သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဂျပန်ဝန်ကြီးချုပ်ချီးကျူး


မြန်မာနိုင်ငံ ငြိမ်ချမ်းရေးလုပ်ငန်းစဉ်အတွင်း ပဋိပက္ခလွန်ကာလ တိုင်းရင်းသားဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်အစိုးရအနေနဲ့ မြန်မာအစိုးရနဲ့ ဆွေးနွေးခဲ့ပါတယ်။

အခုလို ဆွေးနွေးဖို့ လက်ရှိ တနိုင်ငံလုံးအပစ်အခပ်ရပ်စဲရေး အဓိက ဦးဆောင်ဆွေးနွေးနေတဲ့ မြန်မာသမ္မတရုံးဝန်ကြီး ဦးအောင်မင်းကို ဂျပန်အစိုးရက ဖိတ်ကြားခဲ့တယ်လို့ ဒီခရီးစဉ်မှာ ပါသူတဦးက ဆိုပါတယ်။ ဂျပန်ဝန်ကြီးချုပ်နဲ့လည်း တွေ့ခဲ့တဲ့ ဒီခရီးစဉ်မှာပါတဲ့ MPC ခေါ် မြန်မာငြိမ်းချမ်းရေးစင်တာ တာဝန်ရှိသူတဦးကို ကိုဝင်းမင်းက မေးမြန်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ထူးထူးခြားခြား တနိုင်ငံလုံးအပစ်အခပ်ရပ်စဲရေးစာချုပ် လက်မှတ်ထိုးဖို့ နီးလာချိန်မှာ ဂျပန်အစိုးရအနေနဲ့ အပစ်အခပ်ရပ်ပြီးကာလမှာ အရေးပါမယ့် စစ်ဒဏ်ခံ တိုင်းရင်းသားဒေသ ဖွံ့ဖြိုးရေးအတွက် ကူညီနိုင်ရေး ဆွေးနွေးဖို့ အဓိက ဖိတ်ကြားခဲ့တာလို့ ခရီးစဉ်မှာပါတဲ့ မြန်မာငြိမ်းချမ်းရေးစင်တာရဲ့ နိုင်ငံရေးဆွေးနွေးမှုအစီအစဉ် တွဲဘက် ဒါရိုက်တာ ကိုညိုအုန်းမြင့်က ထောက်ပြလိုက်ပါတယ်။

Myanmar Peace Center (ခေါ်) မြန်မာငြိမ်းချမ်းရေးစင်တာလို့ လူသိများတဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖော်ဆောင်မှုှဗဟိုဌာနက ကိုညိုအုန်းမြင့်က မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးကတည်းက နှစ်ပေါင်း ၆၀ ကျော် ၇၀ နီးပါး ဖြစ်လာခဲ့တဲ့ ပြည်တွင်းစစ်ဒဏ်ကြောင့် တိုင်းရင်းသားဒေသတွေမှာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့ရတယ်၊ ဒီနောက်ကျမှုကြောင့်လည်း စစ်ပွဲတွေ အဆုံးသတ်ဖို့ ခက်ခဲရာကနေ အခုတော့ တနိုင်ငံလုံး အပစ်အခပ်ရပ်ရေးမူကြမ်း ပထမဆုံးအကြိမ် ရလာပြီမို့ နိုင်ငံရေးဆွေးနွေးပွဲနဲ့ ဒီဒေသဖွံ့ဖြိုးရေးတွေ အာရုံစိုက်နိုင်တော့မယ့် ကာလမှာ ဒီခရီးစဉ်ဖြစ်လာတာ ထူးခြားတယ်လို့ ဆိုပါတယ်။

“အဓိကကတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်း လက်မှတ်ထိုးပြီးတဲ့အခါမှာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက်ကို ငြိမ်းချမ်းရေးကိစ္စကို လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းအောင် ဆောင်ရွက်ပေးတဲ့အတွက်ဆိုပြီးတော့ ဝန်ကြီးချုပ်နဲ့လည်း သူတို့တွေ့စေချင်တယ်၊ နောက်တခါ မြန်မာနိုင်ငံရဲ့ အနာဂတ် ပဋိပက္ခတွေ ပြီးသွားတဲ့အခါမှာ ဒီဒေသတွေရဲ့ လိုအပ်ချက်ကို အစိုးရဘက်ကနေပြီးတော့ ဘယ်လိုဆောင်ရွက်ပေးမလဲ၊ သူတို့ဘက်က ဘယ်လိုကူညီပေးရမလဲဆိုတဲ့ အချက်ကိုသိချင်တဲ့အတွက် ဒီလိုဖိတ်ကြားခြင်းဖြစ်ပါတယ်။”

မြန်မာသင်္ကြန်အားလပ်ရက်ကာလတွင်း ဧပြီလ ၁၄ ရက်ကနေ ၁၇ ရက်ထိ ၄ ရက်ကြာမယ့် ဒီခရီးစဉ်ထဲ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ ဝန်ကြီး ဦးအောင်မင်းတို့ မနေ့က တွေ့ရာမှာ ဘာတွေ အဓိက ဆွေးနွေးဖြစ်ပါလဲလို့ မေးရာမှာ ကိုညိုအုန်းမြင့်က -

“အဓိကကတော့ သမ္မတကြီးဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေးမှာ တစ်အချက်ပေါ့နော် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးတွေ လုပ်မယ်။ အပစ်အခတ်ရပ်စဲရေးတွေ လုပ်မယ်ဆိုတဲ့ ဒီကိစ္စကို အောင်မြင်တဲ့အတွက် သူတို့အနေနဲ့ တော်တော်လေး အံ့အားသင့်တယ်ဆိုပြီးတော့ ဝန်ကြီးချုပ်ကိုယ်တိုင် ထုတ်ပြောသွားတာကိုလည်း တွေ့ရပါတယ်။ အဲဒီအတွက်ကြောင့် ကျနော်တို့ တိုင်းပြည်ရဲ့အနာဂတ်ကို ဂျပန်အစိုးရအနေနဲ့ ဘယ်လိုဝိုင်းပြီးတော့ လုပ်မလဲ။ နောက်တခါ ကျနော်တို့တိုင်းပြည်ရဲ့ တိုင်းရင်းသားဒေသတွေမှာ ဖွံ့ဖြိုးရေးအရမ်းနောက်ကျတဲ့အတွက်ကြောင့် အဲကိစ္စတွေကိုလည်း ဝိုင်းပြီးတော့ ပံ့ပိုးကူညီချင်တယ်ဆိုတဲ့ ဆန္ဒတွေလည်းရှိတယ်ဆိုတာလည်း ကျနော်သိခဲ့ရပါတယ်။”

အဲဒီတော့ ဂျပန်ဝန်ကြီးချုပ်နဲ့ ဒီပဋိပက္ခလွန် ဖွံ့ဖြိုးရေးကိစ္စတွေ ဆွေးနွေးရာမှာ ဘာတွေကို အဓိက ဆွေးနွေးဖြစ်ခဲ့ပါလဲလို့ မေးရာမှာ ကိုညိုအုန်းမြင့်က ဆက်ပြီး -

“အဓိကကတော့ မူပါပဲခင်ဗျ။ ဝန်ကြီးချုပ်ကတော့ မူပဲ ပေးသွားတာ ဖြစ်ပါတယ်။ အဲတော့ ကျနော်တို့တိုင်းပြည်က ဒီအပစ်အခတ်ရပ်စဲရေး ပိုပြီးတော့ စနစ်တကျရှိအောင်ဆိုပြီးတော့ သူတို့အနေနဲ့ကတော့ အဓိကအားဖြင့်က ကျနော်တို့ ပဋိပက္ခလွန်ကာလမှာ ဒေသဖွံ့ဖြိုးရေး၊ ဒေသရဲ့ တည်ငြိမ်ရေးအတွက်ကို ဆောင်ရွက်ဖို့ဆိုတာ စီးပွားရေးဖွံ့ဖြိုးမှုတွေ ရှိရမယ်။ အလုပ်အကိုင်တွေရှိရမယ်။ လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းရမယ်။ ဒါတွေအပေါ်မှာ First World လို့ခေါ်တဲ့ စက်မှုထွန်းကားနေတဲ့ ဂျပန်နိုင်ငံလို တိုင်းပြည်မျိုးက အင်မတန် စိတ်ဝင်စားတာကို တွေ့ရတယ်။”

ဒီနေရာမှာ ဂျပန်ဝန်ကြီးချုပ်ဘက်ကရော ဘာတွေ ကတိပေးခဲ့တာတွေရှိပါလဲလို့ မေးရာမှာ ကိုညိုအုန်းမြင့်က ဆက်ပြီး

“ဂျပန်နိုင်ငံအနေနဲ့လည်း လက်နက်ကိုင် ငြိမ်းချမ်းရေးမှာရော ကျန်တဲ့ ကျနော်တို့ ဖွံ့ဖြိုးရေးကိစ္စတွေမှာလည်း ဂျပန်နိုင်ငံအနေနဲ့က အတတ်နိုင်ဆုံး ဝင်ရောက် ဆောင်ရွက်သွားမယ်ဆိုတဲ့ဟာကို အဲလိုမျိုးကိုတော့ ကျနော်တို့ နားလည်ပါတယ်။ သူ့အနေနဲ့ အတတ်နိုင်ဆုံး ကူညီသွားမယ်။”

တကယ်တော့ ဝန်ကြီးဦးအောင်မင်း ဦးဆောင်ပြီး ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနဲ့ ဦးသန်းဌေး၊ ဒုတိယ ရှေ.နေချုပ် ဦးထွန်းထွန်းဦးနဲ့ မြန်မာငြိမ်းချမ်းရေး စင်တာ တာဝန်ရှိသူတွေပါတဲ့ ဒီခရီးစဉ်ထဲမှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီး G7 စက်မှုထိပ်သီး ၇ နိုင်ငံအစည်းအဝေး ဂျာမနီမှာ တက်နေတာမို့ ဂျပန်ကာကွယ်ရေးဝန်ကြီးနဲ့လည်း တွေ့ဆုံခဲ့ရာမှာ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနဲ့ ပင်လယ်ရေကြောင်း လုံခြုံရေးတို့လို သမရိုးကျမဟုတ်တဲ့ လုံခြုံရေးဆိုင်ရာကိစ္စတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ ဒီခရီးစဉ်မှာ ပါသူတွေက ထုတ်ပြောခဲ့ပါတယ်။

အခုလို ပဋိပက္ခလွန်ကာလ မကြာခင်ရောက်ဖို့ တနိုင်ငံလုံးအပစ်အခပ်ရပ်ရေးစာချုပ် ဘယ်တော့ လက်မှတ်ထိုးနိုင်ဖို့ မျှော်လင့်ထားသလဲလို့မေးရာမှာ ကိုညိုအုန်းမြင့်က အတိအကျတော့ မပြောနိုင်သေးဘူး၊ ဒါပေမဲ့ မေလဆန်းလုပ်မယ့် တိုင်းရင်းသားထိပ်သီးခေါင်းဆောင်ဆွေးနွေးပွဲမှာ နောက်ဆုံးသဘောတူညီချက်ရပြီး ရက်သတ္တပတ်တွေအတွင်း ဖြစ်လာနိုင်လို့ အစောဆုံး မေလကုန်မှာ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ခန့်မှန်းပေးခဲ့ပါတယ်။

XS
SM
MD
LG