သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်အစိုးရသစ်ပြောင်းပေမဲ့ မြန်မာ့ ODA အစီအစဉ် မပြောင်းနိုင်


 Liberal Democratic Party က ပါတီခေါင်းဆောင် ရှင်ဇိုအာဘေး
Liberal Democratic Party က ပါတီခေါင်းဆောင် ရှင်ဇိုအာဘေး
ဂျပန်နိုင်ငံမှာ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရသွားတဲ့ Liberal Democratic Party အစိုးရသစ်အနေနဲ့ မြန်မာနိုင်ငံအပေါ်ထားတဲ့ မူဝါဒကို သိသိသာသာ ပြောင်းလဲမှာ မဟုတ်ဘူးလို့ ဂျပန် အကြီးတန်း သုတေသီတယောက်က ပြောလိုက်ပါတယ်။ ဂျပန်အစိုးရသစ်အနေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေကိုပေးတဲ့ ODA ထောက်ပံ့ကူညီမှုတချို့ကိုလျှော့ချဖို့ ရှိနေပေမဲ့ မြန်မာနိုင်ငံအပေါ်ကိုတော့ လျှော့မှာ မဟုတ်ဘူးလို့ ဖွံ့ဖြိုးဆဲနိုင်ငံများလေ့လာရေး သိပ္ပံက အကြီးတန်းသုတေသီ Toshihiro Kudo က VOA မြန်မာပိုင်းကို ပြောပါတယ်။ Shinzo Abe အစိုးရသစ်နဲ့ မြန်မာနိုင်ငံကြား ဆက်ဆံရေးအလားအလာနဲ့ ပါတ်သက်လို့ စုံစမ်းထားတဲ့ ဘန်ကောက်ရုံးက မစုမြတ်မွန်က တင်ပြပါမယ်။

တနင်္ဂနွေနေ့က ဂျပန်နိုင်ငံ ရွေးကောက်ပွဲမှာ Yoshihiko Noda ရဲ့ Democratic Party ကို Liberal Democratic Party က အနိုင်ရခဲ့ပြီးနောက်မှာ ပါတီခေါင်းဆောင် ရှင်ဇိုအာဘေးရဲ့ အစိုးရသစ် တက်လာတော့မှာဖြစ်ပါတယ်။ ဝန်ကြီးချုပ်သစ်၊ အစိုးရသစ် ဖြစ်လာတော့ မှာဖြစ်ပေမဲ့ မြန်မာနိုင်ငံအပေါ်ထားတဲ့ မူဝါဒကတော့ သိသိသာသာကြီး ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ ဂျပန် စီးပွားရေး ကုန်သွယ်ရေးနဲ့ စက်မှုလုပ်ငန်းဆိုင်ရာ ဝန်ကြီးဌာနအောက်မှာ ရှိတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများလေ့လာရေးသိပ္ပံ IDE-JETRO က အကြီးတန်းသုတေသီ Toshihiro Kudo က VOA မြန်မာပိုင်းကိုပြောပါတယ်။ Mr. Kudo ဟာ မြန်မာနိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အဓိက လေ့လာနေသူလဲဖြစ်ပါတယ်။

“လက်ရှိ ဂျပန်နဲ့ မြန်မာနိုင်ငံကြားရှိနေတဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးဟာ ဂျပန်အစိုးရသစ် တက်လာတဲ့အခါ ပြောင်းလဲသွားမယ်လို့ ကျွန်တော် မထင်ပါဘူး၊ ဂျပန် ဒိုင်ယတ်လွှတ်တော်ထဲက ပါတီစုံ ညွှန့်ပေါင်းအဖွဲ့ကလဲ ရာထူးကနေ ထွက်ပေးရတော့မဲ့ လက်ရှိဂျပန်အစိုးရနဲ့ မြန်မာနိုင်ငံကြား ဆက်ဆံရေးအခြေအနေကို အားပေးနေတာပါ၊ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်အစိုးရက ODA ထောက်ပံ့ကြေးပြန်ပေးတဲ့ ကိစ္စ၊ သီလဝါ အထူးစီးပွားရေးဇုံစီမံကိန်းကိစ္စတွေကြောင့် မြန်မာနဲ့ ဂျပန် ဆက်ဆံရေးဆက်ကောင်းအောင် အားပေးနေကြသူတွေ အများကြီးရှိပါတယ်၊ ဒါကြောင့် အစိုးသစ်အနေနဲ့လဲ လက်ရှိ ရှိနေတဲ့ အခြေအနေအတိုင်း ဆက်ပြီး ထိန်းသိမ်း ထားပါလိမ့်မယ်၊ နောက်တချက်က အသစ်တက်လာမဲ့ ဝန်ကြီးချုပ် အာဘေးဟာလဲ မြန်မာနိုင်ငံကို အင်မတန် အားပေး ထောက်ခံသူ တယောက်ဖြစ်ပါတယ်၊ နောက်ပြီးတော့ ဂျပန်နဲ့ တရုတ်ဆက်ဆံရေးအပါအဝင် ဂျပန်နဲ့ နိုင်ငံတကာဆက်ဆံရေးပိုင်း၊ စီးပွားရေးပိုင်းမှာ မြန်မာနိုင်ငံ ဟာ ဗြူဟာမြောက်အရေးပါတယ် ဆိုတာကို ကောင်းကောင်းနားလည်သူ တယောက်ဖြစ်ပါတယ်” လို့ Mr. Kudo ပြောသွားတာဖြစ်ပါတယ်။

လက်ရှိ ဂျပန်နိုင်ငံရဲ့ အခြေအနေမှာ မြန်မာနိုင်ငံဟာ ဂျပန်နိုင်ငံအတွက် စီးပွားရေးအရ အခွင့်အလမ်းသစ်တွေပေါ်ပေါက်လာတာမို့ မြန်မာနိုင်ငံကို အရေးပါလာပြီလို့ သတ်မှတ်လာကြပြီဆိုတာကိုလဲ အကြီးတန်းသုတေသီ Mr. Kudo က သုံးသပ်ပြပါတယ်။

“အရှေ့တောင်အာရှနိုင်ငံတွေအားလုံး၊ အာဆီယံနိုင်ငံတွေအားလုံးက ဂျပန်နိုင်ငံအတွက် အရေးကြီးပါတယ်၊ ဒါပေမဲ့ မြန်မာနိင်ငံကတော့ တချို့အချက်တွေကြောင့် ပိုပြီး အရေးကြီးတာပါ၊ အဓိကတချက်ကတော့ စီးပွားရေးအတွက်ပါ၊ အရင်တုန်းက သီးခြားဖြစ်နေတဲ့ မြန်မာနိုင်ငံဟာ အခုတော့ လမ်းတွေ အများကြီးဖွင့်နေပြီဖြစ်လို့ စီးပွားရေးအတွက် အခွင့်အလမ်းကောင်းတွေ နောက်ဆုံးပေါ်ထွက်လာတဲ့ နယ်ပယ်အသစ် Last Frontier လို့ ဂျပန်မှာ ပြောနေကြပါပြီ၊ နောက်တချက်ကတော့ သံတမန်ရေးအရ အရေးပါပါတယ်၊ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ အင်မတန် ဗျူဟာမြောက်တဲ့ ပထဝီအနေအထားမှာ ရှိပါတယ်၊ အရင် စစ်အစိုးရလက်ထက်တုန်းကတော့ မြန်မာဟာ တရုတ်အပေါ်မှာ မှီတည် အားကိုးခဲ့ပါတယ်၊ အခုတော့ မြန်မာက သူ့ရဲ့ သံတမန် ဆက်ဆံရေးကို မျှတအောင် ကြိုးစားလာတာတွေ့ရပါတယ်။ ဒီလိုအခြေအနေမှာ ဂျပန်လဲ သူ့ရဲ့ အကျိုးအတွက် မြန်မာနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိထားဖို့ အရေးကြီးပါတယ်"လို့ သုံးသပ်သွားတာဖြစ်ပါတယ်။

အသစ်တက်လာမဲ့ အစိုးရသစ်အနေနဲ့ စီးပွားရေးအရ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ ချရမဲ့ အနေအထား ရှိနေချိန်မှာ မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲ နိုင်ငံတွေအတွက် ပေးတဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ODA အကူအညီပိုင်းမှာ အပြောင်းအလဲ ရှိနိုင်သလားဆိုတာကိုလဲ Mr. Toshihiro Kudo ကို မေးကြည့်ပါတယ်။

“ကျွန်တော့်အထင်တော့ ပြောင်းမယ် မထင်ပါဘူး၊ ODA ဘတ်ဂျက်တခုလုံး လျော့ကောင်းလျော့ သွားနိုင်ပါတယ်၊ ဒါပေမဲ့ မြန်မာကို ပေးမဲ့ ODA ပမာဏကတော့ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး၊ ဂျပန် ပြည်တွင်းစီးပွားရေးအခြေအနေ တိုးတက်ရေးအာရုံစိုက်ဖို့ ထောက်ပံကြေး အသုံးစရိတ်တွေကို လျှော့ချတဲ့ အခြေအနေရောက်ကောင်း ရောက်နိုင်ပါတယ်၊ ဒါပေမဲ့ ရာထူးကနေ ဖယ်ပေးရမဲ့ Mr. Noda အစိုးရက မြန်မာနိုင်ငံအတွက် ODA ထောက်ပံ့ကြေး ယန်း သန်း ၅၀၀ ပေးပါမယ်လို့ ကတိပေးထားတဲ့အတိုင်း အသစ်တက်လာမယ့် အစိုးရသစ်ကလဲ ပေးမယ်လို့ ကျွန်တော်ထင်ပါတယ်၊ ဒီပမာဏကိုတော့ အစိုးရသစ်က လျှော့လိုက်မှာ မဟုတ်ဘူးထင်ပါတယ်"
လို့ ဖွံ့ဖြိုးဆဲနိုင်ငံများလေ့လာရေးသိပ္ပံ IDE-JETRO က အကြီးတန်းသုတေသီ Toshihiro Kudo က VOA မြန်မာပိုင်းကို ပြောပါတယ်။
XS
SM
MD
LG