သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဧရာဝတီတိုင်း ရေဘေးသင့် လူ ၄ သိန်း အရေးပေါ် စားနပ်ရိက္ခာလိုအပ်


ဧရာဝတီတိုင်းအတွင်းမှာ ရေဘေးဒဏ်ခံနေရသူ လူပေါင်း ၄ သိန်းတို့အတွက် အရေးပေါ်စားနပ်ရိက္ခာ ထောက်ပံ့မှု လိုအပ်နေတယ်လို့ တိုင်းဒေသကြီး အစိုးရက ပြောပါတယ်။ ဒါ့အပြင် လယ်ဧက ၃ သိန်းကျော် ရေဘေးသင့်နေမှုကနေ ပြန်လည်ထူထောင်ရေးအတွက်လည်း အကူအညီတွေ လိုအပ်မယ့် အကြောင်း ပြောပါတယ်။ လတ်တလော ရေဘေးတွေ့နေတဲ့ ဧရာဝတီတိုင်းအခြေအနေ၊ နောက် ရေပြန်ကျလာတဲ့ဒေသတွေက ပြန်လည်ထူထောင်ရေး အခြေအနေတို့ကို မသိင်္ဂီထိုက်က စုစည်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံအထက်ပိုင်းတလွှားမှာ ရေပြန်ကျလာပေမယ့် အောက်ပိုင်းဒေသ ဧရာဝတီတိုင်းမှာတော့ လူပေါင်း ၄ သိန်းကျော် ရေဘေးတွေ့နေကြပါတယ်။ မြို့နယ်ပေါင်း ၁၇ မြို့နယ် ရေဘေးတွေ့နေပြီး ကယ်ဆယ်ရေးစခန်း ၂၅၀ ကျော် ဖွင့်လှစ် ကယ်ဆယ်ထားရဆဲဖြစ်တယ်လို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရ အဖွဲ့ရဲ့ အတွင်းရေးမှူး ဦးအေးကျော်က ပြောပါတယ်။

“ရေဘေးသင့်တာကတော့ ၁၇ မြို့နယ်ပေါ့နော်။ ဒါပေမယ့် ကျနော်တို့ကတော့ လောလောဆယ် ၁၁ မြို့နယ်မှာတော့ ကယ်ဆယ်ရေးစခန်းတွေ လက်ရှိ ရှိသေးတာပေါ့။ ကယ်ဆယ်ရေးစခန်းကတော့ ၁၁ မြို့နယ်မှာတော့ ၂၅၈ ခုနဲ့ အဲဒီစခန်းတွေမှာ လူဦးရေ အားလုံး (၄၇,၇၃၁) ယောက်လောက်တော့ ရှိပါသေးတယ်။”

ဟင်္သာတနဲ့မြန်အောင်တဝိုက်၊ နာရေးကူညီမှုအသင်းက အရေးပေါ်လိုအပ်နေတဲ့ တိရိစ္ဆာန်အစာများ ပံ့ပိုးကူညီပေးနေစဉ်။
ဟင်္သာတနဲ့မြန်အောင်တဝိုက်၊ နာရေးကူညီမှုအသင်းက အရေးပေါ်လိုအပ်နေတဲ့ တိရိစ္ဆာန်အစာများ ပံ့ပိုးကူညီပေးနေစဉ်။

ရေဘေးကြောင့် စပါး စိုက်ဧကပေါင်း ၄ သိန်းနီးပါး ရေမြုပ်ခဲ့တာမှာ ဧက ၇ သောင်းကျော်က လုံးဝ ပျက်စီးခဲ့တယ်လု့ိလည်း တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူးက ပြောပါတယ်။ ရေပြန်ကျလာပြီဆိုပေမယ့် တချို့ဒေသတွေမှာ စိုးရိမ်ရေမှတ်မှာ ရှိနေဆဲဖြစ်ပြီး အဆိုးရွားဆုံးက ဟသာၤတ ခရိုင်ဖြစ်ပြီး အရေးပေါ် စားနပ်ရိက္ခာ လိုအပ်ချက်တွေလည်း ရှိနေတယ်လို့ သူက ပြောပါတယ်။

“အလုံအလောက်ရလားဆိုတော့ ကျနော်တို့ လတ်တလောပေါ့ဗျာ- မြို့နယ်တွေလိုက်ပြီးတော့ ကယ်ဆယ်ရေးပစ္စည်းတွေက သူ့ဟာနဲ့သူ အလှူရှင်တွေကတော့ တောက်လျှောက်သွားနေသလို ကျနော်တို့လုပ်ငန်းရှင်တွေကိုလည်း ပုတ်ပြတ်တာဝန်ပေးလို့- မြို့နယ်အလိုက် ထိုင်ပြီးတော့ တောက်လျှောက်လုပ်ပေးနေတာ ရှိတယ်။ နေ့စဉ် ကားကြီးကားငယ်အသွယ်သွယ်နဲ့ လှူတာတွေလည်း ရှိပါတယ်။ ရေကတော့ ကျတယ်လို့တော့ ပြောရမှာပေါ့လေ။ အရင်ကလောက်တော့ သိပ်မဆိုးပါဘူး။ တချို့ ကယ်ဆယ်ရေးစခန်းမှာနေတဲ့လူတွေ တချို့လည်း ပြန်ပြီပေါ့လေ။ ဒါပေမယ့်လည်း ရေကတော့ မကျသေးပါဘူး။ ရေကတော့ စိုးရိမ်ရေမှတ်တော့ တချို့နေရာတွေ ရှိနေပါသေးတယ်။ တချို့နေရာတွေ ရေတွေ ရှိနေတဲ့နေရာတွေ ရှိနေပါသေးတယ်။ အကုန်လုံးတော ကျနေပြီလို့ မပြောနိုင်သေးပါဘူး။ ဒါပေမယ့် အရင်ကလောက်တော့ စိုးရိမ်ရတဲ့အခြေအနေ မရှိပေမယ့်လို့ လယ်တွေ ပျက်စီးတာတို့၊ အခုနကလိုပေါ့ဗျာ- ရေဘေးသင့်တဲ့အတွက် အစားအသောက် အဝတ်အထည်တွေလိုနေတာ။ ဒါတွေတော့ လက်ရှိ ရှိနေပါသေးတယ်။”

ဟင်္သာတနဲ့မြန်အောင်တဝိုက်၊ နာရေးကူညီမှုအသင်းက ကူညီကယ်ဆယ်ရေးပစ္စည်းများ အိမ်တိုင်ယာရောက် လိုက်လံဝေငှနေစဉ်။
ဟင်္သာတနဲ့မြန်အောင်တဝိုက်၊ နာရေးကူညီမှုအသင်းက ကူညီကယ်ဆယ်ရေးပစ္စည်းများ အိမ်တိုင်ယာရောက် လိုက်လံဝေငှနေစဉ်။

လတ်တလောမှာတော့ ဧရာဝတီတိုင်းအတွင်းမှာ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ ဦးဆောင်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေသလို နိုင်ငံတကာနဲ့အရပ်ဘက် အဖွဲ့အစည်းတွေထံက အကူအညီတွေရရှိနေပေမယ့် အကူအညီတွေလိုအပ်နေဆဲ ဖြစ်ပါတယ်။ ရေပြန်ကျလာတဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၁ ခုတို့မှာတော့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ စတင်နေပြီဖြစ်ပါတယ်။ ဒါပေမယ့် ကျေးလက်ဒေသတွေက ရွှံ့ဖုံးသွားတဲ့ လယ်ယာမြေတွေနဲ့ ကျေးရွာတွေ ပြန်လည်ထူထောင်ရေးကတော့ အခက်တွေ့နေဆဲ ဖြစ်ပါတယ်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနရဲ့ ညွှန်ကြားရေးမှူး ဦးချွန်ဟရဲလ်ကတော့ ပြန်လည်ထူထောင်ရေးကာလ အခက်အခဲတွေကို အခုလို ပြောပါတယ်။

“လယ်မြေတွေမှာလည်း ဖုံးလွှမ်းတာပေါ့။ လယ်မြေတွေမှာတော့ အဓိက-ကတော့ သူတို့လယ်တွေမှာ ဖုံးလွှမ်းနေတော့ လယ်က ချက်ခြင်း စိုက်ပျိုးအသက်မွေးဝမ်းကျောင်း လုပ်လို့မရဘူး။ အဲဒါက အဓိက။ အဓိက-က အဲဒီ ရွှံ့နွံတွေကို ဆွေးနွေးနေတာ လုပ်နေတယ်။ အသက်မွေးဝမ်းကျောင်းပဲ လိုပါတယ်။ အသက်မွေးဝမ်းကျောင်းဆိုတဲ့နေရာမှာ လယ်ယာမြေ ပြန်လုပ်ပေးနိုင်ဖို့၊ လယ်ထွန်ပြီးတော့ လယ်ယာမြေ ပြန်စိုက်ပေးနိုင်ဖို့ အဲဒါကိုပဲ အဓိက လိုအပ်ပါတယ်။ ကျန်တာတော့ အထွေအထူး ဆိုးဆိုးဝါးဝါးကြီး မရှိတော့ပါဘူး။”

နိုင်ငံတဝန်း ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၂ ခုတို့မှာ လနဲ့ချီ ကြာမြင့်တဲ့ ရေကြီးမှုကြောင့် လူပေါင်း ၁ သန်းခွဲ ကျော် ဘေးဒုက္ခရောက်ခဲ့ပြီး သေဆုံးသူ ၁၁၇ ဦးထိ ရှိခဲ့ပြီ ဖြစ်ပါတယ်။

XS
SM
MD
LG