သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာ တရားဝင် လက်ခံရေး မြန်မာကို အင်ဒိုနီးရှား ဖိအားပေး


အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Marty Natalegawa (၃၀ ဇွန် ၂၀၀၁၃)
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Marty Natalegawa (၃၀ ဇွန် ၂၀၀၁၃)
မြန်မာနိုင်ငံတွင်းမှာရှိနေတဲ့ ရိုဟင်ဂျာ မူဆလင်တွေကို တရားဝင် အသိအမှတ်ပြုဖို့အတွက် အင်ဒိုနီးရှားအစိုးရက မြန်မာအစိုးရကို ဖိအားပေးနေပါတယ်။ အင်ဒိုနီးရှားနိုင်ငံနဲ့ တခြားပြည်ပမှာ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံနေတဲ့ ရိုဟင်ဂျာ အရေအတွက်က တိုးလာနေတဲ့အချိန်မှာ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတလီ ဂါဝါ (Marty Natalegawa) က မြန်မာအစိုးရကို ပြည်တွင်းမှာ မတူကွဲပြားတဲ့ လူမှု အသိုင်းအဝိုင်း နှစ်ရပ်ကြားမှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားနေတာ အဆုံးသတ်အောင် လုပ်ဆောင်ဖို့ လိုတယ်လို့ တိုက်တွန်းလိုက်ပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Ron Corben က ဘန်ကောက်မြို့ကနေ သတင်းပေးပို့ထားတာကို ဒေါ်လှလှသန်း က တင်ပြထားပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတလီ ဂါဝါက မြန်မာအစိုးရအနေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ ဆက်လက် ဖော်ဆောင်သွားဖို့ လိုအပ်တဲ့အကြောင်းနဲ့ တချိန်တည်းမှာပဲ ပြည်တွင်းမှာ ရောက်ရှိနေတဲ့ နိုင်ငံမဲ့ ရိုဟင်ဂျာ မူဆလင်တွေရဲ့ တရားဝင် ရပိုင်ခွင့်တွေကိုလည်း အသိအမှတ်ပြုရမှာ ဖြစ်တယ်လို့ ပြောကြားသွားပါတယ်။

လွန်ခဲ့တဲ့နှစ်က မြန်မာနိုင်ငံတဝှမ်း အထူးသဖြင့် ရခိုင်ပြည်နယ်မှာ မူဆလင်နဲ့ ဗုဒ္ဓဘာသာဝင်တွေအကြား အကြမ်းဖက်မှုတွေကြောင့် လူ ၂၀၀ ကျော် သေဆုံးခဲ့ရပြီး လူပေါင်း သောင်းနဲ့ချီ အိုးအိမ်မဲ့ ဖြစ်ခဲ့ကြရပါတယ်။ အဲ့ဒီအထဲ ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ သောင်းနဲ့ချီ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ၈ သိန်းလောက်ရှိတယ်ဆိုတဲ့ ရိုဟင်ဂျာ အများစုကို မြန်မာအစိုးရက နိုင်ငံသား ခံယူခွင့် မပြုပါဘူး။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတလီ ဂါဝါ က တင်းမာမှုတွေ လျော့ပါးရေးအတွက် ပထမဦးဆုံး ခြေလှမ်းအဖြစ် ရိုဟင်ဂျာတွေကို မြန်မာအစိုးရက တရားဝင် အသိအမှတ်ပြုမယ်ဆိုတဲ့အတွက် အင်ဒိုနီးရှားအနေနဲ့ အားတက်မိတဲ့အကြောင်း ဘန်ကောက်မြို့တော်မှာ ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို အခုလို ပြောကြားခဲ့ပါတယ်။

“ဒီနေရာမှာ နိုင်ငံသားအဖြစ် အသိအမှတ်ပြု ခံယူနိုင်ရေးကိစ္စ ရှိနေပါတယ်။ ဒီကိစ္စဟာ နိုင်ငံရေးအရရော၊ ဥပဒေကြောင်းအရရော ပတ်သက်နေပါတယ်။ မြန်မာအစိုးရက ဒီကိစ္စကို အခြေခံကျကျ ကိုင်တွယ်ဖြေရှင်းပေးမယ်ဆိုလို့ ကျနော်တို့ အားတက်မိပါတယ်။ ရိုဟင်ဂျာတွေအနေနဲ့ တရားဝင် အသိအမှတ်ပြု ခံရပြီး အခြားကျန် နိုင်ငံသားတွေနဲ့အတူ ဥပဒေအရ အခွင့်အရေးတွေကို ရရှိစေမှာဖြစ်ပါတယ်။”

မြန်မာအာဏာပိုင်တွေအနေနဲ့ နိုင်ငံသားတွေဖြစ်ကြတဲ့ တိုင်းရင်းသားအုပ်စုတွေထဲမှာ ရိုဟင်ဂျာတွေ မပါဝင်ဘူးဆိုတာကို ကာလကြာရှည် ခံယူထားတာဖြစ်ပါတယ်။ ဒါ့အပြင် သူတို့တွေဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်က တရားမဝင် ရောက်လာကြတဲ့ ဘင်္ဂါလီတွေ ဖြစ်တယ်လို့လည်း ပြောဆိုခဲ့တာဖြစ်ပါတယ်။

မစ္စတာ နာတလီ ဂါဝါ က မြန်မာနိုင်ငံမှာ လူများစုဖြစ်တဲ့ ဗုဒ္ဓဘာသာဝင်တွေနဲ့ လူနည်းစု မူဆလင်တွေအကြား တဘက်နဲ့တဘက် ယုံကြည်မှု မရှိကြတာ တွေ့ရပြီး၊ အဲ့ဒီကတဆင့် သွေးထွက်သံယိုမှုတွေ ဖြစ်ပွားခဲ့တာ တွေ့ရတယ်လို့ ဆိုပါတယ်။ အင်ဒိုနီးရှားအနေနဲ့လည်း ၁၉၉၀ ခုနှစ်များ နှောင်းပိုင်းက ဒီမိုကရေစီ စတင်ဖော်ဆောင်ရာမှာ အလားတူ အကြမ်းဖက် တိုက်ခိုက်မှုမျိုးတွေ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး၊ ဖြေရှင်းယူခဲ့ရတာဖြစ်တယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ဒါကြောင့်လည်း လူမှုအသိုင်းအဝိုင်းတွေကို ပြန်လည်တည်ဆောက်ရာမှာ မြန်မာအာဏာပိုင်တွေကို အင်ဒိုနီးရှားရဲ့ အတွေ့အကြုံ မျှဝေပေးဖို့ အဆင်သင့်ရှိတယ်လို့လည်း သူက ပြောပါတယ်။

“ဖြေရှင်းရမယ့် ကိစ္စရပ် ရှိနေတယ်ဆိုတာကို ကျနော်တို့ သိထားပါတယ်။ ဒါဟာလည်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး ကြိုးပမ်းအားထုတ်မှုတွေရဲ့ အစိတ်အပိုင်းအဖြစ် ပါဝင်တယ်ဆိုတာ ကျနော်တို့ ယုံကြည်ပါတယ်။ ဒါကို သီးခြားခွဲထားလို့ မရနိုင်ပါဘူး။ ဒါကြောင့် မြန်မာအစိုးရကို ကျနော်တို့ အရင်က ပြောထားပြီးဖြစ်တဲ့အတိုင်း ဒီမိုကရေစီ အသွင်ကူးပြောင်းရာမှာ ဒါတွေကို တပြိုင်တည်း ဖော်ဆောင်သွားရမှာပါ။ အချိန်ပိုင်းခြားထားလို့ မရပါဘူး။ တချိန်တည်းမှာ လူမှုအသိုင်းအဝိုင်းတွေအကြား တင်းမာမှုတွေ ဖြစ်ပွားနေတဲ့ကိစ္စနဲ့ နိုင်ငံတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းဖို့ လိုပါတယ်။”

ရိုဟင်ဂျာ ထောင်ပေါင်းများစွာတို့ဟာ ပြည်ပမှာ နိုင်ငံရေးခိုလှုံခွင့် တောင်းခံဖို့အတွက် လှေတွေနဲ့ အန္တရာယ်ကြီးလှတဲ့ ပင်လယ်ခရီးလမ်းကနေ ထွက်ပြေးကြရာမှာ ဘယ်နှစ်ဦး သေဆုံးခဲ့ကြတယ်ဆိုတာတော့ အတိအကျ မသိနိုင်ပါဘူး။ အင်ဒိုနီးရှားအနေနဲ့ ဒီနှစ်အတွင်း ဒေသန္တရ ညီလာခံတရပ် ကျင်းပပြီး ဒေသတွင်းမှာ လူမှောင်ခိုကူးမှု တိုက်ဖျက်ရေးနဲ့ လှေစီးပြေး ဒုက္ခသည်တွေ အရေအတွက် လျော့ပါးရေးအတွက် ကြိုးပမ်းဆောင်ရွက်ဖို့ အစီအစဉ်ရှိတယ်လို့လည်း သိရပါတယ်။
XS
SM
MD
LG