သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀န်ကြီးသစ်ကယ်ရီ ကမ္ဘာခေါင်းဆောင်တွေကို ဖုန်းနဲ့နှုတ်ဆက်


အမေရိကန်နိုင်ငံခြားရေးဝန်ကြီးသစ် ဂျွန်ကယ်ရီ။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးသစ် ဂျွန်ကယ်ရီ။

သောကြာနေ့ကမှ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးသစ် ဖြစ်လာတဲ့ ဂျွန်ကယ်ရီ (John Kerry) ဟာ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်အတွင်း တခြားနိုင်ငံ ခေါင်းဆောင်တွေကို တယ်လီဖုန်းနဲ့ ပထမဆုံးအကြိမ် ဆက်သွယ် စကားပြောခဲ့ပါတယ်။ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နာတန်ယာဟူး (Benjamin Netanyahu) နဲ့ ပါလက်စတိုင်းခေါင်းဆောင် မာမွတ်အာဘက်စ် (Mahmoud Abbas) တို့ကို မစ္စတာ ကယ်ရီ ဖုန်းနဲ့ ဆက်သွယ်ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးရရှိအောင် ကူညီဆောင်ရွက်ပေးဖို့ သူ့အနေနဲ့ သန္နိဌာန်ချထားတယ် ဆိုတာကို ခေါင်းဆောင် ၂ ယောက်လုံးကို နိုင်ငံခြားရေးဝန်ကြီး ကယ်ရီက ပြောခဲ့ပါတယ်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမီအိုကီရှီဒ (Fumio Kishida) နဲ့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ကင်မ်ဆောင်ဟွမ်း (Kim Sung-hwan) တို့ဆီကိုလည်း ဝန်ကြီး ကယ်ရီ ဆက်သွယ် စကားပြောခဲ့ပါတယ်။ အာရှ အရှေ့မြောက်ပိုင်းမှာ ဆက်ပြီး ရန်စတဲ့ အပြုအမူတွေကို လုပ်နေမယ်ဆိုရင် အကျိုးဆက်တွေ ခံရမယ်ဆိုတာကို မြောက်ကိုရီးယားနိုင်ငံ သိဖို့လိုကြောင်း နိုင်ငံခြားရေးဝန်ကြီး ၃ ယောက်လုံးက သဘောတူခဲ့ကြပါတယ်။

စနေနေ့တုန်းကလည်း ကနေဒါ၊ မက္ကဆီကို နဲ့ တူရကီ နိုင်ငံခြားရေးဝန်ကြီးတွေဆီကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးသစ် က ဆက်သွယ် စကားပြောခဲ့တယ်လို့ နိုင်ငံခြားရေးဌာန က ပြောပါတယ်။ အမေရိကန်မှာ သက်ရှိထင်ရှားရှိနေသေးတဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်းတွေနဲ့လည်း ကိုယ်တိုင်တွေ့ဆုံ၊ ဒါမှမဟုတ် ဖုန်းပေါ်ကတဆင့် ဆက်သွယ်ပြီး အကြံဉာဏ်တွေကို ရယူခဲ့ပါတယ်။ မစ္စတာကယ်ရီ ဟာ သောကြာနေ့တုန်းကမှ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန် (Hillary Clinton) ဆီကနေ ရာထူးတာဝန်ကို လွှဲပြောင်းယူခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG