သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေ့ပြောင်းဝင်ရောက်သူ ၄,၀၀၀ ကျော် အီတလီကယ်တင်


သောကြာနေ့ကစပြီး အီတလီကမ်းခြေစောင့်တပ်က ကယ်တင်ထားတဲ့ ရွှေ့ပြောင်းအခြေချလိုသူ ၄ ထောင်ကျော်ထဲက အချို့ကို တွေ့ရစဉ်။ (မေ ၃၀၊ ၂၀၁၅)
သောကြာနေ့ကစပြီး အီတလီကမ်းခြေစောင့်တပ်က ကယ်တင်ထားတဲ့ ရွှေ့ပြောင်းအခြေချလိုသူ ၄ ထောင်ကျော်ထဲက အချို့ကို တွေ့ရစဉ်။ (မေ ၃၀၊ ၂၀၁၅)

ရွှေ့ပြောင်းဝင်ရောက်သူ ၄၂၀၀ ကျော်ကို လစ်ဗျားကမ်းလွန်ပင်လယ်ထဲမှာ တရက်ထဲနဲ့ ကယ်တင်လိုက်ပါတယ်။ ဥရောပသမဂ္ဂ EU အဖွဲ့ဝင်နိုင်ငံတွေမှာ ကောင်းမွန်တဲ့ နေထိုင်မှုဘဝရဖို့အတွက် မြေထဲပင်လယ်ကိုဖြတ်ပြီး အဲဒီနိုင်ငံတွေဆီသွားဖို့ ကြိုးစားကြတာလို့ အီတလီတာဝန်ရှိသူတွေက စနေနေ့မှာပြောပါတယ်။

အီတလီရေတပ်၊ ဂျာမန်၊ အိုင်ယာလန်၊ ဘယ်လ်ဂျီယန်နဲ့ ဗြိတိန်သင်္ဘောတွေရဲ့ အထောက်အကူနဲ့ အီတလီ ကမ်းရိုးတန်းစောင့်တပ်က ကူညီ ကယ်ဆယ်ရေးလုပ်ငန်း ၂၂ ကြိမ် လုပ်ခဲ့တာပါ။ ရွှေ့ပြောင်းဝင်ရောက်သူ ၄,၂၄၃ ဦးကို ဆီစီလီကျွန်းအပါအဝင် အီတလီတောင်ပိုင်းကျွန်းတွေဆီ ခေါ်သွားပါတယ်။

ငါးဖမ်းသင်္ဘောတစင်းပေါ်မှာ လူသေအလောင်း ၁၇ လောင်းနဲ့ ရာဘာလှေတွေကို တွေ့ရတယ်လို့ ကမ်းရိုးတန်းစောင့်တပ်က ပြောပါတယ်။ သေဆုံးသူတွေ ဘယ်နိုင်ငံသားဖြစ်တယ်ဆိုတာနဲ့ သေဆုံးရတဲ့ အခြေအနေတွေကို မသိရသေးပါဘူး။ ဒါပေမဲ့လဲ ပုံမှန်အားဖြင့် စုတ်ချာချာရေယာဉ်တွေပေါ်မှာ အားပြတ်တာ၊ ရေငတ်တာ၊ နေဒဏ်ရေဒဏ်နဲ့ လေဒဏ်ထိတာ၊ အကြမ်းပတမ်း ဆက်ဆံခံရတာလို ဆိုးရွားတဲ့အခြေအနေတွေ ကြုံကြရတယ်လို့ အီတလီတာဝန်ရှိသူတွေက ပြောလေ့ရှိပါတယ်။

ပင်လယ်ကိုဖြတ်ပြီး အန္တရာယ်များလှတဲ့ခရီးကို စွန့်စားသွားကြတဲ့ ရွှေ့ပြောင်းဝင်ရောက်သူအရေအတွက်ဟာ မကြာသေးခင် အချိန်တွေအတွင်း ပိုတိုးလာတာပါ။ မြောက်အာဖရိကဒေသက ရွှေ့ပြောင်းဝင်ရောက်သူအများအပြား စုဝေးရာနေရာဖြစ်တဲ့ လစ်ဗျားမှာ အခြေအနေတွေပိုဆိုးလာတာကြောင့် အခုလို တိုးလာတာဖြစ်တယ်လို့ လေ့လာသူတွေကပြောပါတယ်။

XS
SM
MD
LG