သုံးရလွယ်ကူစေသည့် Link များ

မြန်မာနှစ်သစ်ကူး သင်္ကြန်အတွက် အမေရိကန်ဆုတောင်း


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ ရွှေတိဂုံဘုရားမှာ ရေသပ္ပာယ်နေစဉ် (သြဂုတ်လ ၂၀၁၄)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ ရွှေတိဂုံဘုရားမှာ ရေသပ္ပာယ်နေစဉ် (သြဂုတ်လ ၂၀၁၄)

အတာသင်္ကြန် နှစ်သစ်ကူးဆုတောင်း မေတ္တာပို့သမှုနဲ့အတူမြန်မာနိုင်ငံဖွံဖြိုးတိုးတက်ရေးမှာ မြန်မာပြည်သူတွေနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွား ဖို့ မျှော်လင့်မိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောကြား လိုက်ပါတယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေး မှာ နှစ်ပေါင်းများစွာစွန်လွှတ် အနစ်နာခံခဲ့တဲ့ မြန်မာပြည်သူတွေနဲ့ အဖွဲ့အစည်းတွေကိုလည်း အမေရိကန်ပြည်ထောင်စုက ချီးကျူးဂုဏ်ပြုကြောင်း မနေ့ကထုတ်ပြန်တဲ့ မစ္စတာ ကယ်ရီရဲ့ မြန်မာသင်္ကြန်နှစ်သစ်ကူးဆုတောင်းမှာ ဖေါ်ပြထားပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကိုပြောပြမှာပါ။

အရင်နှစ်တွေလိုမဟုတ်ပဲ မြန်မာပြည်သူတွေကိုယ်တိုင် ရွေးချယ်တင်မြှောက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရတက်လာချိန် ဒီနှစ်အတာ သင်္ကြန်နှစ်သစ် ကူးကာလကို အောင်မြင်မှု၊ မျှော်လင့်မှုတွေ အပြည့်နဲ့ ကျင်းပနေချိန်မှာ အမေရိကန်ပြည်ထောင်စု က မြန်မာပြည်သူတွေ အတွက် နှစ်သစ်ကူး သင်္ကြန်ဆုတောင်း ပို့သလိုက်ကြောင်း အမေ ရိကန်နိုင် ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက မနေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်နဲ့ ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဌာနပြောခွင့်ရပုဂ္ဂိုလ်က အခုလိုဖတ်ပြပါတယ်။

"မြန်မာ အတာသင်္ကြန်နဲ့ နှစ်သစ်ကူးအခါသမယမှာ သမ္မတ ဘရက်အိုဘားမားနဲ့ အမေရိကန်နိုင်ငံသားတွေ ကိုယ်စား မြန်မာပြည်သူတွေထံ ကျနော့်အနေနဲ့ နွေးထွေးစွာ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။ သင်္ကြန်ဟာ နှစ်သစ်မှာ ယူဆောင်လာမယ့် အခွင့်အလန်းတွေကိုကြိုဆိုကျင်းပတဲ့ အချိန်အခါ လည်းဖြစ်ပါတယ်။ ငြိမ်းချမ်းပြီး သာယာဝပြောတဲ့ အပြင် ချစ်ကြည်ရင်းနှီးမှုရှိတဲ့ အနာဂတ် တည်ဆောက်ရေး အတွက် မြန်မာနိုင်ငံသားတွေ ရဲ့ကြိုးပမ်းအား ထုတ်မှုတွေကို ဒီနှစ်သစ်နဲ့အတူ နောင်လာမယ့်နှစ်တွေမှာလည်း အမေရိကန်ပြည်ထောင်စုက ထောက်ခံအားပေးသွားဖို့ မျှော်လင့်ပါတယ်။"

ဒါအပြင် မြန်မာနိုင်ငံမှာ သမိုင်းဝင်အပြောင်းအလဲတွေဖြစ်ခဲ့ပြီး ဒီအတွက် မြန်မာပြည်သူတွေကို ဂုဏ်ပြုချီးကျူးကြောင်း နိုင်ငံခြားရေးဝန်ကြီးဂျွန်ကယ်ရီရဲ့ထုတ်ပြန်ချက်မှာဖေါ်ပြထားတယ်လို့ ပြောခွင့်ရပုဂ္ဂိုလ်က အခုလိုပြောပါတယ်။

"နှစ်ပေါင်း (၅၀)ကျော်အတွင်း ပထမဆုံးအကြိမ် ဒီမိုကရေစီနည်းအရ ရွေးကောက်တင်မြှောက်ခံရတဲ့အစိုးရကို အောင်မြင်စွာနဲ့ ငြိမ်းချမ်းစွာ အာဏာလွဲှပြောင်းပေးမှုရဲ့ ရလဒ်ဖြစ်တဲ့ မတ်လ (၃၀)ရက်နေ့ကကျင်းပခဲ့တဲ့ သမ္မတဦးထင်ကျော်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲ အပါအဝင် မြန်မာနိုင်ငံရဲ့ သမိုင်းတင်ပြောင်းလဲမှုတွေ ပြီးခဲ့တဲ့နှစ်မှာ တွေ့ခဲ့ရတာဖြစ်ပါတယ်။

အခုလို ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလဖေါ်ဆောင်ရာမှာ နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့ကြတဲ့ စွန့်လွှတ်အနစ်နာခံခဲ့တဲ့ မြန်မာပြည်သူတွေနဲ့ အဖွဲ့အစည်းတွေကို အမေရိကန်ပြည်ထောင်စုက ချီးကျူးဂုဏ်ပြုပါတယ်။

အခုလိုနှစ်သစ်ကူးအခါသမယ မြန်မာနိုင်ငံမှာ အောင်မြင်မှု ကျင်းပနေချိန်မှာ နွေးထွေးတဲ့ ဆုတောင်းမေတ္တာ တွေပို့သ ရင်း ကောင်းမွန်သော နှစ်သစ်ဖြစ်ပါစေလို့ အမေရိကန်ပြည်ထောင်စုက ဆန္ဒပြုလိုက်ပါတယ်။"

အမေရိကန်သမ္မတအိုဘားမားကိုယ်တိုင်လည်း ဧပြီလ (၆) ရက်နေ့က သမ္မတဦးထင်ကျော်ကို ဖုန်းဆက်ချီးကျူးစကားပြောဆိုချိန်မှာ အတာသင်္ကြန်နဲ့ မြန်မာ့နှစ်သစ်ကူးအကြိုအဖြစ် သမ္မတ ဦးထင်ကျော်နဲ့ မြန်မာပြည်သူတွေအတွက် ဆုမွန်ကောင်းပေးပို့ကြောင်း ပြောကြားခဲ့ပါတယ်။

အလားတူ ရန်ကုန်မြို့က အမေရိကန်သံအမတ်ကြီး Scott Marciel နဲ့ သံရုံးမိသားစုတွေကလည်း နှစ်သစ်ကူးမှာ မြန်မာပြည်သူတွေအားလုံး ရွှင်လန်းချမ်းမြေ့ကြစေဖို့ ဆုတောင်းထားတဲ့ ဗီဒီယိုမှတ်တမ်းကို ရန်ကုန် အမေရိကန်သံရုံး Facebook မှာ ပြသထားပါတယ်။

အမေရိကန်ပြည်သူတွေရဲ့ သင်္ကြန်ဆုတောင်း
please wait

No media source currently available

0:00 0:01:42 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG