သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးလ် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ၃၅ နှစ် အတွင်း မြန်မာနိုင်ငံရောက်


အစ္စရေးလ် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Tzachi Hanegbi ဟာ ၃၅ နှစ်အတွင်း ပထမဆုံး အဆင့်မြင့် အစ္စရေးလ်အရာရှိအဖြစ်နဲ့ မြန်မာနိုင်ငံကို ဗုဒ္ဓဟူးနေ့က ရောက်ရှိသွားပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို နောက်ဆုံး တရားဝင် အလည်အပတ် ရောက်ရှိခဲ့သူကတော့ အစ္စရေးလ် ခေါင်းဆောင်ဟောင်း Moshe Dayan ဖြစ်ပြီး ၁၉၇၉ ခုနှစ်က ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

မြန်မာနဲ့ အစ္စရေးလ်နိုင်ငံတို့ဟာ ၁၉၅၀ ခုနှစ်တွေကစလို့ ရေရှည် ချစ်ကြည် ရင်းနှီးခဲ့ကြတဲ့ နိုင်ငံတွေဖြစ်ပြီး ၁၉၅၉ ခုနှစ်မှာ အဲဒီအချိန်က ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်နေတဲ့ ဦးနု အစ္စရေးလ်ကို သွားရောက်လည်ပတ်ခဲ့သလို အစ္စရေးလ် ဝန်ကြီးချုပ် David Ben Gurion ကလည်း ၁၉၆၁ ခုနှစ်မှာ မြန်မာနိုင်ငံကို သွားရောက် လည်ပတ်ခဲ့တဲ့အကြောင်း ဂျေရုဆလင်မြို့မှာရှိတဲ့ အစ္စရေးလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရရုံးက ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံအတွင်း စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေတာက အစ္စရေးလ်နိုင်ငံ ကုမ္ပဏီတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ အပါအဝင် နိုင်ငံတကာက ရင်းနှီးမြှုပ်နှံသူတွေကို စွဲဆောင်မှု ပေးနေကြောင်းလည်း အဲဒီကြေငြာချက်မှာ ဖော်ပြထားပါတယ်။

လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Hanegbi ရဲ့ ၃ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း အစ္စရေးလ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ဖူးသူ လက်ရှိ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား နိုင်ငံရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံသွားမယ်လို့ ဆိုပါတယ်။

လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Hanegbi ဟာ မြန်မာနိုင်ငံကနေ သောကြာနေ့ မှာ ပြန်လည် ထွက်ခွာမှာ ဖြစ်ပါတယ်။

XS
SM
MD
LG