သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်မှာ ဂျပန်တစ်ဦးအသတ်ခံရမှု IS လက်ချက်


Map of Dhaka, Bangladesh
Map of Dhaka, Bangladesh

ဘင်္ဂလားဒေ့ရှ် နိုင်ငံမြောက်ပိုင်းမှာ စနေနေ့က ဂျပန်နိုင်ငံသားတစ်ယောက်ကို သေနတ်နဲ့ပစ်သတ်လိုက်တာဟာ မိမိတို့လက်ချက်ဖြစ်တယ်လို့ IS အကြမ်းဖက်အဖွဲ့က ကြေညာလိုက်ပါတယ်။ အရင်ရက်အနည်းငယ်က ဒါကာမြို့မှာ အီတလီနိုင်ငံသား အကူအညီပေးရေးအဖွဲ့ လုပ်သား တစ်ဦးအသတ်ခံရမှုဟာလည်း သူတို့လက်ချက်ဖြစ်တယ်လို့ IS အဖွဲ့က ကြေညာခဲ့ပါသေးတယ်။

ရဲတွေရဲ့ ပြောကြားချက်အရ ရမ်ဂပူ ခရိုင်က ရွာတစ်ရွာမှာ မျက်နှာဖုံးစွပ်ထားတဲ့ မော်တော်ဆိုင်ကယ်စီး တိုက်ခိုက်ရေးသမားတွေဟာ ဂျပန် နိုင်ငံသား Kunio Hoshi ကို ပစ်ခတ်သတ်ဖြတ်သွားခဲ့တာလို့ ဆိုပါတယ်။

ဂျပန်နိုင်ငံသား Hoshi ဟာ ဒါကာမြို့တော်ကနေ ကီလိုမီတာ ၃၀၀ လောက်ဝေးတဲ့ ရမ်ဂပူခရိုင်မှာရှိတဲ့ လယ်ယာစိုက်ပျိုးရေး စီမံကိန်း တစ်ခုမှာ အလုပ်လုပ်နေတာဖြစ်ပါတယ်။

ဂျီဟတ်အဖွဲ့တွေရဲ့ အွန်လိုင်းပို့စ်တွေကို စောင့်ကြည့်တဲ့ စုံစမ်းထောက်လှမ်းရေးအဖွဲ့ရဲ့ ပြောကြားချက်အရ IS အဖွဲ့က အဆိုပါ တိုက်ခိုက်မှု အတွက် သူတို့လက်ချက်ဖြစ်ကြောင်း အွန်လိုင်းပေါ်မှာ ကြေညာခဲ့တယ်လို့ ဆိုပါတယ်။ ဒီပြောကြားချက်ကို သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဒါကာမြို့မှာ အီတလီနိုင်ငံသား အကူအညီပေးရေးလုပ်သားတစ်ဦး ပစ်သတ်ခံခဲ့ရပြီး တစ်ပတ်မပြည့်ခင်မှာပဲ အခုဖြစ်ရပ် ထပ်ဖြစ်ခဲ့တာပါ။ အဲဒီ ဖြစ်ရပ်အတွက်လည်း IS အဖွဲ့က သူတို့လက်ချက်ဖြစ်တယ်လို့ ကြေညာခဲ့ပေမယ့် ဘင်္ဂလားဒေ့ရှ်အစိုးရကတော့ ငြင်းဆန်ပြီး ဒီတိုက်ခိုက်မှုကို သီးခြားဖြစ်ရပ်အဖြစ် ခေါ်ဆိုခဲ့ပါတယ်။

မွတ်ဆလင်ဘာသာဝင် အများစုနေထိုင်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ဘာသာရေးလွှမ်းမိုးမှု ကင်းလွတ်တဲ့နိုင်ငံအဖြစ် ဂုဏ်ယူပြောဆိုလေ့ ရှိပေမယ့် လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ ဘာသာရေးလွှမ်းမိုးမှုမခံလိုတဲ့ ဘလော့ဂါနဲ့ တက်ကြွလှုပ်ရှားသူ အနည်းဆုံး ၁၀ ဦးလောက် အထိ အသတ်ခံခဲ့ရပြီး သတ်ဖြတ်ခဲ့သူ အစ္စလာမ်မစ် စစ်သွေးကြွတွေကို ထိန်းချုပ်နိုင်ဖို့ ရုန်းကန်နေရတဲ့ အခြေအနေ ရောက်နေပါတယ်။

XS
SM
MD
LG