သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ဖွံ့ဖြိုးရေး ဂျပန် ကူညီမည်


အာဆီယံနိုင်ငံအလံများ။
အာဆီယံနိုင်ငံအလံများ။
မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) နဲ့ ဂျပန်နိုင်ငံတို့ကြား ထိပ်သီးအစည်းအဝေးပွဲမှာ မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် ဘဏ္ဍာရေး အကူအညီတွေနဲ့ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ကိစ္စရပ်တွေ လည်း ဆွေးနွေး ဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။ အာဆီယံနိုင်ငံ ခေါင်းဆောင်တွေ အတွက် ဒီကနေ့ အစောပိုင်းက ဂျပန်ဧကရာဇ် Akihito တည်ခင်းတဲ့ ဘုရင့်နန်းတော်က လဘက်ရည်ဝိုင်းကိုတော့ သမ္မတဦးသိန်းစိန်လည်း တက်ရောက်ခဲ့တာပါ။

မြန်မာအစိုးရကတော့ အာဆီယံနဲ့ ဂျပန်နိုင်ငံ ဆက်ဆံရေး နှစ်ပေါင်း ၄၀ ပြည့်တဲ့ အချိန်နဲ့ တိုက်ဆိုင်ကျင်းပတဲ့ ထိပ်သီး အစည်းအဝေးပွဲ တက်ရောက်ဖို့ သမ္မတ ဦးသိန်းစိန် တိုကျိုမြို့ကို ဒီကနေ့ပဲ ရောက်သွားတဲ့ အကြောင်း ပြောဆိုထားပေမဲ့ ဆွေးနွေးမယ့် အကြောင်းအရာတွေကိုတော့ အသေးစိတ် ကြေညာတာမျိုး မရှိပါဘူး။

ဒါပေမဲ့လည်း သမ္မတ ဦးသိန်းစိန် နဲ့ တွေ့ဆုံဖို့ ရှိနေတဲ့ ဂျပန်ဝန်ကြီးချုပ် Shinzo Abe က မြန်မာနိုင်ငံအတွက် ဂျပန်ယန်းငွေ သန်းပေါင်း ၆ သောင်း (အမေရိကန်ဒေါ်လာ သန်းပေါင်း ၅၈၀) အကြွေးပေးဖို့ ကြေညာမှာ ဖြစ်တဲ့ အကြောင်း ဂျပန်သတင်းဌာန တခုဖြစ်တဲ့ Kyodo က အစိုးရနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကို ကိုးကားဖော်ပြထားတာပါ။

အာဆီယံ နိုင်ငံတွေ အားလုံးအတွက် စုစုပေါင်း ဂျပန်ယန်းငွေ ၂ ထီလီယံ (အမေရိကန်ဒေါ်လာ သန်းပေါင်း ၂ သောင်း) ငွေချေးဖို့ ကြေညာမယ် လို့လည်း မျှော်လင့်ရပါတယ်။ တချိန်တည်းမှာပဲ အချေအတင် ဖြစ်စရာ အခြေအနေတွေကြောင့် ရင်းနှီးမြုပ်နှံမှုတွေ မျှော်လင့်သလောက် ဝင်မလာပဲ ဖြစ်နေရတဲ့ မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီ ဒေသက ထားဝယ်အထူးစီးပွားရေးဇုန်မှာ ဂျပန်နိုင်ငံက ဝင်ရောက် ရင်းနှီးမြုပ်နှံဖို့ တိုက်တွန်းမှာ ဖြစ်တဲ့အကြောင်း ထိုင်းဒုတိယ ဝန်ကြီးချုပ် Niwatthamrong Bunsongphaisan က ပြောဆိုထားတာပါ။

ဒါပေမဲ့လည်း ထိပ်သီးအစည်းအဝေးပွဲ မတိုင်မီမှာပဲ တက်ကြွလှုပ်ရှားသူ တချို့ကတော့ ဒေသခံတွေနဲ့ ပတ်ဝန်းကျင် ထိခိုက်ပျက်ဆီးမှုတွေ ရှိနေတယ်ဆိုပြီး ရင်းနှီးမြုပ်နှံမှုတွေကို အရင်စလို မလုပ်ကြဖို့လည်း တိုက်တွန်းထားကြပါတယ်။ အာဆီယံ - ဂျပန် ထိပ်သီး အစည်းအဝေးပွဲမတိုင်မီ ဂျပန်ဝန်ကြီးချုပ်နဲ့ အာဆီယံ ခေါင်းဆောင်တချို့ သီးခြားတွေ့ဆုံရာမှာတော့ စီးပွားရေးနဲ့ ဒေသတွင်းက ပြဿနာတွေကိုလည်း ဆွေးနွေးခဲ့ကြတာပါ။

မလေးရှား၊ အင်ဒိုနီးရှား၊ စင်္ကာပူ၊ ဘရူနိုင်း နိုင်ငံတွေနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ရေး ဆွေးနွေးခဲ့သလို၊ ဖိလစ်ပိုင် နိုင်ငံနဲ့ တွေ့ဆုံရာမှာတော့ တရုတ်နိုင်ငံနဲ့ နယ်မြေပိုင်ဆိုင်မှုအတွက် အငြင်းပွားနေရတဲ့ ကိစ္စတွေမှာ စုပေါင်းရပ်တည်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။
XS
SM
MD
LG