သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS စစ်သွေးကြွတွေအပေါ် ကန်လက်ရွေးစင်တပ်တွေ ထိုးစစ်ဆင်ဖို့ ပြင်ဆင်


အမေရိကန်အထူးတပ်ဖွဲ့ဝင်တွေဟာ IS အကြမ်းဖက်အုပ်စုရဲ့ အချက်အခြာ ပစ်မှတ်ကို တိုက်ခိုက်ဖို့ ရည်ရွယ်ချက်နဲ့ ရတ်သတ္တပတ် အနည်းငယ် အတွင်းမှာပဲ နေရာယူကြတော့မှာ ဖြစ်ပါတယ်။ ဒါဟာ ကမ္ဘာကြီးအတွက် ကြီးထွားလာနေတဲ့ ခြိမ်းခြောက်မှုတရပ်လို့ အများက ယူဆနေကြတဲ့ ကိစ္စကို ချေမှုန်းဖို့ အင်အားပိုမိုဖြည့်တင်းမှု တရပ်လည်း ဖြစ်ပါတယ်။

ပစ်မှတ်စူးစမ်းရေး အထူးတပ်ဖွဲ့လို့ခေါ်တဲ့ ဒီအဖွဲ့ထဲမှာ - အထူးတပ်ဖွဲ့ဝင်တွေ ၂၀၀ ခန့် ပါဝင်မှာဖြစ်ပြီး၊ မကြာခင် ရက်သတ္တပတ်အတွင်း အီရတ်နိုင်ငံမှာ နေရာယူကြတော့မယ်လို့ ဒီအစီအစဉ်တွေကို သိရှိထားတဲ့ အရာရှိတွေက ပြောကြားလိုက်ပါတယ်။ ဒီတပ်ဖွဲ့တွေရဲ့ ရည်ရွယ်ချက်ကတော့ အီရတ်နဲ့ ဆီးရီးယား နှစ်နိုင်ငံစလုံးမှာရှိတဲ့ IS တို့ရဲ့ အဓိကသော့ချက်ကျတဲ့ ခေါင်းဆောင်မှုနဲ့ ထိန်းချုပ်ကွပ်ကဲမှုအပေါ် အချိန်တိုအတွင်း ထောက်လှမ်းပြီး အခွင့်ကောင်းယူ တိုက်ခိုက်နိုင်ဖို့အတွက်ပဲ ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ အမေရိကန်အရာရှိတဦးက ဗွီအိုအေကို ပြောကြားခဲ့ပါတယ်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး Ash Carter က အင်္ဂါနေ့က အောက်လွှတ်တော် လက်နက်ကိုင်တပ်ဖွဲ့များ ရေးရာကော်မတီ ရှေ့မှောက် ထွက်ဆိုရာမှာ - တပ်ဖွဲ့သစ် စေလွှတ်ချထားမယ့်အကြောင်းကို ကြေညာခဲ့ပြီး၊ IS အဖွဲ့ကို တိုက်ခိုက်ရာမှာ အီရတ်နဲ့ ကာဒ့်လက်နက် ကိုင်တပ်ဖွဲ့တွေကို ဒီအထူးတပ်ဖွဲ့က ကူညီသွားမှာ ဖြစ်သလို၊ အီရတ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ပြီး တပ်တွေစေလွှတ်သွားမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

အထူးတပ်ဖွဲ့ဝင်တွေဟာ - နောက်ပိုင်းမှာ စီးနင်းတိုက်ခိုက်မှုတွေလုပ်ဆောင်ဖို့၊ ဓားစာခံတွေ ကယ်တင်ဖို့၊ ထောက်လှမ်းရေး အချက်အလက်တွေ စုဆောင်းဖို့နဲ့ IS စစ်သွေးကြွခေါင်းဆောင်တွေကို ဖမ်းဆီးဖို့တွေ လုပ်ဆောင်နိုင်မှာဖြစ်သလို၊ ဆီးရီးယားနိုင်ငံတွင်းကို ဝင်ရောက်ပြီး သီးခြား စစ်ဆင်ရေးတွေ ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့လည်း ပြောဆိုသွားခဲ့ပါတယ်။

XS
SM
MD
LG