သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီသင်္ဘော တိုက်ခိုက်ခဲ့မှု အစ္စရေးတောင်းပန်


သမ္မတအိုဘားမားရဲ့ အရှေ့အလယ်ပိုင်းခရီးစဉ်အတွင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နာတန်ရာဟု နှင့်အတူ တွေ့ရစဉ်။
သမ္မတအိုဘားမားရဲ့ အရှေ့အလယ်ပိုင်းခရီးစဉ်အတွင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နာတန်ရာဟု နှင့်အတူ တွေ့ရစဉ်။
၂၀၁၀ ခုနှစ်တုန်းက အစ္စရေးလ်က တူရကီသင်္ဘောကို လူတွေသေလောက်တဲ့အထိ ဝင်ရောက်စီး နင်းခဲ့တဲ့ ဖြစ်ရပ်နဲ့ပတ်သက်ပြီးတော့ အစ္စရေးလ်ဝန်ကြီးချုပ် ဘန်ဂျမင် နာတန်ရာဟုက တူရကီနိုင်ငံကို တောင်းပန်လိုက်ပါတယ်။ အမေရိကန်သမ္မတ ဘရက်အိုဘားမားရဲ့ အရှေ့အလယ်ပိုင်းခရီးစဉ် ၃ ရက်မြောက်နေ့အတွင်း သမ္မတအိုဘားမားရဲ့ ကြားဝင်စေ့စပ်ပေးမှုကြောင့် အခုလို တောင်းပန်လိုက်တာ ဖြစ်ပါတယ်။

အခုလို တောင်းပန်လိုက်တဲ့အတွက် ၂ နိုင်ငံကြား ၃ နှစ်နီးပါးလောက် သံတမန်ရေး ပြဿနာဖြစ်နေ ခဲ့တာကို အဆုံးသတ်သွားခဲ့ပြီး ၂ နိုင်ငံကြား သံတမန်ဆက်ဆံရေးတွေ အပြည့်အ၀ ပြန်လည် ထားရှိနိုင်ဖို့ လမ်းပွင့်သွားခဲ့ပါတယ်။ အစ္စရေးလ်ဝန်ကြီးချုပ် နာတန်ရာဟုက တူရကီဝန်ကြီးချုပ် ရီဆပ် တာရိ အာဒိုဂန်ကို ဖုန်းဆက်ပြီးတော့ တောင်းပန်ခဲ့တာဖြစ်ပြီး အဲဒီ ဖြစ်ရပ်အတွင်း ထိခိုက် နစ်နာဆုံးရှုံးသွားတဲ့ မိသားစုတွေအတွက် နစ်နာကြေးတွေပေးဖို့လည်း မစ္စတာ နာတန်ရာဟုဘက်က ကမ်းလှမ်းခဲ့ပါတယ်။

၂၀၁၀ ခုနှစ်က မေလက ဖြစ်ခဲ့တဲ့ အဲဒီဖြစ်ရပ်အတွင်း တူရကီနိုင်ငံသား ၉ ယောက် သေဆုံးခဲ့ပါတယ်။ အစ္စရေးလ် ရေတပ်သင်္ဘောတွေက ဂါဇာကမ်းမြောင်ဒေသကို ပိတ်ဆို့ထားတာကို တူရကီသင်္ဘော ၆ စင်းက ဖြတ်ပြီး အကူအညီတွေပေးဖို့ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။

အမေရိကန်သမ္မတအိုဘားမားကလည်း ၂ နိုင်ငံကြားမှာ အခုလို ပြန်လည်သင့်မြတ်သွားတာကို ကြိုဆိုတယ်လို့ ပြောကြားလိုက်ပြီး အမေရိကန်အနေနဲ့ ၂ နိုင်ငံစလုံးနဲ့ ဆက်ဆံရေးကို အလေးအနက်တန်ဖိုးထားတယ်လို့ သောကြာနေ့က ထုတ်ပြန်တဲ့ကြေညာချက်မှာ ပြောထားပါတယ်။
XS
SM
MD
LG