သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု ဂျပန်ခရီးစဉ် ဒုတိယနေ့


တိုကျိုမြို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပွဲ တက်ရောက်လာသူတချို့။ (ဧပြီလ ၁၃ ရက်၊ ၂၀၁၃)
တိုကျိုမြို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပွဲ တက်ရောက်လာသူတချို့။ (ဧပြီလ ၁၃ ရက်၊ ၂၀၁၃)
ဂျပန်မှာရောက်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစု ကြည်ဟာ ဒီကနေ့ ကျိုတိုမြို့က အသေးစား ရေအားလျှပ်စစ်စက်ရုံတစ်ခုဆီ သွားရောက်ကြည့်ရှုခဲ့ပါတယ်။ တနင်္လာနေ့မှာ တော့ ကျိုတိုမြို့နဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ ရှိကြတဲ့ ဂျပန်ရောက် မြန်မာမိသားစုတွေနဲ့ တွေ့ဆုံဖို့ရှိပြီး နောက်ရက်တွေမှာ လည်း ဂျပန် လွှတ်တော်ခေါင်းဆောင်တွေ၊ အစိုးရအဖွဲ့ထိပ်တန်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့အစီအစဉ်ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်ခရီးစဉ် နောက်ဆက်တွဲ သိထားရသမျှ ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

ဆယ်စုနှစ်သုံးခုနီးပါးကြာ ကာလအတွင်း ဂျပန်နိုင်ငံ ပထမဆုံးခရီးစဉ်အဖြစ် ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဧပြီလ ၁၃ ရက်နေ့က တိုကျိုမြို့မှာ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံခဲ့ပြီး နောက်တစ်ရက် ဧပြီလ ၁၄ ရက် တနင်္ဂနွေနေ့မှာ ကျိုတိုမြို့ဆီ သွားရောက်တာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်ခရီးစဉ် ဒုတိယနေ့အစီအစဉ်နဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ဂျပန်ဌာနခွဲက တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ကိုသန့်စင်ဦးက ပြောပြပါတယ်။

“ရေအားအသုံးပြုတဲ့ အသေးစားလျှပ်စစ်လုပ်ငန်းပေါ့။ အဲဒီလေး တချက်သွားကြည့်ပါတယ်။ နေ့ခင်းက ဘုန်းကြီးကျောင်းက သူ့မိတ်ဆွေတယောက်ဖိတ်တဲ့ ဘုန်းကြီးကျောင်းကိုသွားတယ်။ ညက သူ့မိတ်ဆွေအိမ်မှာ အိပ်ပါတယ်။”

သောကြာနေ့က တိုကျိုမြို့တော်မှာ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံချိန်အတွင်း မြန်မာနိုင်ငံရဲ့ ကိစ္စရပ်ပေါင်းစုံနဲ့ပတ်သက်လို့ မေးမြန်းတာတွေကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့တဲ့ထဲမှာ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးကိစ္စနဲ့ ၂၀၁၅ ရွေးကောက်ပွဲကိစ္စတွေလည်း ပါပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တိုင်းရင်းသားအားလုံး လက်ခံနိုင်တဲ့ အခြေခံဥပဒေဖြစ်ဖို့လိုပြီး ရေးဆွဲသူတွေဟာလည်း တိုင်းရင်း သားအားလုံးက ယုံကြည်စိတ်ချပြီးတော့ လေးစားတဲ့ပုဂ္ဂိုလ်တွေ ပါဝင်မှသာ ပြည်ထောင်စုစစ်စစ်ကို ထူထောင်နိုင်မယ်လို့ ဒေါ် အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။ ဒီ အခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေးကိစ္စကို ၂၀၁၅ မတိုင်ခင်လုပ်မှ ပိုကောင်းလိမ့်မယ် လို့ သူထင်တဲ့အကြောင်း ပြောခဲ့သလို ၂၀၁၅ ရွေးကောက်ပွဲ လွတ်လပ် တရားမျှတပါ့မလားဆိုတဲ့ မေးခွန်းနဲ့ပတ်သက်လို့ သူ့ အမြင်ကိုလည်း ပြောခဲ့ပါတယ်။

“နိုင်ငံခြားကရောက်လာတဲ့ဧည့်သည်တွေက မကြာခဏမေးကြပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတမယ်လို့ ထင်ပါသလားလို့ မေးပါတယ်။ အဲဒီတော့ ကျမက ပြောတယ်။ ၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ဖို့က သိပ်ပြီးတော့ အခက်အခဲရှိမယ်လို့ မထင်ပါဘူးလို့။ ဒါပေမဲ့ ဒီ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တရားမျှတတယ်လို့ ဘယ်လိုမှပြောနိုင်မှာမဟုတ်ပါဘူးလို့။”

ဂျပန်အစိုးရရဲ့ ဖိတ်ကြားချက်နဲ့ ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ်အပေါ် ဂျပန်နိုင်ငံသားတွေကိုယ်တိုင် စိတ်ဝင် တစားရှိနေကြတယ်လို့ ကိုသန့်စင်ဦးက ပြောပါတယ်။

“မနေ့ကလုပ်တဲ့မြန်မာပွဲမှာဆိုလည်း ဂျပန်လူမျိုးတော်တော်များများ တက်ရောက်ပါတယ်။ နောက်ပြီးတော့ ဒီနေ့ ရေအားလျှပ်စစ်စက်ရုံ သွားကြည့်တယ်ဆိုရင်လည်း တွေ့တဲ့ဂျပန်တိုင်းက ဒေါ်အောင်ဆန်းစုကြည်ကို တွေ့တာနဲ့ ချက်ချင်းပဲ ဝိုင်းပြီးတော့ ဓာတ်ပုံရိုက်ကြတာမျိုး၊ ဝိုင်းပြီးတော့ နှုတ်ဆက်ကြတာမျိုး အဲဒါမျိုးလည်း တွေ့ပါတယ်။ နောက်ပြီးတော့ ဂျပန်တီဗွီမှာလည်း သူ့ရဲ့သတင်းကို မြန်မာပြည်ကရောက်ရှိကြောင်း သတင်းကို တော်တော်လေး စိတ်ဝင်စားမှု တော်တော်မြင့်တယ်လို့ ထင်ပါတယ်။”

ဧပြီလ ၁၅ ရက် တနင်္လာနေ့မှာတော့ ကျိုတိုမြို့နဲ့ ပတ်ဝန်းကျင်ဒေသတွေက မြန်မာမိသားစုတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှာဖြစ်ပါတယ်။ ဒ့ါအပြင် ၁၉၈၀ ပြည့်လွန်က ဧည့်ပညာရှင်အဖြစ်နဲ့ ၁ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ကျိုတို တက္ကသိုလ်နဲ့ ရူးကိုးကု (Ryukoku) တက္ကသိုလ်တွေမှာ မိန့်ခွန်းပြောဖို့ရှိပါတယ်။ ကျိုတိုတက္ကသိုလ်က ဒေါ်အောင်ဆန်းစုကြည် ကို ဂုဏ်ထူးဆောင်ဘွဲ့ပေးမှာဖြစ်သလို ရူးကိုးကုတက္ကသိုလ်ကလည်း ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ပေးအပ်မှာဖြစ်ပါတယ်။
ဧပြီလ ၁၆ ရက်နေ့မှာ ဂျပန်အထက်လွှတ်တော်ဥက္ကဋ္ဌအပါအဝင် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့စီစဉ်ထားပြီး အဲဒီ နောက် ဂျပန်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံမယ့်အစီအစဉ်လည်းရှိပါတယ်။

ဧပြီလ ၁၇ ရက်နေ့ကျရင် တိုကျိုတက္ကသိုလ်မှာ မိန့်ခွန်းပြောပြီးတဲ့နောက် ဧပြီလ ၁၈ ရက်နေ့မှာ ဂျပန်အောက်လွှတ်တော်ဆီ သွားရောက်လည်ပတ်ပြီး အောက်လွှတ်တော်ဥက္ကဋ္ဌနဲ့ တွေ့ဆုံပါမယ်။ အဲဒီတစ်ရက်ထဲမှာပဲ ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေး (Shinzo Abe) နဲ့လည်း တွေ့ဆုံဖို့ အစီအစဉ်ရှိပါတယ်။

ဧပြီလ ၁၉ ရက်၊ သောကြာနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်နိုင်ငံကနေ ပြန်လည်ထွက်ခွာမှာဖြစ်ပါတယ်။
XS
SM
MD
LG