သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံပြင်ရေး အကျပ်အတည်းမဖြစ်ဖို့ ညှိနှိုင်းရေး ဒေါ်စုတောင်းဆို


ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဦးရွှေမန်း ၂၆ ရက် မတ်လ ၂၀၁၄ ခုနှစ်က နေပြည်တော်မှာ ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း)
ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဦးရွှေမန်း ၂၆ ရက် မတ်လ ၂၀၁၄ ခုနှစ်က နေပြည်တော်မှာ ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း)
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စရပ်မှာ နိုင်ငံရေး အကျပ်အတည်းအထိ ဦးတည်မသွားအောင် တွေ့ဆုံညှိနှိုင်းဖြေရှင်းဖို့ တောင်းဆိုရတာ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

လက်ရှိ လွှတ်တော်အစည်းအဝေး ကျင်းပမှု နောက်ဆုံးနေ့ ဒီကနေ့မှာပဲ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာမှာ ပြောဆိုခဲ့တာပါ။ ဒီသတင်းစာရှင်းလင်းပွဲကို တက်ရောက်သတင်းယူခဲ့တဲ့ ကိုသားညွန့်ဦးက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကိစ္စရပ်တွေကို ဆောင်ရွက်ကြ တဲ့အခါမှာ နိုင်ငံရေးအကျပ်အတည်းပုံစံ ဖြစ်မလာအောင်လို့ အမျှော်အမြင်ကြီးကြီးနဲ့ သိမ်မွေ့ညင်သာစွာ ဆောင်ရွက်ကြဖို့ဆိုပြီးတော့ သမ္မတဦးသိန်းစိန်က လွှတ်တော်ရဲ့ နောက်ဆုံးရက်မှာ တိုက်တွန်းပြောဆိုသွားတာပါ။ လွှတ်တော်အပြီး သတင်းစာရှင်းလင်းပွဲမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းတော့ ဒီအတွက်ကြောင့်မို့လို့လည်း သူတို့အနေနဲ့ တွေ့ဆုံဆွေးနွေး ဖြေရှင်းနိုင် ဖို့အတွက် တောင်းဆိုခဲ့ရတာဖြစ်တယ်လို့ ဖြေဆိုသွားပါတယ်။

“ကျမတို့က တွေ့ဆုံဆွေးနွေးရေးကိုပဲ အမြဲပဲ တောင်းဆိုနေပါတယ်။ ဘယ်လိုပြဿနာပဲဖြစ်ဖြစ် တွေ့ဆုံ ဆွေးနွေးခြင်းအားဖြင့် ဖြေရှင်းနိုင်မယ်ဆိုတဲ့ ‘မူ’ ကို ကျမတို့က ကိုင်စွဲထားတာဖြစ်ပါတယ်။ ဒီဟာကိုလည်း သမ္မတကြီးက သဘောတူပါတယ်။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဆိုတာဟာ ဒီတွေ့ဆုံဆွေးနွေးရေးပေါ်မှာပဲ အခြေခံရတယ်။ မတွေ့ဆုံဘဲနဲ့ မဆွေးနွေးဘဲနဲ့ ဘယ်လိုမှ ပြန်ပြီးတော့ ရင်ကြားစေ့လို့ မရပါဘူး။ မတူညီတဲ့ သဘောထားတွေကို ညှိပြီးတော့ လုပ်ရပါမယ်။ အဲ့ဒါကြောင့်မို့လို့ ကျမတို့ကတော့ ဒီနိုင်ငံရေးမှာ သဘောမတူတာတွေ ရှိတိုင်း အကျပ်အတည်း မဖြစ်သွားစေဖို့နဲ့ ဖြစ်သွားဖို့လည်း မလိုပါဘူး။ ဒါကြောင့်မို့လို့လည်း ကျမက လေးပွင့်ဆိုင် တွေ့ဆုံမှုကို
တောင်းဆိုတာပါ။ အကျပ်အတည်း မဖြစ်စေချင်ဘူး။ စောစောက ပြောတဲ့အတိုင်းပဲ ဟိုဘက် ဒီဘက်ပေါ့နော် ဆန္ဒပြမှုတွေ ဘာတွေဖြစ်လာရင် ဒါကလည်း သဘာဝကျပါတယ်။ ဒီမိုကရေစီ အခွင့်အလန်းတွေ စပြီးတော့ ပေါ်ပေါက်လာတဲ့ အချိန်မှာဆိုရင် ပြည်သူတွေအနေနဲ့ ကိုယ့်မှာရရှိလာတဲ့ အခွင့်အရေးတွေကို သုံးချင်တာ သဘာဝကျပါတယ်။ ပေါ်လာတဲ့ အခက်အခဲ မှန်သမျှကို ညှိနှိုင်းပြီးတော့ ဆွေးနွေးပြီးတော့ ဖြေရှင်းချင်ပါတယ်။ ကျမတို့နိုင်ငံကို အကြမ်းဖက်တဲ့ လမ်းပေါ်ကို လုံး၀ မရောက်စေချင်ဘူး။ ကျမတို့အချင်းချင်းကြားမှာ မလိုအပ်တဲ့ ပဋိပက္ခတွေ လုံး၀ မဖြစ်စေချင်ဘူး။ မဖြစ်ဘဲနဲ့လည်း လုပ်နိုင်မယ်လို့ ကျမ ယုံကြည်တယ်။”

“ကျမတို့ လွှတ်တော်အတွင်းမှာဆိုရင် ကျမတို့ကတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်တွေထက်စာရင် ဆယ်ပုံပုံ တစ်ပုံလောက်ပဲ ရှိတာပေါ့နော်။ ဆယ်ပုံပုံ တစ်ပုံပဲ ရှိတယ်ဆိုပေမဲ့လည်း ကျမတို့ အဆင်ပြေအောင်လို့ တဘက်နဲ့တဘက် ချောချောမွေ့မွေ့ ဖြစ်အောင်လို့ ဆက်ဆံနိုင်ပါတယ်။ ညှိနှိုင်းပြီးတော့ ဆွေးနွေးပြီးတော့ ပြေလည်အောင် လုပ်နိုင်ပါတယ်။ မလုပ်နိုင်စရာ အကြောင်းမရှိပါဘူး။ နောက်ဆုံးတော့ ဆန္ဒပါပဲ။”

ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စရပ်မှာ သမ္မတလွှတ်တော် ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ လေးပွင့်ဆိုင် တွေ့ဆုံလိုတယ်ဆိုပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က သမ္မတရုံးကို တင်ပြခဲ့ပါတယ်။ ဒါပေမဲ့လည်း အချိန်မကျသေးဘူးဆိုပြီးတော့ သမ္မတရုံးဘက်က တုံ့ပြန်ထားပါတယ်။ အခု ဒီ သတင်းစာရှင်းလင်းပွဲ အတွင်းမှာတော့ ပြည်ထောင်စုလွှတ်တော် နာယကဖြစ်တဲ့ သူရဦးရွှေမန်းကတော့ သူ့ဘက်ကတော့ ဒီလေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးဖို့ အတွက် အဆင်သင့်ရှိပါတယ်လို့ ဖြေထားပါတယ်။

ပထမအကြိမ် လွှတ်တော်ရဲ့ ၉ ကြိမ်မြောက် အစည်းအဝေး အပြီးသတ်ဖြစ်တဲ့ ဒီသတင်းစာရှင်းလင်းပွဲအတွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ
ဒေါ်အောင်ဆန်းစုကြည်နဲ့ လွှတ်တော်ရဲ့ နာယကဖြစ်တဲ့ သူရဦးရွှေမန်းတို့က သတင်းထောက်တွေနဲ့ တွေ့ဆုံပြီးတော့ အခုလို မေးမြန်းချက်တွေကို ဖြေကြား သွားတာပါ။

လက်ရှိ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ပြီး မှတ်ချက်ပေး ပြောဆိုတဲ့နေရာမှာတော့ လွှတ်တော်နိုင်ငံရေးကို ပိုပြီးတော့ အလေးထားဖို့ ဒေါ်အောင်ဆန်းစုကြည်က
ပြောဆိုသွားပါတယ်။ အုပ်ချုပ်ရေးမဏ္ဍိုင်ဟာ တစိုက်မတ်မတ်ရှိခဲ့ပေမဲ့လို့ လွှတ်တော်နိုင်ငံရေးဟာ ၃ နှစ်သား အချိန်ပဲရှိသေးတာမို့လို့ လက်ရှိ အသွင်ကူးပြောင်းရေးကာလမှာ လွှတ်တော်နိုင်ငံရေးကို ပိုပြီးတော့ အလေးပေး မြှင့်တင်ဖို့ လိုတယ်ဆိုပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က
ပြောဆိုသွားပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စရပ်နဲ့ ပတ်သက်လို့တော့ အာဏာရ ကြံ့ခိုင်ရေးပါတီအနေနဲ့ တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဆိုတဲ့ ‘မူ’ ၃ ချက်အပေါ်မှာ အခြေခံပြီးတော့ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ကြံ့ခိုင်ရေးပါတီရဲ့ လက်ရှိ ဥက္ကဌဖြစ်တဲ့ သူရဦးရွှေမန်းက ပြောဆိုသွားခဲ့ပါတယ်။
XS
SM
MD
LG