သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Assyrian ခရစ်ယာန် ဘာသာဝင် နှစ်ရာကျော် IS ဖမ်းဆီး


ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းက IS စစ်သွေးကြွတွေ ပြန်ပေးဆွဲ ဖမ်းဆီး သွားတဲ့ Assyrian ခရစ်ယာန် အရေအတွက်ဟာ ၂၂၀ ထက်မနည်း ရှိသွားပြီး ဗြိတိန်နိုင်ငံ အခြေစိုက် ဆီးရီးယား လူ့အခွင့် အရေးစောင့်ကြည့်လေ့လာရေး အဖွဲ့ က ပြောပါတယ်။

Hassakeh ဒေသက ကျေးရွာ ၁၀ ခုကို စစ်သွေးကြွတွေ ထိန်းချုပ် လိုက်တာနဲ့အတူ လွန်ခဲ့တဲ့ သုံးရက် တွင်းမှာပဲ ဒီလို ၂၀၀ ကျော်ကို ဖမ်းဆီး ခဲ့ကြတယ်လို့ လူ့အခွင့်အရေး အဖွဲ့က ပြောပါတယ်။ IS အဖွဲ့က အီရတ်နိုင်ငံတောင်ပိုင်းနဲ့ ဆီးရီးယားနိုင်ငံတွေမှာ ဘာသာရေး လူနည်းစုတွေကို ပစ်မှတ် ထားပြီး ပြန်ပေးဆွဲ တာ သတ်ဖြတ်တာတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတာပါ။

အခု ပြန်ပေးဆွဲခံရတဲ့ ဖြစ်ရပ်အပြင် Hassakeh နဲ့ Qamishli ဒေသတွေက အဓိက မြို့ကြီးတွေကနေ ဒေသခံတွေ အများအပြား ဟာလည်း အိုးအိမ်တွေကို စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

အမေရိကန် ဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့တွေရဲ့ ရက်တွေနဲ့ချီ လေကြောင်း တိုက်ခိုက်မှု အကူအညီနဲ့ စစ်ဆင်ရေး ဆင်နွှဲနေကြတဲ့ ကာဒ် တပ်ဖွဲ့တွေဟာ ဒီဒေသမှာပဲ စစ်သွေးကြွတွေနဲ့ တိုက်ပွဲတွေ ဆင်နွှဲနေကြတာပါ။

အမေရိကန် နိုင်ငံခြားရေး ဌာနကတော့ စစ်သွေးကြွတွေ ဖမ်းဆီးထားတဲ့ Assyrian ခရစ်ယာန်တွေကို ပြန်လွှတ်ပေးဖို့ ဒီသီတင်းပတ် အစောပိုင်း မှာပဲ တောင်းဆို လိုက်ပါတယ်။ ဘာသာရေး လူနည်းစုတွေကို ပစ်မှတ်ထားတဲ့ IS အဖွဲ့ရဲ့ နောက်ဆုံး လုပ်ရပ်ဟာ သူတို့ရဲ့ အဆိပ်အတောက် ယုံကြည်ချက်တွေနဲ့ လုပ်ရပ်တွေကို သဘောမတူကြသူတွေအပေါ်မှာ ပိုပြီးတော့ ရက်စက်ကြမ်းကြုတ်စွာ၊ လူသားမဆန်စွာ ပြုမူလိုက်တာပဲလို့ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ပြောခွင့်ရ အမျိုးသမီး Jen Psaki က ပြောဆိုသွားပါတယ်။

တချိန်တည်းမှာပဲ IS အစ္စလန်မစ် စစ်သွေးကြွတွေရဲ့ ဗီဒီယိုခွေတွေထဲမှာ မျက်နှာဖုံးစွပ်ထားတဲ့ ခေါင်းဖြတ်သတ်သူ စစ်သွေးကြွကို ထုတ်ဖေါ်ပြောဆိုနိုင်ပြီလို့ သတင်းတွေမှာ ဖေါ်ပြနေကြပါတယ် ဒါပေမယ့် လုံခြုံရေးဆိုင်ရာ တာဝန်ခံတွေကတော့ သေချာမှန်ကန်မှု ရှိအောင် သတိထားနေကြပါတယ်။

Jihadi John လို့နံမယ်ပေးထားတဲ့ ခေါင်းဖြတ်သတ်သူဟာ အရပ်ရှည်ပြီး ဗြိတိန်လေသံဝဲသူမို့ Mohammed Emwazi ဖြစ်မယ်လို့ ယုံကြည်ကြောင်း သူ့ရဲ့ သူငယ်ချင်းတွေကပြောတယ်လို့ ကြာသပတေးနေ့ သတင်းတွေမှာ ဖေါ်ပြကြပါတယ်။

ဒါပေမယ့် သူ့ကို Emwazi လို့ ဥရောပထောက်လှန်းရေး သတင်းရပ်ကွက်က အတည်ပြုမပေးနိုင်တဲ့ အပြင် ဇာတ်လမ်းဟာ အခုထက် ပိုပြီး ရှုပ်ထွေးနေ တယ်လို့ ပြောကြကြောင်း ရောမက VOA သတင်းထောက် Jamie Dettmer က ပြောပါတယ်။

ဗီဒီယိုခွေတွေထဲမှာ တွေ့ရတဲ့ Jihadi John ဟာ အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာဖုံးစွပ်ထားသလို သေနတ်ထည့်တဲ့ အိတ်ကို ပခုံး နှစ်ဘက်သိုင်း လွယ်ထားတာ တွေ့ရပါတယ်။ အမေရိကန်နဲ့ ဗြိတိန်အရာရှိတွေကတော့ အခုလို ဘယ်သူဘယ်ဝါ ဆိုတာ ထုတ်ဖေါ်ပြောဆို တာနဲ့ ပါတ်သက်ပြီး မှတ်ချက် တစုံတရာ မပေးကြသေးပါဘူး။

Emwazi ဟာ ကူဝိတ်မှာမွေးဖွါးသူဖြစ်ပြီး အစ္စလာမ်ဘာသာကိုးကွယ်တဲ့ လန်ဒန်က အလယ်အလတ်တန်းစား ထဲမှာ ပါဝင်တယ်လို့ သတင်းတွေမှာ ဖေါ်ပြကြပါတယ်။ သူ့သူငယ်ချင်းတွေနဲ့ အပေါင်းအသင်းတွေကတော့ သူဟာ သိပ်မကြာခင် နှစ်တွေ အတွင်း အာဖရိကနဲ့ အရှေ့အလယ်ပိုင်း ဒေသဘက်ကို ခရီးတွေ ထွက်ပြီးတဲ့နောက်ပိုင်းမှာ စပြီး ဘာသာရေး အစွန်းရောက်လာတယ်လို့ ယုံကြည်ကြောင်း ပြောကြပါတယ်။

သူ့ကို ဗြိတိသျှလုံခြုံရေးတာဝန်ခံတွေက သတိထားရမယ့်သူ စာရင်းမှာ ထည့် ထားပေမယ့် အခုထိတော့ သူဟာ Emwazi ဖြစ်ကြောင်းတော့ အတည်မပြုပါဘူး။

XS
SM
MD
LG