သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားစစ်ပွဲကိစ္စ ကန်သံအမတ် ကုလအတွင်းရေးမှူးချုပ်ထံ စာပေးပို့


ဆီးရီးယားမှာရှိတဲ့ Islamic State IS လို့ခေါ်တဲ့ အစ္စလာမ် စစ်သွေးကြွတွေကို လေကြောင်းကနေ ပထမဦးဆုံး စတင် တိုက်ခိုက်မှု ပြုလုပ်လိုက်ပြီ ဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စုက ကြေညာလိုက်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ဆီးရီးယားအစိုးရအနေနဲ့ သူ့နိုင်ငံအတွင်းမှာ အခြေစိုက်နေတဲ့ စစ်သွေးကြွတွေကို အဆုံးသပ်သွားအောင် မလုပ်နိုင်တာ၊ ဒါမှမဟုတ် မလုပ်တာဖြစ်တဲ့အတွက် အခုလို အရေးယူဆောင်ရွက်ရတာ ဖြစ်တယ်လို့ ပြောပါတယ်။

IS စစ်သွေးကြွတွေဟာ အီရတ်နိုင်ငံက ပြည်သူတွေကို တိုက်ခိုက်ဖို့အတွက် ငွေ ကြေးထောက်ပံ့မှုတွေ လေ့ကျင့်သင်တန်း ပေးတာတွေကို ဆီးရီးယားနိုင်ငံအတွင်းကနေ ဘေးကင်း လုံခြုံစွာနဲ့ လုပ်ကိုင်လျက်ရှိတယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် ပြည်ထောင်စုရဲ့ သံတမန် Samantha Power က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းထံကို စာရေးပြီး အကြောင်းကြားခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ ကြေညာစာတမ်းအရ နိုင်ငံတနိုင်ငံအနေနဲ့ သူ့ရဲ့ပိုင်ဆိုင်တဲ့ နယ်နမိတ်အတွင်းမှာ ဒါမျိုးလုပ်ဆောင်နေတာကို ဟန့်တားဖို့ တာဝန်ရှိတယ်လို့ အဖွဲ့ဝင်နိုင်ငံတွေကို တောင်းဆိုထားတဲ့အကြောင်း သူမရဲ့ စာထဲမှာ ဖော်ပြထားပါတယ်။

အမေရိကန်သမ္မတ Barack Obama ကလည်း အကြမ်းဖက်သမားတွေအနေနဲ့ နိုင်ငံတခုမှာ ဘေးကင်းလုံခြုံစွာ နေထိုင်ပြီး အမေရိကန် နိုင်ငံသားတွေအပေါ် ခြိမ်းခြောက်မှု ပြုနေတာမျိုးကို ခွင့်မပြုနိုင်ဘူးလို့ ပြောဆိုထားပါတယ်။

ဆီးရီးယားနိုင်ငံအတွင်းက IS စစ်သွေးကြွတွေနဲ့ အယ်လ်ကိုင်းဒါး အကြမ်းဖက်သမားတွေရဲ့ ပစ်မှတ်တွေကို စတင် တိုက်ခိုက်ခဲ့တဲ့ အင်္ဂါနေ့က လေကြောင်းစစ်ဆင်ရေးဟာ အလွန်အောင်မြင်ခဲ့တယ်လို့လည်း အမေရိကန် စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ ဒီလေကြောင်းတိုက်ခိုက်မှုကို အာရပ် ၅ နိုင်ငံဖြစ်တဲ့ ဘာရိန်း၊ ဂျော်ဒန်၊ ကာတာ၊ ဆော်ဒီအာရေးဘီးယား နဲ့ UAE အာရပ်စော်ဘွားများ ပြည်ထောင်စုတို့နဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG