွတွေမှာ သီချင်းလိုက်ဆိုပြီးတော့ အလှူခံတာပေါ့။ ဧရာဝတီတိုင်း ရေဘေးသင့် ပြည်သူတွေအတွက် တတ်နိုင်သ၍ လှူကြဖို့ မိဘပြည်သူတွေကို အော်လံတွေနဲ့ အော်ပြီးပြောတယ်။ ကျနော်တို့ အလှူ လိုက်ခံတယ်ပေါ့။ နေရာတွေ ရွှေ့ပြီးတော့ ဒီနေ့က စတာပေါ့။ ဒီနေ့ရယ်၊ မနက်ဖြန်ရယ်၊ သဘက်ခါ ရယ် သုံးရက်။ ကျနော်တို့ ဒီတကြော့ ထပ်ရတဲ့ဟာကိုလည်း ထပ်ရတဲ့ အလှူငွေကိုလည်း ကျနော်တို့ သဘက်ခါပြီးတော့ နောက်တနေ့ကျလို့ရှိရင်တော့ သာပေါင်း၊ ကံကြီးဒေါင့် အဲဒီကို ကျနော်တို့ သွားပြီးတော့ လှူကြမယ်ပေါ့ခင်ဗျ။ ကျနော်တို့က ကျနော်တို့ဘာသာ ကျနော်တို့ အစည်းအဝေး ဆုံးဖြတ်ချက် ချထားတာက ကိုယ့်စရိတ်နဲ့ကိုယ် လိုက်နိုင်တဲ့သူတွေ လိုက်ခဲ့ကြဖို့။ အဲဒါကို ကျနော်တို့ ဦးဆောင်ပြီး သွားလှူမယ်။ အခု ကျနော်တို့ကို စာရင်းလာပေးထားတာ ကျောင်းသား ၆ ယောက်လောက် ရှိတယ်။ သူတို့ကို ကျနော်တို့က ဦးဆောင်ပြီးတော့ ကိုယ်တိုင်ကိုယ်ကျ အဲဒီနေရာတွေကို ရောက်အောင် သွားလှူမှာပါ။”

ရေကြီးနေတာ တလကျော်လာပေမဲ့ ရေက အခုထိ လူတရပ်စာနီးပါးအထိ ရှိနေတုန်းပဲလို့လည်း ဒေသခံတွေက ပြောပါတယ်။ အခုလို ဆိုးဆိုးရွားရွား ရေကြီးမှုကြောင့် ဧရာဝတီတိုင်းအတွင်းက ကျေးရွာပေါင်း ၃၈၀ ကျော်လောက် ရေနစ်မြှုပ်နေပြီး လယ်ယာမြေ ဧကပေါင်း သောင်းနဲ့ချီ ထိခိုက်ပျက်စီး ခဲ့ရတယ်လို့လည်း သူတို့က ပြောပါတယ်။ မနေ့က အေပီ သတင်းမှာတော့ မြန်မာနိုင်ငံတဝှမ်း လယ်မြေဧကပေါင်း ၆ သိန်းနီးပါးလောက် ရေလွှမ်းနေတယ်လို့ ဆိုပါတယ်။ ဧရာဝတီတိုင်းအတွင်း ခုလို ရေကြီးမှုမျိုးဟာ တကြိမ်နဲ့တင် ရပ်သွားလေ့မရှိတာကြောင့် အခု တင်နေတဲ့ ရေမကျသေးခင် နောက်တကြိမ် ထပ်ပြီး ရေကြီးလာမှာကိုလည်း ဒေသခံတွေက စိုးရိမ်နေကြတယ်လို့ ရေဘေးသင့် ပြည်သူတွေကို အကူအညီ ပေးနေသူတွေက ပြောကြပါတယ်။
XS
SM
MD
LG