သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Jonas နှင်းမုန်တိုင်း ဒဏ်ခံနေရတဲ့ အမေရိကန် အရှေ့ခြမ်းဒေသ


အမေရိကန်နိုင်ငံ အရှေ့ခြမ်းတကြောကို အင်အားပြင်းထန်တဲ့ နှင်းမုန်တိုင်း ကျရောက်လာနေတဲ့ အချိန်မှာပဲ အမေရိကန်နိုင်ငံအတွင်းက လူဦးရေ အထူထပ်ဆုံး မြို့တမြို့ဖြစ်တဲ့ နယူးယောက်မြို့ခံတွေအနေနဲ့ အပြင်ထွက် သွားလာခြင်းမပြုကြဖို့ အာဏာပိုင်တွေက စနေနေ့မှာ အမိန့်ထုတ်ပြန်လိုက်ပါတယ်။

နယူးယောက်မှာနေထိုင်တဲ့ ၉ သန်းနီးရှိတဲ့ မြို့ခံတွေအနေနဲ့ ဒေသတွင်းနဲ့ ပြည်နယ် အတွင်းက တခြားလမ်းတွေ အပါအဝင် မြို့ရဲ့ အနောက်ဘက်မှာရှိတဲ့ New Jersey ပြည်နယ်ထဲကို ဒေသစံတော်ချိန် နေ့လည် ၁၂ နာရီလောက်ကစပြီး ဖြတ်သန်း သွားလာခြင်း မပြုကြဖို့ ပြည်နယ် အုပ်ချုပ်ရေးမှူး Andrew Cuomo က အမိန့် ထုတ်ပြန်လိုက်တာပါ။

မြို့တွင်းမှာရှိတဲ့ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး ယာဉ်တွေအားလုံး ရပ်နားထားလိုက်သလို၊ Broadway မှာရှိတဲ့ ပြပွဲတွေ၊ ပြတိုက်တွေနဲ့ ဈေးဆိုင်တွေအားလုံးလည်း ပိတ်ထားပြီး ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံမြို့တော် ဝါရှင်တန် ဒီစီနဲ့ အနီးဝန်းကျင် ဒေသတွေအပါအဝင် တိုင်းပြည်ရဲ့ အရှေ့အလယ်ပိုင်းနဲ့ အရှေ့မြောက်ပိုင်း ဒေသတွေကို Jonas လို့ခေါ်တဲ့ အင်အားပြင်းထန်တဲ့ နှင်းမုန်တိုင်း ဝင်ရောက် တိုက်ခတ်နေတာကြောင့် နှင်းထု ၂၄ လက်မကနေ လက်မ ၃၀ ကျော်အထိ ကျရောက်နေတာ ဖြစ်ပါတယ်။ မုန်တိုင်းဟာ သောကြာနေ့ကနေ တနင်္ဂနွေနေ့ အစောပိုင်းအထိ တိုက်ခတ်နိုင်တယ်လို့ ဆိုပါတယ်။

မုန်တိုင်းဖြတ်သွားရာ လမ်းကြောင်းဖြစ်တဲ့ တိုင်းပြည် အရှေ့ဘက်ခြမ်းမှာ ရှိနေကြတဲ့ ပြည်သူပေါင်း ၈၅ သန်းလောက်ဟာ သောကြာနေ့ကစပြီး မုန်တိုင်းဒဏ်ကို ခံနေကြရတာမှာ တချို့နေရာတွေမှာ လျှပ်စစ်မီးတွေ ပြတ်တောက်၊ ရထားနဲ့ လေကြောင်း သွားလာရေးတွေ ရပ်ဆိုင်းပြီး တချို့ အရဲစွန့်ပြီး အပြင်ထွက်တဲ့သူတွေရဲ့ မော်တော်ယာဉ်တွေဟာလည်း နှင်းတွေထဲမှာ ပိတ်မိနေကြပါတယ်။

မိုးလေဝသ ပညာရှင်တွေကတော့ ဒီမုန်တိုင်းဟာ ဝါရှင်တန်ဒီစီသမိုင်းမှာ အဆိုးဆုံး နှင်းမုန်တိုင်း ဖြစ်နိုင်တယ်လို့ ခန့်မှန်း ပြောဆိုနေကြပါတယ်။

XS
SM
MD
LG