သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာတိုင်းရင်းသားဒေသ နိပွန်ဖောင်ဒေးရှင်းကူမည်


ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း ကနေ မြန်မာနိုင်ငံတိုင်းရင်းသားဒေသက စစ်ပြေး ဒုက္ခသည်တွေ နဲ့ အိုးအိမ်ရွှေ့ ပြောင်းခံပြည်သူတွေ အတွက် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးမယ်လို့ ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ကျင်းပတဲ့ နှီးနှောဖလှယ်ပွဲကို တက်ရောက်ခဲ့တဲ့ UNFC ခေါင်းဆောင်တွေ က ပြောပါတယ်။ ဒီကူညီရေး အစီအစဉ်တွေကို နိပွန်ဖေါင်ဒေးရှင်းရဲ့ ကြီးကြပ်မှု နဲ့ အရေးပေါ်အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ ဒေသတွေကို ဦးစားပေး ကူညီပေးသွားမယ်လို့လဲ ဆိုပါတယ်။ နိပွန်ဖောင်ဒေးရှင်းအနေနဲ့ မြန်မာပြည်ငြိမ်းချမ်းရေး အတွက် အကူအညီပေးသွားမှာ ဖြစ်သလို ရေရှည်အတွက် ထောက်ပံ့သွားမှာကို မျှော်လင့်နေတယ်လို့လဲ ပြောဆိုမှုတွေရှိနေပါတယ်။ ဒီအခြေအနေတွေကိုတော့ ထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိန်ကနေ ဆက်သွယ်မေးမြန်းထားပြီး အခုလိုသတင်းပေးပို့ထားပါတယ်။

လူသားချင်းစာနာမှုဆိုင်ရာ အကူညီပေးရေး အစီအစဉ်အတွက် ဂျပန်နိုင်ငံ နိပွန်ဖေါင်ဒေးရှင်းကနေ UNFC ခေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီအဖွဲ့ဝင်တွေကို ဖိတ်ခေါ်ခဲ့ပြီး ဒီကနေ့နံက် ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒီဆွေးနွေးပွဲမှာ ဂျပန်နိုင်ငံ နိပွန်ဖေါင်ဒေးရှင်းကနေ မြန်မာပြည်တွင်းက စစ်မက်ဖြစ်ပွားနေတဲ့ ဒေသက ပြည်သူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူညီပေးမယ်လို့ အစည်းအဝေး တက်ရောက်ခဲ့သူ UNFC အဖွဲ့ဝင် ပအိုဝ် အမျိုးသားလွတ်မြောက်ရေး အဖွဲ့ အတွင်းရေးမှူး ကိုခွန်မြင့်ထွန်းကပြောပါတယ်။

“အဲ့ဒီ့အကူအညီပေးမှုကတော့ ပထမဦးဆုံးအနေနဲ့ ကတော့ အရေးပေါ်လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို အမြန်ဆုံးပေးပါတယ်။ အခုကျွန်တော်တို့ လောလောဆယ် အားဖြင့်ကတော့ ဒေါ်လာသုံးသန်း ဖိုးကို ကနဦးထောက်ပံ့မှုနဲ့ နိပွန်ဖောင်ဒေးရှင်း က ပေးမှာဖြစ်ပါတယ်။

ဒီအကူအညီပေးဆောင်တာဟာ နိပွန်ဖောင်ဒေးရှင်းရဲ့ ကြီးကြပ်မှုနဲ့ အရေးပေါ်အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့တိုင်းရင်းသားဒေသတွေကို ဦးစားပေးကူညီသွားမယ်လို့ ကိုခွန်မြင့်ထွန်းကပြောပါတယ်။

“နိပွန်ဖေါင်ဒေးရှင်းကနေ ကျွန်တော်တို့ကို ပေးတဲ့အခါမှာ ငွေသားပိုက်ဆံကို ကျနော်တို့ကို ပေးတာမဟုတ်ဘဲနဲ့ အဓိကအားဖြင့် ပထမဦးဆုံးမှာ အရေးပေါ် လိုအပ်ချက် ဖြစ်တဲ့အတွက်ကြောင့်မို့ ဆန်နဲ့ ဆေးဝါးကို ပေး မှာ ဖြစ်ပါတယ်။ အဲဒီလို ဆန်နဲ့ ဆေးဝါးကို ပေးတဲ့အခါမှာ နိပွန်ဖေါင်ဒေးရှင်းက သူတို့ကိုယ်တိုင် ကြီးကြပ်မှု နဲ့ ပေးမှာဖြစ်ပါတယ်။ အရေးပေါ် လို့ ပြောတဲ့နေရာမှာ ဒုက္ခအရောက်ဆုံးဖြစ်နေတဲ့သူတွေ ဦးစားပေး ပေးမှာဖြစ်ပါတယ်။

ဥပမာ ကျနော်တို့ဆီမှာ UNFCရဲ့ အဖွဲ့အစည်းက ကေအိုင်အိုက အခု ကျနော်တို့ ပဋိပက္ခ အပြင်းထန်ဆုံး ဖြစ်နေတဲ့ ဒေသဖြစ်ပါတယ်။ အဲဒီမှာ ဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက် အဓိကထားပြီးတော့ ပေးမှာဖြစ်ပါတယ်။ အဲဒီလိုပေးတဲ့အခါမှာ ကျွန်တော်တို့ UNFCအဖွဲ့တွေ နဲ့ ဆက်စပ်တဲ့ IDP ပေါ့လေ။ ဒုက္ခရောက်နေတဲ့ လူထုတွေကို ကူညီတဲ့ကိစ္စမှာ အချိုးကျခွဲတမ်းစံနစ်နဲ့ ကူညီဆောင်ရွက်မှာ ဖြစ်ပါတယ်။ အထူးအားဖြင့် ကချင်ဒေသကို ဦးစားပေးပြီး ဆောင်ရွက် သွားမှာဖြစ်ပါတယ်။”

ဟုတ်ကဲ့။ နိပွန်ဖေါင်ဒေးရှင်းအနေနဲ့ မြန်မာပြည်က စစ်မက်ဖြစ်ပွါးရာဒေသက ပြည်သူတွေ အိုးအိမ် ရွှေ့ ပြောင်းခံ ပြည်သူတွေကို ဘယ်ကာလအထိ ကူညီထောက်ပံ့ပေးဖို့ အစီအစဉ်ရှိပါသလဲခင်ဗျာ။

“ကျနော်တို့ အခုနားလည်ထားချက်ကတော့ နိပွန်ဖေါင်ဒေးရှင်းကတော့ ဂျပန်နိုင်ငံမှာ အကြီးဆုံးသောက NGO အဖွဲ့အစည်းဖြစ်ပါတယ်။ ဂျပန်ပြည်သူလူထုရဲ့ ငွေတွေနဲ့ သူတို့တာဝန်ခံပြီး ဆောင်ရွက်နေတဲ့ အကြီးဆုံးသော အဖွဲ့အစည်းဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဂျပန်ပြည်သူလူထုအနေနဲ့ ပါဝင် ဆောင်ရွက်လိုတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် ပြီးဆုံးတဲ့အထိကို သူတို့ ကူညီဆောင်ရွက်သွားမယ်လို့ ကျနော်တို့ အဲဒီလိုမျှော်လင့်ထားပါတယ်။

ကျနော်တို့ နိပွန် ဖေါင်ဒေးရှင်းက ဥက္ကဌ Yohei Sasakawa ကပြောတာကတော့ ကမ္ဘာကြီးမှာ ကျနော်တို့က မိသားစုတခုထဲပါဘဲ။ ဒါကြောင့် ကျွန်တော်တို့ မိသားစုအချင်းချင်းမှာ ဒုက္ခရောက်တဲ့ အချိန်မှာ ကျွန်တော်တို့ ကူညီဆောင်ရွက်ပေးပါ့မယ် ဆိုတာကို သူအာမခံပြီး ပြောပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာလက နိပွန်ဖေါင်ဒေးရှင်းကိုယ်စားလှယ်တွေ ထိုင်းနိုင်ငံကို ရောက်စဉ်အတွင်း UNFC အဖွဲ့ဝင်တွေကို လာရောက်တွေ့ဆုံခဲ့ပါတယ်။ အဲဒီတွေ့ဆုံစဉ်မှာ တိုင်းရင်းသားအဖွဲ့တွေ အနေနဲ့ မြန်မာ အစိုးရနဲ့တွေ့ဆုံဆွေးနွေးပြီး မြန်မာနိုင်ငံအရေးအတွက် အဖြေရှာကြဖို့ တိုက်တွန်းခဲ့သလို နိပွန်ဖေါင်ဒေးရှင်း အနေနဲ့ အားပေး အားမြှောက် ပြုသွားမယ်လို့ လဲပြောဆိုခဲ့ပါတယ်။

လက်ရှိအနေအထားမှာတော့ မြန်မာအစိုးရအနေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအပေါ် ငြိမ်းချမ်းရေးအရ တွေ့ဆုံဆွေးနွေးနေသလို တဘက်မှာလဲ ထိုးစစ်ဆင်နေတဲ့ အနေအထားမှာ ရှိနေပါတယ်။ တကယ်လို့ ငြိမ်းချမ်းရေး ပျက်ပြယ်သွားရင် နိပွန်ဖေါင်ဒေးရှင်းအနေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူညီ ပေးရေး အစီအစဉ် ပေးနိုင်ပါ့မလား ဆိုတဲ့မေးခွန်းအပေါ် ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီရဲ့ အတွင်းရေးမှူး နိုင်ဟံသာက အခုလိုပြောပါတယ်။

“ဟိုမှာထိုးစစ်တွေရှိနေသေးတယ်။ တိုက်ပွဲတွေဖြစ်နေသေးတယ်ဆိုတဲ့အပိုင်းကလဲ ကေအိုင်အိုနဲ့ အစိုးရနဲ့ ဆွေးနွေးနေကြတယ်လို့ ကျွန်တော်တို့ သိရတယ်လေ။ အဲတာလဲ ဘယ်လို အဖြေထွက်လာမလဲလို့ ကျွန်တော် တို့ အတိအကျ မပြောတတ်သေးဘူးဗျ။ တိုက်ပွဲကတော့ ကနေ့လဲ ဖြစ်နေတာဘဲလေ။ အဲဒီလိုဖြစ်နေတဲ့ အခြေအနေမှာလဲ သူတို့ပေးမှာပါ။ ကချင်ဘက်လဲ ပါတာဘဲ။ ကချင်ဘက်က ဒုက္ခသည်တွေ တခြားဒေသထက် ပိုများနေပါသေးတယ်။ အဲတာတွေလဲပေးမှာပါ။”

လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးအပ်နိုင်ရေး နှီးနှောဖလှယ်ပွဲကို တက်ရောက်ဖို့ ဂျပန်နိုင်ငံ နိပွန် ဖေါင်ဒေးရှင်းကနေ UNFC ခေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီကို ဖိတ်ကြားခဲ့ ပါတယ်။
ဒီနှီးနှောဖလှယ်ပွဲကို ဗိုလ်မှူးကြီး ခွန်ဥက္ကာ ဦးဆောင်ခဲ့ပြီး UNFCအဖွဲ့ဝင်တွေဖြစ်တဲ့ ကေအိုင်အိုခေါ် ကချင် လွတ် လပ်ရေး အဖွဲ့၊ ကေအန်ယူခေါ် ကရင်အမျိုးသားအစည်းအရုံး ၊KNPPခေါ် ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ၊ မွန်ပြည်သစ်ပါတီ၊ ပအိုဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့၊ ရှမ်းပြည်တိုးတက်ရေး ပါတီအပါအဝင် အဖွဲ့(၁၀)ဖွဲ့ တက်ရောက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ(၂၄)ရက်နေ့တုန်းက နိပွန်ဖေါင်ဒေးရှင်းဥက္ကဌYohei Sasakawa ဟာ မြန်မာနိုင်ငံကို ရောက် လာပြီး သမ္မတဦးသိန်းစိန်ရယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ လဲတွေ့ဆုံခဲ့ ပါသေးတယ်။ နိပွန်ဖေါင်ဒေးရှင်း ကို (၁၉၆၂)ခုနှစ်မှာ စတင် တည်ထောင်ခဲ့ပါတယ်။
XS
SM
MD
LG