သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်ဝန်ကြီးချုပ် မြန်မာပြည်ခရီးစဉ်စတင်


ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘဲ မြန်မာနိုင်ငံကို ရောက်ရှိလာစဉ်။ (မေလ ၂၄ ရက်၊ ၂၀၁၃)။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘဲ မြန်မာနိုင်ငံကို ရောက်ရှိလာစဉ်။ (မေလ ၂၄ ရက်၊ ၂၀၁၃)။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘဲ (Shinzo Abe) ဟာ သောကြာနေ့ ညနေပိုင်း က မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပါတယ်။ အဖွဲ့ဝင်အရေအတွက် အများအပြား ပါဝင်တဲ့ ဂျပန်ဝန်ကြီးချုပ်ရဲ့ ခရီးစဉ်အတွင်း ဂျပန်-မြန်မာ နှစ်နိုင်ငံအကြား စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်တွေ၊ မြန်မာကို ဂျပန်က အကူအညီပေးရေးကိစ္စရပ်တွေ ဆွေးနွေးကြမယ်လို့ ခန့်မှန်းထားပါတယ်။ သဘောတူညီချက်တွေ လက်မှတ်ရေးထိုးဖွယ်ရှိတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။ အပြည့်အစုံကို ရန်ကုန်မြို့ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

နှစ်ပေါင်း ၄၀ နီးပါးအတွင်း ဂျပန်ဝန်ကြီးချုပ်တစ်ဦးအနေနဲ့ ပထမဆုံး မြန်မာနိုင်ငံခရီးစဉ်ဖြစ်တဲ့ ဝန်ကြီးချုပ် ရှင်ဇို အာဘဲ (Shinzo Abe) ရဲ့ မြန်မာနိုင်ငံခရီးစဉ်အပေါ် ဂျပန် မြန်မာနှစ်ဘက်စလုံးမှာ မျှော်လင့်ချက်တွေ ကြီးကြီးမားမား ရှိနေ တာပါ။ မြန်မာ-ဂျပန် ချစ်ကြည်ရေးနဲ့ မိတ်ဘက်ဆက်ဆံရေး တိုးတက်ခိုင်မာစေဖို့ ရည်ရွယ်ပါတယ်လို့ ဂျပန်တာဝန်ရှိသူ တွေ ယေဘုယျပြောဆိုနေတဲ့ အခုခရီးစဉ်မှာ နှစ်နိုင်ငံ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်တွေ၊ မြန်မာကို ဂျပန်က အကူအညီပေးရေးကိစ္စရပ်တွေ အဓိကပါဝင်နေတယ်ဆိုတာကို ဗွီအိုအေက ဆက်သွယ်မေးမြန်းခဲ့တဲ့ သတင်းရင်းမြစ် အသီးသီးက ပြောကြပါတယ်။

“တစ်အချက်အနေနဲ့တော့ ဂျပန်စီးပွားရေးလုပ်ငန်းရှင်တွေ အနေနဲ့ မြန်မာပြည်မှာ တိုးတက်ဆောင်ရွက်ဖို့ အရမ်းလိုလားနေကြတော့၊ အဲဒီအတွက် ဝန်ကြီးချုပ် မြန်မာပြည်သွားပြီးတော့ အကူအညီပေးတဲ့ သဘောနဲ့ ရောက်တာက တစ်ချက်။ ပြီးတော့ အခု မြန်မာပြည် ပြုပြင်ပြောင်းလဲရေး လုပ်နေတုန်း ဂျပန်အနေနဲ့ အဘက်ဘက်က ကူညီထောက်ပံ့ပေးဖို့ ဆိုတဲ့ ရည်ရွယ်ချက် နဲ့ မြန်မာပြည်သွားတယ်။ အဲဒီ နှစ်ချက်ရှိတယ်လို့ ကျနော် ထင်ပါတယ်ခင်ဗျ။”

မြန်မာ့အရေးစိတ်ဝင်စားတဲ့ ဂျပန်လူမျိုး အလွတ်သတင်းထောက် ဦးရွှေဘ ခေါ် မစ္စတာ ဟိဆအို့ တနဘဲ့ (Hisao TANABE) ပါ။

ဂျပန်-မြန်မာ ဆက်ဆံရေးကို အခန်းကဏ္ဍ အဘက်ဘက်ကနေ အကူအညီပေးဖို့၊ အားပေးဖို့ အရေးကြီးတဲ့ပုဂ္ဂိုလ်များ ပါလာမှာပါလို့ အမည်မဖော်လို တဲ့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
မြန်မာနိုင်ငံဆီ သောကြာနေ့ ညနေနှောင်းပိုင်းမှာ ရောက်လာပြီးတဲ့နောက် စနေနေ့ နေ့လည်ပိုင်းမှာတော့ ဂျပန်ဝန်ကြီး ချုပ်နဲ့အဖွဲ့ဟာ ပြည်ထောင် စုမြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI မှာ မြန်မာ မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ရှိပါတယ်။ ဂျပန်နိုင်ငံဘက်က ဝင်လာမယ့် စီးပွားရေးလုပ်ငန်းကြီးတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေအတွက် မြန်မာ့စီးပွားရေးအသိုင်းအဝိုင်း မှာလည်း မျှော်လင့်ချက် ကြီးကြီးမားမား ရှိနေတာပါ။

“လာမှာကတော့ သူတို့ဘက်ကလည်း very big delegation ပါ။ အင်အား အားလုံး စုစုပေါင်းက သူတို့ဆီက ဝန်ကြီးချုပ် ခေါင်းဆောင်ပြီးတော့ ၁၅၀ လောက် ရှိပါတယ်။ ကျနော်တို့ဘက်ကလည်း အခုဟာက ၂၀၀ လောက် တက်ပါမယ်။ ကျနော်တို့ဘက်ကလည်း စီးပွားရေးလုပ်ငန်းတွေ။ ဒါ Trade and Investment အတွက် အခွင့်အလမ်းတစ်ခုပါပဲ။ ဒါတွေကလေ။ တစ်ယောက်နဲ့ တစ်ယောက် ဆက်စပ်တဲ့ လုပ်ငန်းချင်း engage လုပ်ကြမှာပါ။ ကျနော်တို့တော့ တော်တော်လေး မျှော်လင့်ပါတယ်။ သူတို့ဘက်ကလည်း ဝန်ကြီးချုပ် ခေါင်းဆောင်ပြီးတော့ အင်နဲ့အားနဲ့လာတယ်။ ကျနော်တို့ဘက်ကလည်း အင်နဲ့ အားနဲ့တက်ဖို့တော့ ပြင်ထားပါတယ်။ Good result ရလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။”

ဂျပန်-မြန်မာ စီးပွားရေးလုပ်ငန်းရှင်တွေ တွေ့ဆုံပွဲမှာပါဝင်မယ့် UMFCCI ရဲ့ အထွေထွေအတွင်းရေးမှူး ဒေါက်တာ မျိုးသက်ပါ။

၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး လူထုအုံကြွမှုကို စစ်တပ်က အကြမ်းဖက်နှိမ်နင်း အာဏာသိမ်းခဲ့ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အပြင်းအထန် ရှိနေခဲ့တဲ့ကာလတွေအတွင်း အထူးသဖြင့် အနောက်နိုင်ငံအများအပြား က မြန်မာနိုင်ငံအပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေနဲ့ အပြင်းအထန် အရေးယူခဲ့တဲ့ ကာလတွေမှာတောင်မှ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်းလှတဲ့ ဂျပန်နိုင်ငံက မြန်မာနဲ့ဆက်ဆံရေးကို မပြတ် ထိန်းသိမ်းခဲ့တာပါ။

သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့အစိုးရ တက်လာပြီး ပြုပြင်ပြောင်းလဲ မှုတွေ ဖော်ဆောင်လာချိန်မှာတော့ မြန်မာက ပေးဆပ်ဖို့ရှိတဲ့ ကြွေးမြီတွေကို လျော်ပေးတာတွေ၊ ဖွံ့ဖြိုးတိုးတက်ရေးအကူအညီ ပြန်ပေးတာတွေကို ဂျပန်ဘက်က အင်တိုက်အားတိုက် လုပ်လာခဲ့ပါတယ်။

မြန်မာနိုင်ငံ အထီးကျန်ဖြစ်ခဲ့တဲ့ကာလတွေအတွင်း မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံက နိုင်ငံရေး၊ စီးပွားရေးအရ အကြီးအကျယ် သြဇာလွှမ်းမိုး ခဲ့တာ လျော့သွားစေပြီး ဂျပန့်လုပ်ငန်းရှင်တွေ မြန်မာ့နွေဦး အပြောင်းအလဲ ကာလမှာ အခွင့် အလန်းတွေကို အမိအရဆုပ်ကိုင်ပြီးတော့ နောက်ကျ မကျန်ရစ်စေဖို့ ဒီခရီးစဉ်က ရည်ရွယ်တယ်လို့ ဝေဖန် သုံးသပ်တာ တွေက ထွက်ထားပါတယ်။

ဒီအချက်ကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးတာဝန်ရှိသူက မဟုတ်မှန်ကြောင်း ငြင်းဆန်ပေမဲ့ ဦးရွှေဘကတော့ ဂျပန်မှာ အဲဒီလိုစိုးရိမ်စိတ်ရှိတယ်ဆိုတာ မှန်တယ်လို့ ပြောပါတယ်။ တဆက်တည်းမှာပဲ ဒီခရီးစဉ်ဟာ စီးပွားရေးကိစ္စတစ်ခုတည်း သက်သက်မဟုတ်ဘဲ မြန်မာလူထု အကျိုးအတွက် ပါသင့်တယ်ဆိုပြီး ဂျပန်ပြည်တွင်း သတင်းမီဒီယာတွေ မှာ ရေးသား ဖော်ပြနေကြတယ်လို့ ဦးရွှေဘကပြောပါတယ်။

“စီးပွားရေးနယ်ပယ်က ဝန်ကြီးချုပ် အာဘဲ မြန်မာနိုင်ငံသွားမယ့်ခရီးစဉ်ကို အရမ်းကို ကြိုဆိုပါတယ်။ ဂျပန်လုပ်ငန်းရှင်တွေ အနေနဲ့ မြန်မာပြည်မှာ ဒီထက်ပို စီးပွားရေး ပိုလုပ်ဆောင်ဖို့ ဝန်ကြီးချုပ်အနေနဲ့ လမ်းခင်းပေးမယ် လို့ မျှော်လင့်နေပါတယ်။ နောက်တစ်ခုက အခု မြန်မာပြည်ပြုပြင် ပြောင်းလဲရေး လုပ်နေတော့ ဂျပန်စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အကျိုးကိုသာ ရည်မှန်းတာမဟုတ်ဘဲနဲ့၊ အဘက်ဘက်က မြန်မာပြည်ကို၊ ဥပမာ ကျန်းမာရေး၊ ပညာရေး အဲဒါတွေဘက်က ဂျပန်အနေနဲ့ ပိုပြီး ကူညီပေးဖို့ဖြစ်မယ်ဆိုတာမျိုး အဲဒီသဘောမျိုး ရေးထားတဲ့သတင်းစာ မီဒီယာတွေလည်း ရှိပါတယ်ခင်ဗျ။”

မြန်မာ့အရေးလေ့လာသူ အလွတ်သတင်းထောက် ဦးရွှေဘ ပါ။
ဂျပန်ဝန်ကြီးချုပ်နဲ့အဖွဲ့ဟာ သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရအဖွဲ့ ထိပ်တန်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ရှိပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ထားပါတယ်။
XS
SM
MD
LG