သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဇာနည်မန်းဘခိုင်ရဲ့မြေး အမျိုးသားလွှတ်တော်ဥက္ကဌအဖြစ် NLD လျာထား


မန်းဝင်းခိုင်သန်း (ယာ တတိယမြောက်လူ) (Credit: Mahn Saing Facebook)
မန်းဝင်းခိုင်သန်း (ယာ တတိယမြောက်လူ) (Credit: Mahn Saing Facebook)

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စတင်ခေါ်ယူမယ့် လွှတ်တော်သစ်အတွက် ၂၀၁၅ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရလိုက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဥက္ကဌရာထူးတွေအတွက် ခန့်အပ်မယ့်လူတွေစာရင်းကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဌအဖြစ် တာမွေမြို့နယ်က NLD လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်၊ ပြောခွင့်ရသူလည်းဖြစ်တဲ့ ဦးဝင်းမြင့်နဲ့ အမျိုးသားလွှတ်တော်ဥက္ကဌအဖြစ် ကရင်ပြည်နယ် မြဝတီမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ် မန်းဝင်းခိုင်သန်းကို ရွေးချယ်ထားတယ်လို့ NLD ပြောခွင့်ရ ဦးဉာဏ်ဝင်းက AFP သတင်းဌာနကို ပြောခဲ့ပါတယ်။ ဒီလွှတ်တော်နှစ်ရပ်ရဲ့ ဒုဥက္ကဌရာထူးတွေအတွက်ကိုတော့ ANP ရခိုင်အမျိုးသားပါတီ လွှတ်တော်ကိုယ်စားလှယ်တဦးနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကချင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တဦးတို့ကို အမည်တင်သွင်းထားတယ်လို့လည်း ဦးဉာဏ်ဝင်းက ပြောခဲ့ပါတယ်။ အမျိုးသားလွှတ်တော်ဥက္ကဌအဖြစ် အမည်စာရင်း တင်သွင်းခံရသူ မြဝတီမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ် မန်းဝင်းခိုင်သန်းဟာ မျက်နှာသစ်တဦးဖြစ်ပါတယ်။ သူနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စု ကန်တကီပြည်နယ်မှာ နေထိုင်တဲ့ ကွယ်လွန်သူ မန်းဘခိုင်ရဲ့တူ - မန်းဝင်းခိုင်သန်းရဲ့ ဦးလေး ဒေါက်တာမန်းမြင့်ဆိုင် ကို ဗွီအိုအေ-မြန်မာပိုင်းက ဆက်သွယ်မေးမြန်းရာမှာ အခုလို ပြောခဲ့ပါတယ်။

“ဝင်းခိုင်သန်းက အသက် ၆၀ လောက်ရှိပြီ။ ဝင်းခိုင်သန်းဆိုတာက ခိုင်ဆိုတာ မန်းဘခိုင်ရဲ့ မြေးအရင်းမို့လို့ ခိုင်ကို ယူထားတာ။ သူ့အမေနာမည်က နန့်ခင်ရီခိုင်၊ အဖေနာမည်က မန်းသန်းရှိန်၊ အဲဒါကြောင့်မို့ သူ့နာမည်က ဝင်းခိုင်သန်း ဖြစ်သွားတာ။ အဲတော့ သူက ငယ်ငယ်ကတည်းကပါ။ အသက် ၂၀ ကျော်လောက်ကတည်းက B.A.B.L အောင်သွားတယ်လေ။ B.A.B.L အောင်သွားပြီးတော့ ရှေ့နေလုပ်နေတာ။ ပထမတုန်းကတော့ တို့ ဟင်္သာတမှာဆိုတော့ တို့နဲ့နီးနီး ကျုံပျော်ဆိုတဲ့မြို့မှာ အဲဒီမှာ ရှေ့နေလုပ်တယ်။ ရှေ့နေလုပ်ပြီးတော့ သူက မြဝတီကို ပြောင်းသွားတာ။ အဲဒီမှာသွားပြီးတော့ သူက ရှေ့နေရုံးသွားဖွင့်တယ်။ ဖွင့်ပြီးတော့ သူက ဘာလုပ်လဲဆို သူက NLD အလုပ်လုပ်တယ်။ နောက်ပြီးတော့ သူက မရှိ ဆင်းရဲတဲ့ ကရင်အမျိုးသားတွေကို အမှု အလကားလိုက်ပေးတယ်။ ပရဟိတပေ့ါ။ အဲဒါမျိုးကို သူက လုပ်တာ။ လုပ်ရင်းကနေ နာမည်ကြီးလာပြီးတော့ သူက အမတ်ဝင်ရွေးတော့ အမတ်ဖြစ်သွားရော။ ဒီက ဆွေစုမျိုးစုနာမည်ကလည်း ရှိတယ်မို့လား။ မန်းဘခိုင်ရဲ့ မြေးအရင်း ဘာညာနဲ့ဆိုတော့ သူက ရသွားတာ။ ရသွားတော့ သူ့ကို အခုတော့ လွှတ်တော်ဥက္ကဌ ခန့်လိုက်ပြီလို့ ကြားတာပဲ။ လူမျိုးစုဥစ္စာကနေပြီးတော့ ကရင်ကိုး ကရင်အစစ်ကိုး။ ကရင်အမျိုးသားအနေနဲ့က ပထမဦးဆုံး ကိုယ့်အဖေ။ မန်းဘဆိုင်က ပြည်သူ့လွှတ်တော်ဥက္ကဌဖြစ်တယ်။ ဦးနေဝင်း အာဏာသိမ်းတဲ့အချိန်မှာလည်း ပြည်သူ့လွှတ်တော်ဥက္ကဌလေ။ အဲဒါက မန်းဘခိုင်ရဲ့ညီအရင်း၊ ကိုယ့်ရဲ့အဖေ။ အဲဒါက ပထမဦးဆုံး ကရင်အမျိုးသားထဲက လွှတ်တော်ဥက္ကဌပေါ့။ အခုက သူကတော့ မန်းဘခိုင်၊ မန်းဘဆိုင်တို့ရဲ့ မြေးပေါ့။ အခုတခါ သူက လွှတ်တော်ဥက္ကဌ ပြန်ဖြစ်တာပဲ။ ဒီအနွယ်ထဲကပဲ။”

XS
SM
MD
LG