သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS အဖွဲ့ ၁၅လ အတွင်း နယ်မြေ ၂၂ ရာခိုင်နှုန်း ဆုံးရှုံး


ဆီးရီးယားမြင်ကွင်း ( ဖေဖော်ဝါရီ ၂၆၊ ၂၀၁၆)
ဆီးရီးယားမြင်ကွင်း ( ဖေဖော်ဝါရီ ၂၆၊ ၂၀၁၆)

ဆီးရီးယားနဲ့ အီရတ်နိုင်ငံတွေက IS စစ်သွေးကြွအဖွဲ့ကို စစ်ရေးအရ တိုးမြှင့်တိုက်ခိုက်ခဲ့တာကြောင့် လွန်ခဲ့တဲ့ ၁၅ လအတွင်း IS အဖွဲ့ရဲ့နယ်မြေ ၂၂% ဆုံးရှုံးသွားပါတယ်။ ဒါ့အပြင် ဒီနှစ်စကတည်းကဆိုရင် နယ်မြေ ၈% ဆုံးရှုံးတာရှိပါသေးတယ်။

ဒါဟာ IHS Jane စောင့်ကြည့်လေ့လာရေးအဖွဲ့ရဲ့ လေ့လာသုံးသပ်ချက်အရ သိလာတဲ့ရလဒ်ပါ။ စစ်သွေးကြွတွေဟာ ပိုပြီး သီးခြားဖြစ်လာနေပြီးတော့ လျော့နည်း ကျဆင်းလာနေပုံရတယ်လို့ IHS Jane အဖွဲ့ကပြောပါတယ်။

IS အဖွဲ့က မြို့တော်အဖြစ်သတ်မှတ်ထားတဲ့ Raqqa နဲ့ တူရကီနယ်စပ်အကြား ဆီးရီးယားမြောက်ပိုင်းဒေသကို IHS အဖွဲ့က ထောက်ပြပါတယ်။ အဲဒီဒေသမှာ ရုရှားနဲ့ အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်း အဖွဲ့ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အပြင် မြေပြင် မှာ ကာ့ဒ်နဲ့ ဆွန်နီတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်သွေးကြွတွေကို မောင်းထုတ်လိုက်နိုင်ပြီး နယ်စပ်ဖြတ်တဲ့ အဓိကနေရာတွေ IS လက်အောက်ကလွတ်သွားပါတယ်။

အခုဆိုရင် IS အဖွဲ့ဟာ ဆီးရီးယားနယ်မြေ အစိတ်အပိုင်းလေးတခုကိုပဲ ထိန်းသိမ်းထား နိုင်ပြီးတော့ အဲဒီကနေပြီး ထောက်ပံ့ရေးပစ္စည်းတွေနဲ့ တိုက်ခိုက်သူတွေကို တူရကီနိုင်ငံကနေ ခိုးသွင်းနေပါတယ်။

ရုရှားနိုင်ငံရဲ့ လေကြောင်းတိုက်ခိုက်မှုကတော့ အငြင်းပွားဖွယ်ဖြစ်ခဲ့တာပါ။ ရုရှား IS စစ်သွေးကြွအဖွဲ့ကို ပစ်မှတ်ထား တိုက်ခိုက် တာမဟုတ်ဘဲ သမ္မတ ဘာရှာ အယ်လ်-အာဆဒ်ကို အထောက်အပံ့ပေးတဲ့အနေနဲ့ သူပုန်တွေကို ပစ်မှတ်ထားပြီး ပိုတိုက်ခဲ့တယ် လို့ အနောက်နိုင်ငံတွေက စွပ်စွဲထားပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ၃၀ ရက်နေ့မှာ ရုရှားလေကြောင်းတိုက်ခိုက်မှု စတင်ခဲ့ကတည်းကဆိုရင် လေကြောင်းကနေ တိုက်ခိုက်မှုတစုံလုံးဟာ သိသိသာသာကို တိုးတက်သွားခဲ့တာပါ။

XS
SM
MD
LG