သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ပြည်နယ် ဧရာဝတီမြစ်ရေ စိုးရိမ်ဖွယ် မြင့်တက်


ဧရာဝတီ မြစ်ဆုံ
ဧရာဝတီ မြစ်ဆုံ

ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ညနေပိုင်းလောက်က ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့ အနီး မြစ်ကမ်းဘေးတလျှောက်မှာရုတ်တရက်မြင့်တက်လာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ နောက် နှစ်ရက်အတွင်းဧရာဝတီမြစ်အောက်ပိုင်းက ဒေသတွေမှာ လည်း မြစ်ရေ မြင့်တက်လာနိုင်တာကြောင့် မြစ်ကြောင်းတလျှောက် ဂရုပြုနေထိုင်ဖို့ မိုးလေဝသနဲ့ ဇလဗေဒ ညွန်ကြားမှုဦးစီးဌာနက ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကို VOA သတင်းထောက် မသိင်္ဂ ီလင်းက ပြောပြပေးပါမယ်။

မနေ့က ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ညနေပိုင်းမှာ ကချင်ပြည်နယ် မြစ်ဆုံဒေသအနီး ဧရာဝတီမြစ်ကမ်းတစ်လျှောက် မြစ်ရေ ရုတ်တရက်မြင့်တက် လာတယ်လို့ ဒေသခံ ဒေါ်ဂျာခွန်က အခုလို ပြောပါတယ်။

“မြစ်ရေက မြစ်ဆုံအခြေအနေပေါ့နော် မြစ်ကမ်းနားမှာ၊ မြစ်ကမ်းစပ်မှာ ဈေးရောင်းတဲ့ လူတွေ အကုန်ဖယ်ရတာပေါ့နော်။ ရေခဲတောင်ပြိုလို့ ရေကြီးတယ်လို့ပြောတာပဲ။ ဒီမှာတော့ မိုးတော့မရွာပါဘူးရှင့်။”

ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ညနေ ၃ နာရီခွဲချိန် မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှု ဦးစီးဌာနရဲ့တိုင်းထွာချက်အရဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့မှာ ၃၄၆ စင်တီမီတာ ကိုရောက်ရှိခဲ့ပြီး ၁၀ နာရီအတွင်း ၇ ပေခန့် မြင့်တက် ခဲ့တာကြောင့် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်က မြစ်ကမ်းဘေးတလျှောက်မှာရှိတဲ့ စားသောက်ဆိုင်တွေ ရေမြုပ်ခဲ့တာပါ။

အနောက်လေပွေလှိုင်းက ပါဝင်လာတဲ့ တိမ်တိုက်တွေကနေ မိုးရွာသွန်းတာနဲ့ အပူချိန်မြင့်တက်လာမှုကြောင့် ရေခဲတောင်တွေ အရည်ပျော်တာတွေကြောင့် အခုလို မြစ်ရေ ရုတ်တရက်မြင့်တက်လာတာဖြစ်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မိုးဦးက အခုလို သုံးသပ်ပါတယ်။

“အဓိကတော့ ဖြစ်နိုင်တာကတော့ မိုးလေဝသရူထောင့်က စောနကပြောတဲ့ western disturbance ကြောင့် ပါလာတဲ့ တိမ်တိုက်တွေ မိုးရွာသွန်း တဲ့အတွက်ကြောင့်မို့လို့ဒါ စောနကပြောတဲ့ ဒီရက်ပိုင်းတွေမှာ နဲနဲပူသွားတယ်။ ပူသွားတဲ့အနေအထားမှာ ရေခဲတောင်တွေ အရည်ပျော်နေတဲ့အချိန်မှာ ကျလာနိုင်တဲ့အနေအထားပေါ့လေ၊ အဲဒီအနေအထား မို့လို့ မြစ်ရေတွေ မြင့်တက် လာတယ်လို့ ကျနော့်အနေနဲ့ပြောလိုပါတယ်။ ဘာပဲပြောပြောဒါ ရာသီဥတုပြောင်းလဲမူ ဒဏ်ကိုတော့ ကျနော်တို့ စပြီးတော့ ခံစားနေရတဲ့အနေအထားလေးတွေရှိနေတာပေါ့နော်။ အယ်နီညိုရဲ့ affect လို့လဲပြောလို့ရတာပေါ့နော်။ ဟုတ်ကဲ့။ ”

အခု မြင့်တက်လာတဲ့ မြစ်ရေဟာ မြစ်အောက်ပိုင်းကို ဆက်လက် စီးဆင်း သွားမှာဖြစ်တာကြောင့် ဧရာဝတီမြစ်ကြောင်းတလျှောက်မှာ နေထိုင်သူတွေ၊ စိုက်ပျိုးရေးလုပ်သူတွေနဲ့ ရေယာဉ်တွေ၊ ရေလုပ်သားတွေအနေနဲ့ လာမယ့် ၂ ရက်အတွင်း သတိထား သွားလာသင့်တယ်လို့ ဦးကျော်မိုးဦးက ဆက်ပြောပါတယ်။

“ဧရာဝတီမြစ်ကြောင်းတလျှောက်ပေါ့နော်။ ဧရာဝတီမြစ်ကြောင်း တလျှောက်ဆိုတော့ မြစ်ကြီးနားကနေ ပြီးတော့ စတင်တယ်။ မြစ်ကြီးနားပြီးရင် ဗန်းမော်၊ ပြီးရင် ကသာ၊ ရွှေဂူ၊ သပိတ်ကျင်း ၊ မန္တလေး၊ စစ်ကိုင်း၊ ပြီးသွားရင် ပခုက္ကူ ၊ ညောင်ဦး ၊ မင်းပူးတို့လည်းပါတာပေါ့ ကြားထဲမှာ ။ ဒီတော့ ဧရာဝတီတလျှောက် ဧရာဝတီမြစ်တလျှောက် စီးဆင်းလာမယ်။ စီးဆင်းလာပြီးတော့ ဟင်္သတ က နေပြီးတော့မှ ဘင်္ဂလားပင်လယ်အော်ထဲကိုသွားမယ်။ ဒါပေမယ့် ရေပြင်က မြစ်ရေကြီးတဲ့ အနေအထားမဟုတ်ဘူး။ အခုဟာက မြစ်ရေ ရုတ်တရက် မြင့်တက်လာတာ ။ မြင့်တက်လာတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ အဓိကတော့ စောနကပြောသလိုပဲ မြစ်နားချောင်းနားမှာနေတဲ့ ပြည်သူတွေအနေနဲ့ မြစ်အတွင်းမှာနေတဲ့ ပြည်သူတွေ ကြိုတင် သတိပြုရှောင်ရှားနိုင်ဖို့အတွက်ကို ဒီသတင်းကို ထုတ်ပေးရခြင်းဖြစ်ပါတယ်။”

ဒါ့အပြင် မြန်မာနိုင်ငံ အထက်ပိုင်း ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရှမ်းပြည်နယ်နဲ့ မန္တလေးတိုင်းတွေမှာလည်း လာမယ့် ၂ ရက်အတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းဖို့ရှိတယ်လို့ ဦးကျော်မိုးဦးက ပြောပါတယ်။

မနေ့က ပြည်သူ့လွှတ်တော်မှာလည်း အယ်နီညိုရာသီဥတုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ သဘာဝဘေးအန္တရာယ်တွေကို ကြိုတင်ကာကွယ်ဖို့နဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ ပူးပေါင်းပါဝင်ဖို့ အရေးကြီးအဆို တင်သွင်းထားပြီး၊ ဒီနေ့နဲ့ မနက်ဖြန်မှာ အဲ့ဒီအဆိုနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးနေကြပါတယ်။

XS
SM
MD
LG