သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မင်းသား William နဲ့ မင်းသမီး Kate တို့ သားဦးရတနာဖွားမြင်


သားဦးရတနာ ဖွားမြင်ကြောင်း နန်းတော်က သတင်းထုတ်ပြန်စဉ်။ (ဇူလိုင် ၂၂၊ ၂၀၁၃)။
သားဦးရတနာ ဖွားမြင်ကြောင်း နန်းတော်က သတင်းထုတ်ပြန်စဉ်။ (ဇူလိုင် ၂၂၊ ၂၀၁၃)။
ဗြိတိန်နိုင်ငံက မင်းသား ဝီလျံ (William) ရဲ့ ကြင်ယာတော် ကိတ် (Kate) ဟာ သားဦးယောကျာ်းလေး ဖွားမြင်ကြောင်း ဗြိတိန်အရာရှိတွေက ပြောပါတယ်။

အခုမွေးဖွားတဲ့ ကလေးဟာ ထီးနန်းဆက်ခံဖို့ နံပါတ် (၃) နေရာကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။ ဘုရင်မကြီး အဲလိဇဘတ် (Elizabeth) ရဲ့သားကြီး မင်းသားကြီး ချားလ်စ် (Charles) နဲ့ သူ့ရဲ့သားတော် မင်းသား ဝီလျံ တို့ပြီးရင် တတိယမြောက် နန်းလျာလောင်း ဖြစ်လာမှာပါ။

Kensington နန်းတော်ရဲ့ ထုတ်ပြန်ချက်အရ၊ ကလေးငယ်ဟာ တနင်္လာနေ့ နေ့လည်ပိုင်းမှာ ဖွားမြင်တာဖြစ်ပြီးတော့ ကိုယ်အလေးချိန် ၈ ပေါင် ၆ အောင်စ ရှိတယ်လို့ ဆိုပါတယ်။ အခုအခါမှာ ကလေးရော မိခင်ပါ ကျန်းကျန်းမာမာရှိပြီး၊ ဆေးရုံမှာပဲ ညအိပ်ရဦးမယ်လို့ နန်းတော်တာဝန်ရှိသူတွေက ပြောပါတယ်။

ကိန်းဘရစ်မြို့စားကတော်ဟာ တနင်္လာနေ့ အစောပိုင်းတုန်းက လန်ဒန်မြို့ အလယ်ပိုင်းက စိန့်မေရီ ဆေးရုံကို တက်ရောက်ခဲ့တာဖြစ်ပြီး၊ ဆေးရုံအပြင်ဘက် မှာတော့ နိုင်ငံတကာ သတင်းမီဒီယာတွေ ရာနဲ့ချီပြီးတော့ စုရုံးရောက်ရှိ နေခဲ့ကြတာပါ။

ကလေးငယ် မွေးဖွားသန့်စင် ပြီးချိန်မှာတော့ ဒီအချိန်ဟာ ဗြိတိန်နိုင်ငံအတွက် အရေးကြီးတဲ့ အခါသမယ ဖြစ်တယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း (David Cameron) က ပြောဆိုခဲ့ပါတယ်။ နိုင်ငံတဝှမ်းမှာလည်း မင်းသား ဝီလျံ နဲ့ ကြင်ယာတော် ကိတ် တို့ရဲ့ သားဦးအတွက် ဝမ်းသာဂုဏ်ယူစွာနဲ့ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပနေကြပါတယ်။

Buckingham နန်းတော်ရှေ့မှာ လူအုပ်ကြီးက ကောင်းချီးသြဘာတွေ ပေးကြပြီး၊ ကလေးမွေးဖွား သန့်စင်ပြီးကြောင်း သတင်းကို ကြေညာလိုက်ချိန်မှာ လူတွေက နန်းတော် တံခါးဝကို အပြေးအလွှား စုဝေးရောက်ရှိသွားခဲ့ကြပါတယ်။

ဗြိတိန်ပါလီမန်က အတည်မပြုရသေးတဲ့ ဥပဒေသစ်အရ အခု မွေးဖွားလာတဲ့ ကလေးငယ်ဟာ မိန်းကလေးဖြစ်ခဲ့ရင်တောင်မှ ထီးနန်းဆက်ခံခွင့်ကို ရရှိမှာဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံမှာ ရာစုနှစ်တွေနဲ့ ချီပြီးတော့ ထီးနန်းကို အမျိုးသားတွေကပဲ အများဆုံး စိုးစံခဲ့တာပါ။ ဒါကြောင့် သမီးမိန်းကလေးက သားဦးဖြစ်ပြီး၊ သားယောကျာ်းလေးက အငယ်ဖြစ်ခဲ့ရင်လည်း သားအငယ်ကိုသာ ထီးနန်းလွှဲပေးရမှာ ဖြစ်ပါတယ်။
XS
SM
MD
LG