သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာတိုက်ခိုက်မှုကြောင့် အမေရိကန်လေယာဉ်တွေ Tel Aviv ကို ပျံသန်းခွင့်ပိတ်


Tel Aviv မြို့က အစ္စရေးလ်နိုင်ငံတကာလေဆိပ်ကို ပျံသန်းမယ့် အမေရိကန်လေကြောင်းလိုင်းတွေကို အဲဒီကို မသွားဖို့ အမေရိကန် လေကြောင်းထိန်းသိမ်းရေးဌာနက ၂၄ နာရီကြာ တားမြစ်လိုက်ပါတယ်။ ဂါဇာမှာရှိတဲ့ Hamas စစ်သွေးကြွတွေ ပစ်လိုက်တဲ့ ဒုံးကျည်တစင်း အဲဒီလေဆိပ်နားကို ကျပြီးတဲ့နောက် အဲဒီလို တားမြစ်လိုက်တာပါ။

ဒါ့အပြင် ဥရောပလေကြောင်းလိုင်းတွေကလည်း သူတို့ရဲ့ လေယာဉ်ခရီးစဉ်တွေကို အမြန်ဆုံး ဖျက်သိမ်းလိုက်ကြပါတယ်။ Ben Gurion လေဆိပ်နဲ့ ၁ မိုင်လောက်ပဲ ဝေးတဲ့နေရာကို ဒုံးကျည်ကျလာခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာပြီးတဲ့နောက် အမေရိကန်လေကြောင်းလိုင်း ၃ ခုက အင်္ဂါနေ့မှာ သူတိုရဲ့ ခရီးစဉ်တွေကို ဖျက်သိမ်းလိုက်တာပါ။

ပထမတုန်းကတော့ အမေရိကန်က တားမြစ်ချက် တစုံတရာ ထုတ်ပြန်ခဲ့တာ မရှိခဲ့ပါဘူး။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ အမေရိကန် ဗဟိုလေကြောင်း အုပ်ချုပ်ရေးဌာနက တားဆီးလိုက်တာဖြစ်ပြီး၊ အခြေအနေတွေကို လေ့လာ စောင့်ကြည့်သွားမယ်လို့ ပြောပါတယ်။

Delta လေကြောင်းလိုင်းက Tel Aviv မြို့ကို ပျံသန်းမယ့် သူတို့ရဲ့ ခရီးစဉ်တွေအားလုံးကို ရက်အကန့်အသတ်မရှိ ဖျက်သိမ်းလိုက်တယ်လို့ ပြောပါတယ်။ တိုက်ခိုက်မှုဖြစ်တယ်လို့ သတင်းတွေကြားပြီးတဲ့နောက် နယူးယောက်ကနေ Tel Aviv ကိုသွားနေတဲ့ လေယာဉ်ကို ပဲရစ်မြို့ကို လမ်းကြောင်းပြောင်းလိုက်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် Philadelphia မြို့ကနေ Tel Aviv ကိုသွားမယ့် U.S. Airways လေကြောင်းလိုင်းကလည်း အင်္ဂါနေ့က သူတို့ရဲ့ ခရီးစဉ်တွေကို ရုပ်သိမ်းလိုက်ပြီး United လေကြောင်းလိုင်းကလည်း နယူးဂျာစီကနေ သွားမယ့်ခရီးစဉ်တွေကို အကန့်အသတ်မရှိ ပယ်ဖျက်လိုက်ပါတယ်။

ဒါ့အပြင် ဒတ်ချ်လေကြောင်းလိုင်း KLM၊ ပြင်သစ်လေကြောင်းနဲ့ ဂျာမနီက Lufthansa လေကြောင်းလိုင်းတွေကလည်း Tel Aviv ကိုသွားမယ့် ခရီးစဉ်တွေကို ဖျက်လိုက်ပါတယ်။ Hamas ရဲ့ ဒုံးကျည်တိုက်ခိုက်မှုကြောင့် အိမ်တအိမ်ထိမှန်ပြီး အစ္စရေးလ်တယောက် ဒဏ်ရာအနည်းငယ် ရသွားတယ်လို့ အစ္စရေးလ်ရဲက ပြောပါတယ်။

XS
SM
MD
LG