သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ကိုယ်စားလှယ် အဖွဲ့ ဂျပန် သွားမည်


ဂျပန်နိုင်ငံရှိ မြန်မာနိုင်ငံသားများကို ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ် ၂၀၁၃ ဧပြီလ။
ဂျပန်နိုင်ငံရှိ မြန်မာနိုင်ငံသားများကို ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ် ၂၀၁၃ ဧပြီလ။

ဂျပန်အစိုးရနဲ့ မြန်မာနိုင်ငံမှာ နောက်တက်လာမယ့် NLD ဦးဆောင်တဲ့ အစိုးရသစ် ကြား နှစ်နိုင်ငံရင်းနှီး ချစ်ကြည်မှုတွေ၊ ခိုင်မာတဲ့ စီးပွားရေး ဆောင်ရွက်မှုတွေနဲ့ လူမှုရေး ပညာရေး အကူအညီတွေ ပိုပြီးတော့မှ ဆက်သွယ် လုပ်ကိုင်လာဖို့ကို ဂျပန် လူမျိုးတွေနဲ့ ဂျပန်ရောက် မြန်မာတွေကြား မျှော်လင့်ချက်တွေ ရှိနေပါတယ်။ ဂျပန် ဝန်ကြီးချုပ် က ရွေးကောက်ပွဲ အနိုင်ရပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုလွှာနဲ့အတူ ဂျပန်နိုင်ငံကို လာရောက်ဖို့ ဖိတ်ခေါ်လိုက်မှုဟာ ဂျပန်အစိုးရ ဘက်က နောက်တက်လာမယ့် အစိုးရသစ်အပေါ် ရင်းရင်းနှီးနှီး လက်ကမ်းကြိုဆို လိုက်တာပဲလို့ သုံးသပ်ပါတယ်။ အသေးစိတ် မဆုမွန်က တင်ပြပေးပါမယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ အစိုးရသစ် တရပ် ဖွဲ့စည်းနိုင်ခွင့်ရတဲ့အထိ ထောက်ခံမဲ အပြတ်အသတ် နဲ့ အနိုင်ရလိုက်တဲ့ အတိုက်အခံပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ကို ဝမ်းမြောက် ဂုဏ်ယူတဲ့အကြောင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက မြန် မာနိုင်ငံ ဆိုင်ရာ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဂျပန်အထူးကိုယ်စားလှယ် Yohei Sasakawaယိုဟေ့အိ ဆာဆာကာဝါက တဆင့် NLD ကို သတင်းစကား ပါးလိုက် ပါတယ်။ ဒါ့အပြင် နောက်တက်လာမယ့် အစိုးရသစ်ကို အဓိက အခန်းကဏ္ဍက ဦးဆောင်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဂျပန်နိုင်ငံကို အရင်ဆုံး လာရောက်လည်ပတ် ဖို့ကိုလည်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေးက ဖိတ်ကြား လိုက်ကြောင်း ဂျပန်နိုင်ငံခြားရေး ဌာနကလည်း သတင်း ထုတ်ပြန် ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဂျပန်အစိုးရရဲ့ ဖိတ်ခေါ်မှုကို လက်ခံသွားရောက် မယ် မသွားရောက်ဘူး ဆိုတာကိုတော့ NLD ဘက်က တရားဝင် ထုတ်ပြန်ကြေ ညာခြင်း မရှိသေးပေမဲ့ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်လည်းဖြစ် ေြ ပာရေး ဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း လာမယ့် သီတင်းပတ်မှာ ဂျပန်ကို သွားရောက်ဖို့ ရှိနေလို့ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေနဲ့တွေ့ဆုံဖို့ စီစဉ်နေကြပါတယ်။

အခုလို ဂျပန်အစိုးရရဲ့ နောက်တက်လာမယ့် အစိုးရသစ်အပေါ် အရင်ဆုံး လက်ကမ်း ကြိုဆို လိုက်တဲ့အပေါ် ဂျပန်-မြန်မာအရေး လေ့လာသူ ဂျပန်လူမျိုး သတင်းစာ ဆရာကြီး ဦးရွှေဘ (ခေါ်) Hisao Tanabe ဟီဆအို တာနဘဲ့က အခုလို သုံးသပ်ပါတယ်။

“စစ်အစိုးရခေတ်ကတည်းက ဂျပန်အစိုးရ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနဟာ NLD နဲ့လဲ အဆက်အသွယ် ရှိခဲ့တယ်ထင်ပါတယ်။ စစ်အစိုးရက ဒီလောက်ကြာကြာ ရှိမှာမဟုတ်ဘူးလို့လဲ ဂျပန်အစိုးရက မြင်နေတယ် ထင်ပါရဲ့။ ဒေါ်စုဦးဆောင်တဲ့ NLDက နိုင်သွားတယ် ဆိုတာကို ဂျပန်အစိုးရ အနေနဲ့လဲ ကြိုဆိုနေတယ်လို့ ထင်ရပါတယ်။ ဒီနောက်ပိုင်း အစိုးရ အာဏာရမယ် NLDနဲ့ ဒီထက်ပို ခိုင်ခိုင်မြဲမြဲ ဆက်သွယ်ဖို့ ဂျပန် အစိုးရအနေနဲ့ ကြံရွယ်နေတယ် ထင်ပါတယ်။ ဒါကြောင့် ဦးဉာဏ်ဝင်းကိုလဲ ဖိတ်တယ် ၊ ဒေါ်စုကိုလဲ ဖိတ်တယ်ဆိုတာ ကျနော် အဲလိုပဲ ထင်ပါတယ် ခင်ဗျ။”

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသား မင်္ဂလာဒိုးအဖွဲ့က ဦးမျိုးသန့်ကလည်း ဂျပန်အစိုးရ အနေနဲ့ စီးပွားရေးကိုပဲ အဓိကဦးစားပေး ဆောင်ရွက်လေ့ ရှိပေမဲ့လို့ ဒီမိုကရေစီ အစိုးရသစ် တက်လာချိန်မှာတော့ ဂျပန်အစိုးရဘက်က မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်တွေမှာ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး ကူညီမှုတွေ ပိုတိုးလုပ်ဆောင် လာနိုင်မယ်လို့ ယူဆပါတယ်။

“ဂျပန်အစိုးရရဲ့မူဝါဒကတော့ သူက စီးပွားရေးကို အဓိကထားပြီးတော့ ဦးစားပေး တာများပါတယ်။ အရင်ကလဲ ကျနော်တို့ ဒီမိုကရေစီ တိုက်ပွဲ တွေ လုပ်နေတဲ့ အချိန်တွေမှာလဲ သူတို့စီးပွားရေးကိုပဲ အဓိကထားပြီးတော့ ODA တို့ဘာတို့ကို ကျနော်တို့ ကန့်ကွက်တဲ့ကြားကပဲ သူပေးခဲ့ တာပဲလေ .. အရင် စစ်အစိုးရ အဆက် ဆက်မှာလဲ။ အခုဟာကတော့ သူက ဒေါ်စု ဒီမိုကရေစီ အစိုးရတက်လာတဲ့အခါမှာ သူက လက်ဦးမှုကို မြန်မြန် ရယူချင်တဲ့အတွက် စီးပွားရေးကိုလဲ မြန်မာပြည်မှာ သူများထက် ဦးအောင် ဝိုင်းလုပ်ချင်တဲ့ ရည်ရွယ်ချက်တွေ သူ့မှာ များစွာရှိနေပုံ ရပါတယ်။ ဂျပန်ကတော့ ဒီထက်ကို အဆပေါင်းများစွာ ကောင်းအောင် သူကတော့ လုပ်မှာပဲလေ။ ငွေရေးကြေးရေးရော ပညာရှင်ပိုင်းတွေရော အကုန်လုံး သူက ဝင်မှာပဲလေ။”

မြန်မာ့အရေး လေ့လာသူ ဂျပန်သတင်းစာဆရာ သတင်းစာဆရာကြီး ဦးရွှေဘ လို့ခေါ်တဲ့ Hisao TANABE က ပြည်သူလူထု ထောက်ခံမဲ အပြည့်နဲ့ အတိုက်အခံ ပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မဲအပြတ်အသတ် အနိုင်ရမှုအပေါ် ဝမ်းသာ ကြိုဆိုပေမဲ့လို့ အုပ်ချုပ်ရေးအာဏာ အကူးအပြောင်းကာလ စစ်တပ်ရဲ့ အနေအထား အပေါ် စိုးရိမ်ပူပင်မှုရှိတယ်လို့ ပြောပါတယ်။

“ဒီတခါတော့ ၉၀ ခုနှစ် ရွေးကောက်ပွဲ တုန်းက လောက်တော့ မဟုတ်ဘူးလို့ သူတို့ပြောနေပေမယ့် တကယ့်တကယ် ဘာတွေဖြစ်မလဲ ဆိုတာကိုတော့ ကျနော်တို့ အနေနဲ့ စိုးရိမ်တဲ့ အပိုင်းတွေ ရှိပါတယ်။ ချောချောမောမောနဲ့ အဲဒီ Transition လို NLD အစိုးရကို အာဏာလွှဲအပ်နိုင်ဖို့ ဆိုတာ ကျနော်တို့အနေနဲ့ မျှော်လင့်နေ တာပါခင်ဗျ။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်း ဂျပန်နိုင်ငံကို ရောက်ရှိလာချိန်မှာ ဂျပန်အစိုးရပိုင်း တာဝန်ရှိ သူတွေ၊ လွှတ်တော်တာဝန်ရှိသူတွေနဲ့ နိုင်ငံရေးပါတီတွေကို တွေ့ဆုံနိုင်ဖွယ်ရှိသလို ဂျပန်ရောက် မြန်မာနိုင်ငံသား တွေနဲ့လည်း ဂျပန်နိုင်ငံ တိုကျိုမြို့မှာ လာမယ့် တနင်္ဂနွေနေ့ စုဝေးတွေ့ဆုံကြဖို့ အစီစဉ်ရှိတယ်လို့ သိရပါတယ်။

XS
SM
MD
LG