သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီတလီအစိုးရနဲ့ ဒေါ်စု မြန်မာ့အရေးဆွေးနွေး


မြန်မာ့ငြိမ်းချမ်းရေးနိုဘဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အီတလီနိုင်ငံခြားရေးဝန်ကြီး Emma Bonino တို့ရဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမြင်ကွင်း။(အောက်တိုဘာ ၂၈၊ ၂၀၁၃)
မြန်မာ့ငြိမ်းချမ်းရေးနိုဘဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အီတလီနိုင်ငံခြားရေးဝန်ကြီး Emma Bonino တို့ရဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမြင်ကွင်း။(အောက်တိုဘာ ၂၈၊ ၂၀၁၃)
မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေး ဆောင်ရွက်ချက်တွေကို
အီတလီနိုင်ငံက ထောက်ခံကူညီသွားမှာဖြစ်သလို နှစ်နိုင်ငံစီးပွားရေး အကျိုးတူပူးပေါင်းဆောင်ရွက်ဖို့ ရည်ရွယ်ထားတဲ့အကြောင်း အီတလီအစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေက ဒေါ်အောင်ဆန်းစုကြည်ကို ပြောဆိုခဲ့ပါတယ်။ အီတလီနိုင်ငံကို ရောက်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ အီတလီအစိုးရ၊ လွှတ်တော်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေးရာမှာ ပြောဆိုခဲ့တာပါ။ ဒီကနေ့မှာပဲ ဗာတီကန်ကျောင်းတော်မှာ ပုပ်ရဟန်းမင်းကြီးနဲ့ပါ တွေ့ဆုံခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အီတလီခရီးစဉ် နောက်ဆုံး အခြေအနေကိုတော့ မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အီတလီသမ္မတ Napolitano
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အီတလီသမ္မတ Napolitano

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်ပိုင်းမှာ အီတလီသမ္မတအပါအဝင် ဝန်ကြီးချုပ် Enrico Letta နဲ့ တွေ့ဆုံခဲ့ပါတယ်။ အီတလီနိုင်ငံရဲ့ အစိုးရထိပ်ပိုင်း ခေါင်းဆောင်တွေအနေနဲ့ မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ဖို့ အချက် ထောက်ခံကြောင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေး အပြီးမှာ ထုတ်ဖော် ပြောဆိုခဲ့ကြပါတယ်။ အီတလီဝန်ကြီးချုပ် Enrico Letta ကလည်း မြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စကို သူ့အနေနဲ့ ထောက်ခံတယ် လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးအပြီး သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ ဝန်ကြီးချုပ်ရုံးရဲ့ပြောခွင့်ရ အမျိုးသမီးကလည်း သူတို့နှစ်ဦး တွေ့ဆုံပွဲနဲ့ ပတ်သက်လို့ ဗွီအိုအေကို အခုလိုပြောပါတယ်။

“ဝန်ကြီးချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဆွေးနွေးခဲ့တဲ့ အချက်တွေထဲမှာ မြန်မာ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တွေ အင်နဲ့အားနဲ့ ဆောင်ရွက်နိုင်ဖို့ အီတလီနိုင်ငံက ကူညီပံ့ပိုးပေးသွားမယ့်ကိစ္စပါဝင်ပါတယ်။ ဒါ့အပြင် အီတလီနိုင်ငံ Milan မှာ ကျင်းပမယ့် ၂၀၁၅ ခုနှစ်၊ ကမ္ဘာ့ကုန်စည်ပြပွဲကို တက်ရောက်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ဝန်ကြီးချုပ်က ဖိတ်ကြားခဲ့ပါတယ်။”

နိုင်ငံခြားရေးဝန်ကြီး Emma Bonino ရဲ့သတင်းထုတ်ပြန်ချက်ထဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ သူနဲ့အတူ စီးပွားရေးဖွံ့ဖြိုးမှုဝန်ကြီးနဲ့ ဒီကနေ့ နေ့လည်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြောင်းနဲ့ မြန်မာ့ဒီမိုကရေစီ အသွင် ကူးပြောင်းရေး ဆောင်ရွက်ချက်တွေကို အီတလီနိုင်ငံအနေနဲ့ ထောက်ခံ ကူညီသွားမှာဖြစ်သလို နှစ်နိုင်ငံစီးပွားရေး အကျိုးတူပူးပေါင်းဆောင်ရွက်ဖို့ ရည်ရွယ်ထားတဲ့အကြောင်း ဖော်ပြထားပါတယ်။

ညနေပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အီတလီလွှတ်တော်ကို သွားရောက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါ့အပြင် ဗာတီကန်ကျောင်းတော်မှာ ပုပ်ရဟန်းမင်းကြီး Francis နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ မနေ့ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အီတလီနိုင်ငံကို တနင်္ဂနွေနေ့မှာ ရောက်ပြီးတော့ ညပိုင်းမှာတော့ ရောမမြို့ရဲ့ မြို့တော်ခန်းမမှာ ရောမမြို့ကနေ ပေးတဲ့ ဂုဏ်ထူးဆောင်မြို့သူဆုကို လက်ခံယူခဲ့တာပါ။

ဒီဆုကို လက်ခံရယူခဲ့တာနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်တိုဘာ (၃၀) ရက် ဗုဒ္ဓဟူးနေ့၊ စိန့်လူစီးယား Saint Lucia ခန်းမမှာ လူထုပရိသတ်ကို မိန့်ခွန်းပြောကြားဖို့ ရှိပါတယ်။ အဲဒီနေ့ နေ့လည်ပိုင်း အော်လာ မက်ဂ်နာ (Aula Magna) မှာ ဂုဏ်ထူးဆောင် တွေးခေါ်ပညာရှင်ဆုကို ဒေါ်အောင်ဆန်းစုကြည် လက်ခံရယူမှာဖြစ်ပါတယ်။
ပုပ် Francis နဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
ပုပ် Francis နဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
XS
SM
MD
LG