သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံပြင်ပြီး လိုက်နာအကောင်အထည်ဖေါ်ဖို့လည်းအရေးကြီး


ပြည်သူ့လွှတ်တော်
ပြည်သူ့လွှတ်တော်
မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်ရေး အရေးကြီးသလိုပဲ ဖွဲ့စည်းပုံနဲ့အညီ လိုက်နာဆောင်ရွက် အကောင်အထည် ဖော်သွားဖို့ကလည်း အရေးကြီးတဲ့ကိစ္စ ဖြစ်တယ်လို့ မြန်မာ့အရေး ကျွမ်းကျင်သူ ဂျော့ချ်တောင်း တက္ကသိုလ်က ပါမောက္ခ ဒေးဗစ်စတိုင်းဘတ်က ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့ ကနဦး ခြေလှမ်းတရပ်အဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာစိစစ်ရေး လွှတ်တော်ကော်မတီက သြဂုတ်လ ၂၃ ရက်နေ့မှာ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေးမှာ အဓိက ဘယ်အရာတွေက စိန်ခေါ်မှုတွေ ဖြစ်နေတာပါလဲ။ ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

အငြင်းပွားစရာတွေ ဖြစ်နေတဲ့ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးမှာ လက်ရှိ စစ်တပ်ရဲ့ ပါဝင်မှုအခန်းကဏ္ဍက စိန်ခေါ်မှု တရပ်အဖြစ် ရှိနေတာ ငြင်းစရာမရှိသလို ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ထည့်သွင်းစဉ်းစားစရာတွေ အများကြီးရှိနေတယ်လို့ မြန်မာ့အရေး ကျွမ်းကျင်သူ ဂျော့ချ်တောင်း တက္ကသိုလ်က ပါမောက္ခ ဒေးဗစ် စတိုင်းဘတ်က ပြောပါတယ်။ ဖွဲ့စည်းပုံ ဥပဒေ ပြင်ဆင်ရေး သာမက ဥပဒေတွေကို ဘယ်လောက်ထိ လက်တွေ့ အကောင်အထည်ဖော်နိုင်သလဲ ဆိုတဲ့ ကိစ္စကလည်း အရေးကြီးတယ်လို့ သူက ဆိုပါတယ်။

“သေချာတာကတော့ စစ်တပ်က သူ့ရဲ့ အခန်းကဏ္ဍ၊ သူ လုပ်ဆောင်ချင်တဲ့ အရာတွေကို ဖွဲ့စည်းပုံထဲမှာ အခိုင်အမာ ပြဌာန်း နေရာယူထားပြီးသား ဖြစ်ပါတယ်။ ဆိုတော့ ဒီလို ပြဌာန်းထားတဲ့အတွက် လူတဦးချင်းစီရဲ့ လွတ်လပ်ခွင့်၊ ဒေသတခုချင်းစီရဲ့ လွတ်လပ်ခွင့်တွေ ပိုပြီး ရလာဖို့ဆိုတာ မလွယ်ပါဘူး။ ဥပမာ ဆင်ဆာတည်းဖြတ်ခွင့် ဖယ်ရှားပေးလိုက်တာမျိုးလောက်နဲ့ မပြီးသွားပါဘူး။ လွတ်လပ်စွာ တရားစီရင်ပိုင်ခွင့် ရှိဖို့ ဆိုတဲ့ ကိစ္စတွေကလည်း အရေးကြီးပါတယ်။ ဖွဲ့စည်းပုံနဲ့ပတ်သက်လို့ မေးခွန်းထုတ်စရာတွေ ကတော့ အများကြီးပါ။ ဖွဲ့စည်းပုံပါ ဥပဒေတွေကို လက်တွေ့ အကောင်အထည်ဖော် သွားနိုင်ဖို့ကလည်း အရေးကြီးပါတယ်။”

အရင်အစိုးရလက်ထက် ရေးဆွဲ အတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံနဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေ ရှိနေတာမှာ ဖွဲ့စည်းပုံအရ ဘယ်လိုလူတွေသာ သမ္မတ နဲ့ ဒုသမ္မတ ဖြစ်ခွင့်ရှိတယ်ဆိုတဲ့ ပြဌာန်းချက်တွေကိုသာ လူတွေက ထောက်ပြဝေဖန်နေကြသလို တကယ်တော့ ဒီအချက်တွေအပြင် တခြားအရေးပါတဲ့ ထောက်ပြစရာ အချက်တွေ အများအပြား ရှိနေတာ ဖြစ်တယ်လို့လည်း မစ္စတာစတိုင်းဘတ်က ထောက်ပြပါတယ်။


“ဘယ်ဖွဲ့စည်းပုံ မဆို လိုအပ်ရင် ပြင်ဆင်နိုင်ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိ ဖွဲ့စည်းပုံ ဆိုရင် အသစ်ဖြစ်ရုံသာမက ဒီဖွဲ့စည်းပုံကို ဘယ်လို အတည်ပြုထားသလဲ ဆိုတာနဲ့ ပတ်သက်လို့ မေးခွန်းထုတ်စရာတွေ ရှိနေတဲ့ ဖွဲ့စည်းပုံပါ။ ဆိုတော့ ဒီ ဖွဲ့စည်းပုံနဲ့ ပတ်သက်လို့ ပြဿနာတွေ အများကြီး ရှိနေတာပါ။ ဒီအထဲမှာ ဘယ်သူတွေ သမ္မတ၊ ဒုသမ္မတတွေ ဖြစ်ခွင့်ရှိတယ်၊ လွှတ်တော်ထဲမှာ တပ်မတော်သားတွေ ပါဝင်ခွင့်၊ ဘယ်လောက်များများ ပါဝင်နေတယ် စသဖြင့် ပြဿနာတွေ ရှိပါတယ်။ ဒါပေမဲ့ တခြား ဒီ့ထက်အရေးပါတဲ့ ထောက်ပြစရာ အချက်တွေ လည်း အများကြီးပါ။ ဥပမာ တိုင်းဒေသတွေနဲ့ ပြည်နယ် လွှတ်တော်တွေ အနေနဲ့ လုပ်ပိုင်ခွင့်တွေ ဘယ်လောက်အထိ ပေးထားလဲ။ သူတို့ရဲ့ လုပ်ပိုင်ခွင့်တွေကို ပိုပြီးတော့ ပေးထားသင့်သလား။ ဒီလိုပေးမှုက ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိနိုင်မလဲ။ လူနည်းစုတွေရဲ့ ဘာသာစကား၊ ယဉ်ကျေးမှု၊ ကိုးကွယ်ယုံကြည်မှုတွေနဲ့ ပတ်သက်လို့ ဘာတွေ သတ်မှတ်ပြဌာန်း ထားသင့်သလဲ။ စတဲ့ အရေးပါတဲ့ ထည့်သွင်းစဉ်းစားရမယ့် အကြောင်းအရာတွေ ရှိပါတယ်။”

လွှတ်တော်တွင်း တပ်မတော်သားတွေကို နေရာပေးထားတဲ့ကိစ္စ အပါအဝင် မေးခွန်းထုတ်စရာ ဖြစ်နေတဲ့ မြန်မာ နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ဖို့ ပထမခြေလှမ်းတရပ် အနေနဲ့ ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပေးထားတဲ့ ၂ဝဝ၈ ခုနှစ်အခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီ ဟာ သြဂတ်စ်လ ၂၃ ရက်နေ့မှာ ပထမဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။ ပြည်ထောင်စု လွှတ်တော်ကနေ ဒီကော်မတီကို လုပ်ပိုင်ခွင့်နဲ့ တာဝန်တွေ အတည်ပြုနိုင်ဖို့ အတွက် ကော်မတီအတွင်း ပြင်ဆင်စရာ ရှိတာတွေကို အဓိက ဆွေးနွေးတာဖြစ်သလို ကော်မတီ အတွင်းရေးမှူးနဲ့ အထွေထွေ အတွင်းရေးမှူးတွေကိုလည်း ရွေးချယ်ခဲ့ကြတယ်လို့ ကော်မတီ အဖွဲ့ဝင်တဦးက ဗွီအိုအေကို ပြောပါတယ်။ ဒီလွှတ်တော်ကော်မတီ အနေနဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဘယ်လောက်အထိ အကြံ ပြုနိုင်မလဲ၊ သူတို့ရဲ့ အကြံပြုချက်တွေကို လွှတ်တော်ကို ဘယ်အချိန်မှာ တင်သွင်းလာနိုင်မလဲဆိုတာလည်း သေချာ မသိရသေးပါဘူး။ ဝေဖန်သူတွေကတော့ ဒီလွှတ်တော်အနေနဲ့ ဖွဲ့စည်းပြီးကတည်းက ဘာလုပ်ဆောင်ချက်မှ သေသေချာချာ လုပ် မပြနိုင်သေးတဲ့အပေါ်မှာ ထောက်ပြ ဝေဖန်နေကြတာဖြစ်ပါတယ်။
XS
SM
MD
LG