သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့်မြေပြိုမှု သေဆုံးသူတွေအနက် သတင်းထောက်တဦး ပါဝင်


လုံးခင်း အထက်မှော်မှာ ဖားကန့်မြေစာပုံပြိုကျချိန် မြေစာပုံပြိုကျတာကို သတင်းဓာတ်ပုံရိုက်ကူးနေတဲ့ ဓာတ်ပုံသမားတဦးအပေါ်ကို မြေစာပုံပြိုကျလို့ မြေပြိုတဲ့အထဲပါသွားပြီး အခုချိန်အထိ အလောင်းတူးဖော်လို့မရဘဲ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

အခုလို မကြာခဏ မြေပြိုကျမှုတွေဖြစ်ပြီး လူရာချီသေဆုံးနေရတဲ့ ဖားကန့်ကျောက်စိမ်း တူးဖော်ရေး လုပ်ငန်းတွေကို NLD ဘက်က စိစစ် စစ်ဆေးမှုတွေ လုပ်ဆောင်နေသလို လွှတ်တော်သစ်အနေနဲ့ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေ စနစ်တကျရှိစေရေးနဲ့ ဒေသခံပြည်သူတွေ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖော်ဆောင်ပေးဖို့အရေး အရေးတကြီး လုပ်ဆောင်သင့်ကြောင်း လွှတ်တော်တာဝန်ရှိသူတွေကို တင်ပြဖို့ ဒေသခံတွေနဲ့ ဒေသခံ အရပ်ဘက် အဖွဲ့အစည်းတွေက စီစဉ်ဆောင်ရွက်နေပါတယ်။ အသေးစိတ် မဆုမွန် တင်ပြတင်ပြထားပါတယ်။

လူရာချီသေဆုံးခဲ့ရတဲ့ မြေပြိုကျမှုတွေ ဆက်တိုက်ဖြစ်နေတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းမှော်ဘက်မှာ မြေစာပုံ ထပ်ပြိုကျခဲ့ပြန်ပါတယ်။ ဒီတခါ မြေစာပုံပြိုကျခဲ့တဲ့ အထဲမှာတော့ နေမင်းကမ္ဘာ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီလုပ်ငန်းခွင်တွင်း စွန့်ပစ် မြေစာပုံပြိုကျနေတာကို သတင်းဓာတ်ပုံရိုက်ကူးနေသူတစ်ဦး မြေပြိုကျတဲ့အထဲ ပါသွားတယ်လို့ ဖားကန့်ဒေသခံ သတင်းသမားတဦးဖြစ်တဲ့ ကိုဇော်မိုးထက်က ပြောပါတယ်။ အခုအချိန်အထိ တူးဖော်နေဆဲဖြစ်ပြီး ဘယ်နှစ်ဦး ပါသွားသလဲ ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

“အထက်မှော်ခေါ်တာပေါ့။ လုံးခင်းကျေးရွာရဲ့ မြောက်ဘက်ကျတယ်နော်။ တောမှော်နဲ့ ကုဋေကြားဆိုတော့လေ။ နေမင်းကမ္ဘာ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီ မြေစာပြိုကျတယ်။ လောလောဆယ် သေတာကတော့ အဲဒီလူက သတင်းထောက်လား။ ဘာမှန်းတော့ မသိဘူးဗျ။ သိလား။ ပါသွားတယ်။ အမှန်ကတော့ သူက ပုံကောင်းရအောင်လို့ မြေစာပုံအောက်ခြေကနေ ပင့်ရိုက်တဲ့သဘော နေမှာပေါ့။ ကြည့်ရတာ သူ တခြမ်းမှာ ရိုက်နေတဲ့အချိန် နောက်ဘက်က တခြမ်းက ပြိုကျတာတဲ့။ ၃ ယောက်ပါတယ်၊ ၄ ယောက်ပါတယ်လို့ ကြားတာပဲ။ နောက်ထပ် လူတွေကတော့ ပျောက်တဲ့လူ ပိုင်ရှင်မပေါ်တဲ့အခါကျတော့ ဒါပေမဲ့ ခက်တာက မြေစာအောက် ရောက်သွားတယ်ဆိုတော့ အလောင်းကို မတွေ့ရင် ကျနော်တို့ဆီက အသေစာရင်း မထည့်သလို ဖြစ်နေပြီလေ။”

အခုလို စွန့်ပစ်ရေမဆေးကျောက်တွေ ကောက်ဖို့ လာရှာရင်း စွန့်ပစ်မြေစာပုံ ပြိုကျလို့ လူရာချီသေဆုံးမှုတွေ ဖြစ်နေရတဲ့ စွန်ပစ်မြေစာပုံ ပြိုကျမှု သတင်းဆိုးတွေ ထွက်နေတဲ့အပြင် ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းခွင်တွေမှာ စက်ယန္တယားကြီးတွေနဲ့ အကြီးအကျယ် တူးဖော်နေတယ်ဆိုတဲ့သတင်းတွေ ထွက်နေတဲ့အတွက် လွှတ်တော်ဘက်က အစိုးရကို ထိရောက်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့နဲ့ အစိုးရဆောင်ရွက်ချက်တွေကို တင်ပြဖို့ လွှတ်တော်ဘက်က တိုက်တွန်းခဲ့သလို အနိုင်ရပါတီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဘက်ကလည်း စုံစမ်းရေးအဖွဲ့ စေလွှတ်ပြီး သဘာဝပတ်ဝန်းကျင် ပျက်စီးမှုနဲ့ပတ်သက်ပြီး ကွင်းဆင်း လေ့လာနေကြတာပါ။

ဖားကန့်ဒေသခံတွေ၊ ဒေသခံသတင်းသမားတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေဘက်ကလည်း လာမယ့် လွှတ်တော်သစ်မှာ ဖားကန့်အရေး အရေးတကြီး ဆွေးနွေးတင်ပြပေးဖို့ လိုလားသလို ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းခွင်တွေအတွင်း လုပ်ငန်းခွင် ထိခိုက်မှု နည်းအောင် စိတ်ချလုံခြုံမှု ရှိအောင် ဆောင်ရွက်ပေးဖို့ တောင်းဆိုနေကြတာပါ။ စွန့်ပစ်မြေစာပုံတွေကို သတ်မှတ်စံချိန်မှီ အမြင့်ပေတွေ သတ်မှတ်ဖို့ ဒေသခံတွေ အပါအဝင် ရေမဆေးကျောက် ရှာဖွေသူ တော်တော်များများ မှီတည် လုပ်ကိုင်နေရတဲ့ မြေစာပုံ စွန့်ပစ်နေရာအတွက် စနစ်တကျ ဆောင်ရွက်ပေးသင့်ပါတယ်လို့ ဖားကန့်ဒေသက သတင်းသမား ဦးဇော်မိုးထက်က ပြောပါတယ်။

“အကောင်းဆုံးနည်းလမ်းကတော့ ကုမ္ပဏီတွေဘက်ကနေမှ မြေစာပုံတွေကို သတ်မှတ်ထားတဲ့ အကန့်အသတ်ပေါ့နော် မြေစာပုံတပုံဆိုရင် ကုမ္ပဏီတခုပဲ ပုံရမယ်။ ဟုတ်တယ်နော်။ မြေစာပုံအမြင့်ကို ဘယ်လောက်အထိ အမြင့်ပေ ဘယ်လောက် အနည်းဆုံးပေါ့နော် လူ အန္တရာယ်မဖြစ်နိုင်တဲ့ အမြင့်ပေပေါ့နော်။ အဲ့လိုမျိုး ပုံလိုက်ခြင်းအားဖြင့် ကျနော်တို့ အများကြီး လျှော့ချလို့ ရပါတယ်။ အရင်တုန်းကလည်း အဲဒီပုံစံအတိုင်း ပုံခဲ့တာဗျ။ အခုဟာကကျတော့ နိုင်ငံတော်အနေနဲ့က ဘာလုပ်ပေးရမလဲဆိုရင် အဲဒါမျိုးတွေကို သတ်သတ်မှတ်မှတ်လုပ်ပြီးတော့ ကျောက်စိမ်းတူးဖော်တဲ့ ကျောက်စိမ်းလုပ်ကွက်တွေကိုလည်း ကျနော်တို့ လျှော့ချပေးဖို့ လိုတယ်။ အခုက လုပ်ကွက်တွေကို အရမ်းချပေးလိုက်တဲ့အခါကျတော့ မြေစာပစ်မယ့်လူတွေက ဧရိယာတွေ နည်းလာတဲ့အခါကျတော့ တနေရာ၊ တနေရာတည်းမှာ မြေစာတွေ စုပြုံသလို ဖြစ်တာပေါ့နော်။ မြေစာပုံတွေက အရမ်းမြင့်တယ်။ အရမ်းကြီးတယ်။ ရေမဆေးရှာတဲ့သူတွေကလည်း အဲဒီနေရာမှာပဲ စုပြုံပြီး ရှာကြတဲ့အခါကျတော့ သတ်မှတ်မြေစာပုံဧရိယာနဲ့ မြေစာပုံအကျယ်အဝန်းနဲ့ လုပ်ပေးလို့ရှိရင် အဆင်ပြေနိုင်တယ်ဆိုတာကို ကျနော်တို့ ပြောချင်တယ်။”

မြန်မာနိုင်ငံတွင်း အနယ်နယ်အရပ်ရပ်ကနေ ဖားကန့်ဒေသတွင်း ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေမှာ လာရောက် လုပ်ကိုင်နေသူတွေ၊ ရေမဆေးကျောက် ရှာဖွေနေသူတွေ နဲ့ ဒေသခံပြည်သူတွေအတွက် ရေရှည် ဘဝရပ်တည်ရေး အာမခံချက်ပေးနိုင်တဲ့ အလုပ်အကိုင် ဖန်တီးပေးနိုင်မှု စီမံချက်တွေကိုလည်း အစိုးရသစ်၊ လွှတ်တော်သစ်နဲ့ အုပ်ချုပ်ရေး အာဏာလွှဲပြောင်းရယူမယ့် တာဝန်ရှိသူတွေဘက်က အလေးထား ဆောင်ရွက်ပေးဖို့ ဒေသခံတွေက လိုလားနေကြတယ်လို့လည်း ဦးဇော်မိုးထက်က ပြောပါတယ်။

“နောက်တချက်က ကျနော်တို့ ဒေသခံ ရေမဆေးတွေကို ရေမဆေးမရှာနဲ့လို့ အမိန့်တခုတည်း ထုတ်ပြန်ယုံနဲ့ မရပါဘူး။ ဒေသခံတွေ စားဝတ်နေရေး ပြေလည်ဖို့အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ နိုင်ငံတော်က ဘယ်လိုဖန်တီးပေးမလဲ ဆိုတာကလည်း တပြိုင်တည်း စဉ်းစားသင့်တဲ့အချက်ပါ။ အဲဒါကို ကျနော်တို့ အကြံပြုစေချင်ပါတယ်ခင်ဗျာ။”

ကမ္ဘာအဆင့်မှီ အရည်အသွေးရှိတဲ့ ကျောက်စိမ်းတွေထွက်ရှိရာ မြန်မာနိုင်ငံ ကချင်ပြည်နယ် ဖားကန့်ဒေသထဲက ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းခွင်တွေမှာ ကျောက်စိမ်းတူးဖော်ရာက ထွက်ရှိလာတဲ့ စွန့်ပစ်မြေစာပုံတွေ ပြိုကျလို့ လူရာနဲ့ချီ ပျောက်ဆုံး၊ သေဆုံးခဲ့ရတဲ့ အကြိမ်ရေက ၂၀၁၅ ခုနှစ်အတွင်းမှာကို အနည်းဆုံး ၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ဖြစ်ပါတယ်။

XS
SM
MD
LG