သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေဘေးနဲ့ ရွေးကောက်ပွဲ ဒေါ်လာ ၇၅.၄ သန်း ဂျပန်ကူမည်


စေတုတ္တရာမြို့နယ် ရေဘေးဒုက္ခသည်များ ကူညီရေးပစ္စည်း စောင့်နေစဉ်။ (ဓာတ်ပုံ-ကိုသာကူ)
စေတုတ္တရာမြို့နယ် ရေဘေးဒုက္ခသည်များ ကူညီရေးပစ္စည်း စောင့်နေစဉ်။ (ဓာတ်ပုံ-ကိုသာကူ)

မြန်မာနိုင်ငံက ရေဘေးကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့ နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲ စောင့်ကြည့်ရေးတို့မှာ အသုံးပြုဖို့အတွက် အမေရိကန်ဒေါ်လာ ၇၅.၄ သန်းနဲ့ ညီမျှတဲ့ ဂျပန်ယန်းငွေ ၉ ဘီလီယံ ကူညီမယ်လို့ ဂျပန်နိုင်ငံက ပြောပါတယ်။

အဲဒီအထဲက ထက်ဝက်နီးပါးဖြစ်တဲ့ ယန်း ၄ ဘီလီယံကိုတော့ ဇူလိုင်လအတွင်း ဖြစ်သွားခဲ့တဲ့ မိုးသည်း ရေကြီးမှုတွေကြောင့် ပျက်စီးသွားခဲ့တဲ့ လမ်း စတဲ့ အခြေခံ အဆောက်အဦး ပြင်ဆင်ရေးအတွက် အသုံးပြုမယ်လို့ ဂျပန်နိုင်ငံခြားရေးဌာနက ပြောပါတယ်။

မြန်မာအစိုးရရဲ့ တောင်းဆိုချက်အရ ရေမြုပ် ပျက်စီးသွားတဲ့ စာသင်ကျောင်းတွေနဲ့ တခြား အကူအညီတွေအတွက် ယန်း ၅ ဘီလီယံ နီးပါးနဲ့ ညီမျှတဲ့ အကူအညီတွေ ပေးသွားမှာ ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး Fumio Kishida က သတင်းစာရှင်းလင်းပွဲအတွင်း ပြောပါတယ်။

ဒါပေမဲ့ အခုလို ထပ်ပေးမယ့် အကူအညီတွေကိုတော့ အထောက်အပံ့အနေနဲ့ ပေးမလား၊ ဘယ်လိုပုံစံနဲ့ ပေးမလားဆိုတာတော့ မဆုံးဖြတ်ရသေးဘူးလို့ ဂျပန်အစိုးရ အရာရှိတွေက ပြောပါတယ်။

အခုပေးမယ့် အကူအညီဟာ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတွေကတဆင့် ဂျပန်အစိုးရက အကူအညီ အထောက်အပံ့အဖြစ် ပေးထားပြီးဖြစ်တဲ့ ယန်း ၃၂၅ သန်းအပြင် ထပ်ပေးမယ့် အကူအညီဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာအစိုးရက သြဂုတ်လအတွင်း ထုတ်ပြန်တဲ့ စာရင်းဇယားတွေအရ ရေဘေးဒဏ်ကြောင့် သေဆုံးသူ အရေအတွက် ၁၁၇ ဦးရှိပြီး ဒုက္ခသည်ပေါင်း ၁.၆ သန်းရှိတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ နိုဝင်ဘာလအတွင်း ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ဂျပန်အစိုးရက ထောက်ပံ့ပေးမှုနဲ့ ပတ်သက်လို့တော့ - မြန်မာနိုင်ငံမှာ အမျိုးသားရင်ကြားစေ့ရေးကို ကူညီဆောင်ရွက်ပေးတဲ့ အထူး ကိုယ်စားလှယ် Yohei Sasakawa ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ကို ရွေးကောက်ပွဲ စောင့်ကြည့်ရေးအတွက် စေလွတ်သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီး Fumio Kishida က ပြောပါတယ်။

ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတမှု ရှိရေးအတွက် ဂျပန်အစိုးရအနေနဲ့ ကူညီ ပံ့ပိုးပေးသွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီး Fumio Kishida ပြောပါတယ်။ အဖွဲ့ဝင် ၁၀ ဦးပါတဲ့ အဲဒီ ကိုယ်စားလှယ်အဖွဲ့ဟာ နိုဝင်ဘာလ ၈ ရက်နေ့မတိုင်ခင် ၅ ရက်ကြိုပြီး စေလွတ်မယ်လို့ ဆိုပါတယ်။

အခုတကြိမ် ကျင်းပတဲ့ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွက် အင်မတန် အရေးကြီးတဲ့အတွက် နိုင်ငံတကာ စောင့်ကြည့်ပေးကြဖို့ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က Facebook စာမျက်နှာကတဆင့် ဗွီဒီယိုနဲ့ နိုင်ငံတကာကို ပန်ကြားထားပါတယ်။

XS
SM
MD
LG