သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ဖွံ့ဖြိုးရေး ဂျပန်က ဒေါ်လာသန်း ၅၀၀ ကျော် ကူမည်


သမ္မတဦးသိန်းစိန်နဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့ သမ္မတအိမ်တော်မှာ စီးပွားရေးဆိုင်ရာ သဘောတူလက်မှတ် ရေးထိုးပွဲ၌တွေ့ရစဉ်။
(မေ၊ ၂၆၊ ၂၀၁၃)
သမ္မတဦးသိန်းစိန်နဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့ သမ္မတအိမ်တော်မှာ စီးပွားရေးဆိုင်ရာ သဘောတူလက်မှတ် ရေးထိုးပွဲ၌တွေ့ရစဉ်။ (မေ၊ ၂၆၊ ၂၀၁၃)
နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်လာနေတဲ့ မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးရေး အကူအညီတွေ တိုးချဲ့ ပေးအပ်သွားမယ်လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေး (Shinzo Abe) က ကတိပြုလိုက်ပါတယ်။ ဒီကနေ့ နေပြည်တော်မှာရှိတဲ့ သမ္မတအိမ်တော်မှာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေးနဲ့ မြန်မာသမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံချိန် - ဂျပန်ဝန်ကြီးချုပ်က အဲ့ဒီလို ကတိပြုခဲ့တာဖြစ်ပြီး နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ မနန္ဒာချမ်း က ဆက်ပြောပြပေးပါမယ်။

မြန်မာနိုင်ငံကို ၃ ရက်ကြာခရီး လာရောက်ခဲ့တဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေးဟာ သူ့ခရီးစဉ် နောက်ဆုံးနေ့ဖြစ်တဲ့ ဒီကနေ့ တနင်္ဂနွေနေ့မှာတော့ နေပြည်တော်မှာရှိတဲ့ သမ္မတအိမ်တော်မှာ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့တာပါ။ ဒီတွေ့ဆုံမှု အတွင်း မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးရေး အကူအညီတွေ ပေးအပ်ဖို့နဲ့ မြန်မာနိုင်ငံမှာ ဂျပန်နိုင်ငံရဲ့ လာရောက် ရင်းနှီးမြှုပ်နှံမှုကိစ္စ၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်တွေကို အဓိက ဆွေးနွေးခဲ့ကြပြီးတော့ နှစ်နိုင်ငံ သဘောတူလက်မှတ် ရေးထိုးမှုတွေလည်း လုပ်ခဲ့ကြပါတယ်။

ဒီအထဲက မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် အကူအညီတွေကို ကဏ္ဍ ၃ ရပ်ခွဲပြီး ဂျပန်နိုင်ငံကနေ မြန်မာ ကို အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော် တိုးချဲ့ ကူညီသွားမယ့်ကိစ္စလည်း ပါဝင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ မြန်မာပြန်ကြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဋ် က ဗွီအိုအေ ကို အခုလို ပြောပါတယ်။

“ဂျပန်ဝန်ကြီးချုပ်က နောက်ထပ် ODA အကူအညီတွေ တိုးချဲ့ပေးမယ်ပေါ့နော်။ ပေးမယ့်ဟာက ကဏ္ဍ သုံးခုပေါ့။ တစ်ခုက နယ်စပ်မှာရှိတဲ့ တိုင်းရင်းသားဒေသတွေ ဖွံ့ဖြိုးတိုးတက်ရေး၊ နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး-က နယ်မြေတစ်ခု၊ ဒုတိယနယ်မြေကတော့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ တတိယကတော့ အခြေခံအဆောက်အအုံတည်ဆောက်ရေး- အဲဒီကိစ္စမှာ ODA အကူအညီတွေ ထပ်ပြီးပေးမယ်ဆိုတဲ့ ကိစ္စ ပြောသွားပါတယ်။ ကျနော်တို့ဘက်ကတော့ SME တွေ ဖွံ့ဖြိုးတိုးတက်ဖို့ ကိစ္စ၊ နောက်တစ်ခါ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီပေးဖို့။ နောက်တစ်ခါ လမ်းစဉ်ပါတီလက်ထက်မှာတုန်းက လုပ်ခဲ့တဲ့ စက်မှု စီမံကိန်းတွေရှိတယ်။ ဂျပန်ရဲ့နည်းပညာတွေနဲ့ လုပ်ခဲ့တာတွေ၊ နောက်တစ်ခါ JICA အစီအစဉ်နဲ့ဆောက်ခဲ့တဲ့ ဆေးရုံတွေရှိတယ်။ အဲဒီလို ပုံစံမျိုးတွေနဲ့ ဆက်ပြီးတော့ အကူအညီပေးနိုင်ဖို့တွေ ပြောပါတယ်။”

ဒါ့အပြင် ဒီအထဲမှာ ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စနဲ့ လူထု ကျန်းမာရေး၊ ပညာရေး ကိစ္စရပ်တွေကိုလည်း အလေးထား ထည့်သွင်း ဆွေးနွေးခဲ့ကြတယ်လို့ ဝန်ကြီး ဦးရဲထွဋ် က ဆက်ပြောပြပါတယ်။

“မြန်မာနိုင်ငံရဲ့ပထမဦးဆုံး နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု အခြေအနေ၊ နောက်တစ်ခါ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးတည်ဆောက်နေတဲ့ အချိန်မှာ ဂျပန်နိုင်ငံက အကူအညီပေးနိုင်မယ့် အခြေအနေ၊ နောက်တစ်ခါ ကျန်းမာရေး ပညာရေးကဏ္ဍ၊ အခြေခံအဆောက်အအုံ တည်ဆောက်ရေးကဏ္ဍ၊ နောက်တစ်ခါ ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်ဖို့ တော်တော်လေး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပါတယ်။”

ဂျပန်ဝန်ကြီးချုပ်ရဲ့ အခု မြန်မာနိုင်ငံ ခရီးစဉ်မှာ ဂျပန်ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်ကြီးတွေလည်း အတူလိုက်ပါလာကြတာ ဖြစ်ပြီး မြန်မာနိုင်ငံမှာ ဂျပန်က လာရောက်ရင်းနှီးမြှုပ်နှံမယ့်ကိစ္စနဲ့ နှစ်နိုင်ငံ ကုန်သွယ်ရေးကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ကြပါ သေးတယ်။ ဂျပန်အစိုးရဘက်ကတော့ ဂျပန်နိုင်ငံက မြန်မာနိုင်ငံမှာ အများဆုံး ရင်းနီးမြုပ်နှံထားတဲ့ ရန်ကုန်တိုင်း သီလဝါဆိပ်ကမ်း စီမံကိန်းကို အမြန်ဆုံး အကောင်အထည် ဖော်နိုင်ရေးလည်း ပါဝင်တယ်လို့ ဝန်ကြီး ဦးရဲထွဋ် က ပြောပါတယ်။

ဒီကနေ့ သမ္မတအိမ်တော်မှာ နှစ်နိုင်ငံ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြတဲ့ စာချွန်လွှာထဲမှာတော့ - လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပညာသင်ဆုပေးရေး စီမံချက်၊ ရန်ကုန်မြို့တော် ရေပေးဝေရေးစနစ် တိုးတက်မြှင့်တင်ရေးစီမံချက်၊ ဖွံ့ဖြိုးရေးစီမံကိန်း သုံး ခုအတွက် ချေးငွေ သဘောတူညီချက်၊ ကြွေးမြီလျှော်ပေးရေး သဘောတူညီချက်တွေ ပါဝင်တယ်လို့လည်း ဝန်ကြီးဦးရဲထွဋ်ရဲ့ လူမှုကွန်ရက် facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။

မနေ့ကတော့ ဂျပန်ဝန်ကြီးချုပ်နဲ့အဖွဲ့ဟာ ရန်ကုန် သီလဝါ အထူးစီးပွားရေးဇုန်မှာ အကျိုးတူ လုပ်ငန်းတွေ လက်တွဲ လုပ်ဆောင်ဖို့အတွက် ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ နားလည်မှု စာချွန်လွှာတရပ်ကိုလည်း လက်မှတ်ရေးထိုးခဲ့ကြ ပါတယ်။

ဒါ့အပြင် မနေ့ကတော့ မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လည်း တွေ့ဆုံခဲ့ပြီး ဂျပန်လုပ်ငန်းတွေ မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံတဲ့ ကိစ္စ အပါအဝင် မြန်မာဈေးကွက်ထဲကို ဂျပန်လုပ်ငန်းတွေ ဝင်ရောက်လာမှုက မြန်မာနိုင်ငံကို အကျိုး ဖြစ်စေဖို့၊ ပြီးတော့ ဂျပန်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ က ဒေသခံတွေအတွက် အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်လောက်တဲ့ အထိ ခိုင်မာမှု ရှိဖို့ ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို ဂျပန်သတင်းတွေမှာ ဖော်ပြကြပါတယ်။

မြန်မာနိုင်ငံက နိုင်ငံတကာကို ပေးစရာရှိနေတဲ့ ပြည်ပကြွေးမြီ သန်း ၆ ထောင်လောက်ထဲက ထက်ဝက်လောက်ကိုတော့ ဂျပန်နိုင်ငံက ဒီနှစ်ဆန်းပိုင်း ကပဲ ကြားဝင်ကူညီပြီး လျော်ပေးထားတာ ဖြစ်ပါတယ်။ ဒီလို ဂျပန်နိုင်ငံ ဟာ မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးရေး အကူအညီတွေ အများဆုံးပေးနေတဲ့ တိုင်းပြည် တခု ဖြစ်ပေမဲ့လည်း ရင်းနှီးမြှုပ်နှံမှုတွေမှာတော့ နောက်တန်းနေရာမှာသာ ရှိနေခဲ့တာပါ။

မြန်မာနိုင်ငံမှာ ဂျပန်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ ၂၀၁၃ ခုနှစ် မတ်လအထိဆိုရင် စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၂၇၀ သာရှိတဲ့အတွက်လည်း မြန်မာနိုင်ငံ မှာ ပြည်ပက ရင်းနှီးမြှုပ်နှံကြတဲ့ နိုင်ငံတွေစာရင်းမှာ အဆင့် ၁၁ မှာသာ ရှိနေတာဖြစ်ပါတယ်။

ဒါပေမဲ့လည်း အခုအခါမှာတော့ ပြည်ပတင်ပို့မှုတွေနဲ့ ကုန်သွယ်မှုတွေကို တိုးမြှင့်ဖို့ ရည်ရွယ်ထားတဲ့ ဝန်ကြီးချုပ် ရှင်ဇို အာဘေး အစိုးရက မြန်မာနိုင်ငံနဲ့ စီးပွားရေး ဆက်ဆံမှုတွေကိုပါ တိုးမြှင့်လုပ်ဆောင်လာနေတာဖြစ်ပြီး နှစ်ပေါင်း ၄၀ နီးပါး အတွင်း ဂျပန်ခေါင်းဆောင်တစ်ဦး ပထမဆုံးအကြိမ် မြန်မာနိုင်ငံကို လာရောက်တဲ့ ခရီးစဉ်လည်း ဖြစ်ခဲ့ပါတယ်။ မွန်းလွဲပိုင်းကတော့ ဂျပန်ဝန်ကြီးချုပ်နဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ၃ ရက်ကြာ သူ့ခရီးစဉ်ကို အဆုံးသတ်ပြီး မြန်မာနိုင်ငံ ကနေ ပြန်လည်ထွက်ခွာသွားပြီ ဖြစ်ပါတယ်။
XS
SM
MD
LG