သုံးရလွယ်ကူစေသည့် Link များ

ကန်ဝန်ကြီး Kerry နဲ့ ဦးဝဏ္ဏမောင်လွင် တွေ့ဆုံ


မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry နဲ့ အမေရိကန် ပြည်ထောင်စု မှာ ရောက်နေတဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ စက်တင်ဘာလ ၃၀ ရက် အင်္ဂါနေ့က ဝါရှင်တန်ဒီစီမြို့တော်မှာ တွေ့ဆုံ ဆွေးနွေးကြပါတယ်။

နိုဝင်ဘာလအတွင်း နေပြည်တော်မှာကျင်းပမယ့် အရှေ့အာရှထိပ်သီးအစည်းအဝေးကို သမ္မတ Barack Obama တက်ရောက်မှာဖြစ်ပြီး ဒေသဆိုင်ရာနဲ့ နှစ်နိုင်ငံ အကျိုးတူကိစ္စရပ်တွေကို ဆွေးနွေးကြမယ်လို့ ဝန်ကြီးကယ်ရီက ပြောပါတယ်။

ဒီအတောအတွင်း မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် အဲဒီဒေသတွေကို အမေရိကန် နိုင်ငံသွားတွေ မသွားကြဖို့ ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန်သံရုံးက ခရီးသွား သတိပေးချက် ထုတ်ပြန်ထားပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးကို တက်ဖို့အတွက် အမေရိကန်နိုင်ငံကို ရောက်နေတဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry တို့ ဝါရှင်တန်ဒီစီမြို့မှာရှိတဲ့ နိုင်ငံခြားရေးဌာနမှာ စက်တင်ဘာလ ၃၀ ရက်နေ့က တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။ အာဆီယံအလှည့်ကျ သဘာပတိအဖြစ် တာဝန်ယူထားတဲ့ မြန်မာနိုင်ငံကို ကျေးဇူးတင်ကြောင်း အစချီပြီး ဆွေးနွေးပွဲမစခင်မှာ သတင်းထောက်တွေကို ဝန်ကြီးကယ်ရီက အခုလို ပြောပါတယ်။

“အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံအကြား အရေးပါတဲ့ ကိစ္စရပ်တွေကို ပူးတွဲ ဆောင်ရွက်နေကြပါတယ်။ သမ္မတ အိုဘားမားဟာလည်း တလကျော်လောက်အချိန်မှာ မြန်မာနိုင်ငံကို သွားရောက်ဖို့ ရှိနေပါတယ်။ နေပြည်တော်မှာ ကျင်းပမယ့် အရှေ့အာရှ ထိပ်သီးစည်းဝေးပွဲကိုလည်း ကျနော်တို့ တက်မှာဖြစ်ပါတယ်။ အဲဒီမှာ ကျနော်တို့အနေနဲ့ ဒေသဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးကြရုံသာမက ရွေးကောက်ပွဲ၊ ရွေးကောက်ပွဲပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်၊ အကူအညီလိုအပ်တဲ့ ရခိုင်ပြည်နယ်က လူထုအတွက် လူသားချင်းစာနာမှု အကူအညီပေးဖို့၊ အမေရိကန်နဲ့မြန်မာအကြား နောက်ဆုံးအကြိမ် ဆွေးနွေးချိန်က ရှိထားတဲ့ ကတိကဝတ်တချို့ စတာတွေနဲ့ ပတ်သက်ပြီး လုပ်ဆောင်နေတာတွေကို ဆွေးနွေးကြပါမယ်။”

ဒါကြောင့် နိုဝင်ဘာလအတွင်းမှာ တကယ် အကျိုးဖြစ်ထွန်းနိုင်မယ့် ကိစ္စရပ်တွေကို ဆွေးနွေးနိုင်လိမ့်မယ်လို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ မျှော်လင့်ကြောင်း၊ အဲဒီ ခရီးစဉ်အတွင်း သမ္မတ အိုဘားမားနဲ့ သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံရေးအတွက် လိုအပ်ချက်တွေကို ဒီကနေ့ ကြိုတင် ပြင်သွားမှာဖြစ်ကြောင်း ဝန်ကြီးကယ်ရီက ပြောပါတယ်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကတော့ အမေရိကန်နိုင်ငံခြားရေးဌာနကို အခုလို လာရောက် လည်ပတ်ခွင့်ရတဲ့အတွက် ကျေးဇူးတင်ကြောင်း အစချီပြီး ပြောပါတယ်။

“ကုလသမဂ္ဂအထွေထွေညီလာတက်ရင်း အမေရိကန်နိုင်ငံခြားရေးဌာနကို အခုလို လည်ပတ်ခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါဟာ ဒီနှစ်ထဲမှာ ၂ လအတွင်း ၃ ကြိမ်မြောက် ကျနော်တို့ တွေ့ဆုံခြင်းဖြစ်ပါတယ်။ အာဆီယံနဲ့ ဆက်နွယ်ပြီး နှစ်နိုင်ငံ အကျိုးဖြစ်ထွန်းစေမယ့် အကြောင်းအရာတွေကို ဆွေးနွေးဖြစ်ခဲ့ကြပါတယ်။ ဒီကနေ့လည်း အမေရိကန်နဲ့မြန်မာအကြား နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ ဖြစ်ထွန်းတိုးတက်မှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးကြပါမယ်။”

ဦးဝဏ္ဏမောင်လွင်ဟာ စက်တင်ဘာလ ၂၉ ရက် တနင်္လာနေ့က ကုလသမဂ္ဂအထွေထွေညီလာခံမှာ မိန့်ခွန်းပြောပြီးတဲ့ နောက် တရက်မှာ အမေရိကန်နိုင်ငံံခြားရေးဝန်ကြီး John Kerry နဲ့ အခုလို လာရောက် တွေ့ဆုံ ဆွေးနွေးတာဖြစ်ပါတယ်။ ဝန်ကြီးကယ်ရီဟာ ဝါရှင်တန်ဒီစီမြို့မှာ အောက်တိုဘာ ၂ ရက်၊ ကြာသပတေးမှာ ပြုလုပ်မယ့် နှစ် ၃၀ မြောက် အမေရိကန် - အာဆီယံ စီးပွားရေးကောင်စီ ဧည့်ခံပွဲကို တက်ရောက်ပြီး မိန့်ခွန်း ပြောကြားဖို့ ရှိပါတယ်။

ဒီအတောအတွင်း - မြန်မာနိုင်ငံ အရှေ့ဖက်အခြမ်း ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာအစိုးရ တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် အမေရိကန်နိုင်ငံသားတွေ အဲဒီ ဒေသတွေကို မသွားကြဖို့ ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန်သံရုံးက အောက်တိုဘာလ ၁ ရက် ဗုဒ္ဓဟူးနေ့ ရက်စွဲနဲ့ ခရီးသွား သတိပေးချက် ထုတ်ပြန်ထားပါတယ်။

လွန်ခဲ့တဲ့ သီတင်းပတ်တွေအတွင်း ထိုင်း - မြန်မာနယ်စပ် မြဝတီမြို့မှာ DKBA နဲ့ မြန်မာစစ်တပ်အကြား မကြာသေးခင်က တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာ၊ မွန်ပြည်နယ် ကျိုက်မရောမြို့မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာ၊ ဗုံးထောင်ထားတွေ တွေ့ခဲ့တာနဲ့ ကရင်ပြည်နယ် ကျုံဒိုးမြို့နယ်အတွင်းမှာ ခရီးသည်တင် ဘတ်စကားကို RPG နဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာတွေကြောင့် အမေရိကန်သံရုံးက အခုလို ခရီးသွားသတိပေးချက် ထုတ်ပြန်တာလည်း ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အရပ်သားအစိုးရတက်လာပြီးနောက်ပိုင်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်လာတဲ့အတွက် အမေရိကန်နဲ့ မြန်မာအစိုးရအကြား ကဏ္ဍအတော်များများမှာ ဆက်ဆံရေး တိုးတက် ကောင်းမွန်မှုတွေ ရှိနေပေမဲ့ မြန်မာနိုင်ငံအတွင်း တခြား လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေသေးတဲ့အတွက် ဒဏ်ခတ် အရေးယူမှုတချို့လည်း ဆက်ရှိနေတာ ဖြစ်ပါတယ်။

XS
SM
MD
LG