သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြမြန်မာလုပ်သားများအရိုက်ခံရမှု ဂျော်ဒန်ရဲစစ်ဆေး


ဂျော်ဒန်နိုင်ငံက မြန်မာအလုပ်သမားတွေ လုပ်ခလစာတိုးတောင်းလို့ ကုမ္ပဏီနဲ့ အချင်းများနေတဲ့ အထည်ချုပ် စက်ရုံဟာ အမေရိကန်ပြည်ထောင်စုက နာမည်ကျော် ဖက်ရှင် အဝတ်အထည် လုပ်ငန်းကြီးတွေရဲ့ အပ်ထည်တွေကို လက်ခံ ချုပ်လုပ်ပေးတဲ့စက်ရုံတရုံ ဖြစ်တယ်လို့ မြန်မာ အလုပ်သမားတွေက ပြောပါတယ်။ အဲဒီမှာ စနေနေ့က မြန်မာအလုပ်သမားတွေ အရိုက်ခံရ တဲ့ဖြစ်ရပ်ကို ဒေသဆိုင်ရာ ဂျော်ဒန်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပြီး အစ္စရေးလ်နိုင်ငံ ဆိုင်ရာ မြန်မာသံရုံးကလည်း ဆက်သွယ်လာပြီးတော့ ဘယ်လိုအကူအညီပေးရမယ် ဆိုတာ မေးမြန်းခဲ့တယ်လို့ အလုပ်သမားကိုယ်စားလှယ်တဦးက ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

တခြားနိုင်ငံက အလုပ်သမားတွေနဲ့တန်းတူ လုပ်ခလစာနဲ့ ခံစားခွင့်တွေပေးဖို့ မြန်မာနိုင်ငံသား အလုပ်သမားတွေ တောင်းဆိုခဲ့ကြတာကြောင့် အလုပ်ရှင်နဲ့ အခြေအတင်ဖြစ်နေတဲ့ ဂျော်ဒန်က CMJ အထည်ချုပ်စက်ရုံဟာ တရုတ်လူမျိုးပိုင် ဖြစ်ပြီး သူတို့အများဆုံးချုပ်ပေးနေရတဲ့ အမျိုးသား အမျိုးသမီး တီရှပ်တွေနဲ့ သိုးမွေးထည်တွေဟာ အမေရိကန်နိုင်ငံဆီ အဓိက ပို့တာဖြစ်တယ်လို့ အလုပ်သမားကိုယ်စားလှယ်တဦးက ဗွီအိုအေကိုပြောတာပါ။

“The North Face ဆိုတာက ဒီ CMJ စက်ရုံတရုံလုံးမှာရှိတဲ့ အကြီးမားဆုံးအော်ဒါ တခုပေါ့။ နောက်ပြီးတော့ Laurel၊ Calvin Klein CK ။ ပထမဦးဆုံး အဓိက ထားပို့တာ U.S.A ပေါ့နော်။ အဓိကထားပို့တယ်။ နောက်ပြီးတော့ ကနေဒါကို ပို့တယ်ခင်ဗျ။ နောက်ပြီးတော့ ကာတာ၊ ထိုင်းနိုင်ငံ၊ ဟောင်ကောင်ကို ပို့ပါတယ်။ အဲဒီ ၅ နေရာကိုတော့ အဓိကထားပြီး အများဆုံးပို့ပါတယ်။”

မြန်မာအလုပ်သမားကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ကိုကျော်ဇင်ဦးပါ။ သူပြောသွားတဲ့ Laurel၊ Calvin Klein CK နဲ့ The North Face တို့ဟာ အမေရိကန်နိုင်ငံအခြေစိုက် နံမည်ကျော် ဖက်ရှင်နဲ့ အဝတ်အထည်မျိုးစုံကို ရောင်းချတဲ့ ကုမ္ပဏီကြီးတွေ ဖြစ်ပါတယ်။ မြန်မာအလုပ်သမားတွေက သူတို့နဲ့အလုပ်ရှင်အကြား ချုပ်ဆိုထားတဲ့ သဘောတူစာချုပ်ပါ လုပ်ခလစာနဲ့ ခံစားခွင့်တွေအတိုင်း ပေးဖို့ ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်ကျော်ကတည်းက တောင်းဆိုပြီး အလုပ်မဆင်းဘဲနေခဲ့ကြတာပါ။ အလုပ်ရှင်ဘက်က မလိုက်လျောတဲ့အတွက် မပြေလည်သေးဘဲရှိနေချိန် စနေနေ့မှာတော့ တခြားနိုင်ငံသား ကုမ္ပဏီဝန်ထမ်း ၄၀ လောက်က မြန်မာ အလုပ်သမားတွေနေတဲ့အဆောင်ဆီ ရောက်လာပြီး အတင်း တွန်းထိုးဆွဲငင်ပြီးတော့ ရိုက်နှက်တာတွေ လုပ်ခဲ့တာကြောင့် မြန်မာအမျိုးသမီး အလုပ်သမလေးဦး ဒဏ်ရာရခဲ့ကြပါတယ်။

ဒီဖြစ်ရပ်အတွက် ဒေသအတွင်းအခြေစိုက် The Trade Unions of Workers ဆိုတဲ့ အလုပ်သမားသမဂ္ဂရဲ့ အကူအညီနဲ့ တနင်္ဂနွေနေ့မှာ မြန်မာအလုပ်သမားတွေက ရဲစခန်းမှာ တိုင်ချက်ဖွင့် တိုင်ကြားခဲ့ပါတယ်။ ရဲတပ်ဖွဲ့က စက်ရုံဝင်းအထိ လိုက်လာ ပြီး စုံစမ်းစစ်ဆေးပေမဲ့လည်း ရိုက်နှက်မှုမှာ တကယ်တမ်းပါဝင်ခဲ့သူတွေကို ကုမ္ပဏီတာဝန်ရှိသူတွေက ထုတ်မပေးသေးဘူးလို့ ကိုကျော်ဇင်ဦးက ပြောပါတယ်။

“သေချာကိုယ်ထိလက်ရောက် ကျူးလွန်တဲ့သူကို ထုတ်မပေးပါဘူးခင်ဗျ။ အဲဒီလူတွေ အကုန်လုံးထားပြီးတော့ တခြားသူတွေကို ထုတ်ပေးတယ်။ ဒီမှာ အရိုက်ခံရတဲ့အမျိုးသမီးတွေက ရိုက်တာသူတို့မဟုတ်ပါဘူးလို့ ပြောတဲ့အခါကျတော့ စက်ရုံက တကယ်ရိုက်တဲ့သူတွေ မရှိပါဘူးပေါ့နော်။ အဲဒီလူတွေက စက်ရုံတွင်းထဲမှာ အလုပ်လုပ်နေကြတာပါ။ အပြင်ကို မသွားကြပါဘူး ဆိုပြီးတော့ သူတို့က လိမ်ထားတာပေါ့။ အဲဒီမှာ ရဲစခန်းမှာရှိတဲ့ ဒုရဲအုပ်တယောက်က ဒီကိုလိုက်လာပြီးတော့ သေသေချာချာ ရိုက်သွားတယ်ဆိုတဲ့လူတွေရဲ့ ဓာတ်ပုံ ကျနော်တို့ဆီမှာ ရှိပါတယ်လို့၊ အဲဒီဓာတ်ပုံနဲ့ အတူတကွ လာမှရမှာပါလို့ ကျနော်တို့က အဲဒီလိုပြောတော့ ကျနော်တို့က လိုအပ်တဲ့စာရွက်စာတမ်းတွေ၊ ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေကို ယူသွားပြီးတော့ မနက်ဖြန်ကျရင် သူတို့တခါ ပြန်ဆင်းလာမယ်ပေါ့နော်။ ဒီဓာတ်ပုံထဲက လူအတိုင်းကို စက်ရုံထဲမှာဝင်ရှာမယ်ပေါ့။ ဝင်ရှာပြီး ရှိတဲ့သူကို တခါတည်း ဖမ်းပါမယ်ဆိုပြီး ကျနော်တို့ကို အဲဒီလို ပြောသွားပါတယ်။”

စနေနေ့က အခင်းဖြစ်ပြီးတဲ့နောက် အလုပ်သမားတွေက အစ္စရေးလ်နိုင်ငံအခြေစိုက် မြန်မာသံရုံးကို အကူအညီတောင်းဖို့ ဆက်သွယ်ခဲ့ကြပေမဲ့ မရခဲ့ဘဲ တနင်္ဂနွေနေ့ညနေပိုင်းမှာတော့ သံရုံးတာဝန်ရှိသူတဦးက ပြန်ဆက်သွယ်လာတယ်လို့ သူက ပြောပါတယ်။ သူတို့ကို ဘယ်သူက အကူအညီပေးနေတယ်ဆိုတာနဲ့ ဘာဆက်လုပ်ချင်ကြတယ်ဆိုတာကို သံရုံးတာဝန်ရှိသူ က မေးမြန်းခဲ့တာကြောင့် အလုပ်သမားတွေရဲ့ လိုလားချက်တွေကို ပြောပြခဲ့တယ်လို့ ကိုကျော်ဇင်ဦးက ပြန်ပြောပြပါတယ်။

“ကျနော်တို့ တလပိုင်းမှာ ရစရာရှိတဲ့ ဘွန်းနက်စ် ပိုက်ဆံတွေပေါ့နော်၊ အဲဒီဘွန်းနက်စ် ပိုက်ဆံတွေကို လိုချင်ပါတယ်လို့။ နောက်ပြီးတော့ ကျနော်တို့ ၂ လပိုင်းမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ ကျနော်တို့ အလုပ်ဆင်းခဲ့ပါတယ်ခင်ဗျာ။ အဲဒီအလုပ်ဆင်းခဲ့တဲ့နေ့တွေက ရရမယ့်ကြေးတွေရယ်၊ အိုဗာတိုင်ကြေးတွေရယ်၊ ဘွန်းနက်စ်ကြေးတွေရယ်ကို ကျနော်တို့ လိုချင်ပါတယ်လို့ သူတို့ဆီကို ပြောခဲ့ပါ တယ်။ နောက်ပြီးတော့ ကျနော်တို့ စက်ရုံမှာရှိတဲ့ တဦးချင်းစီမှာ စုကြေးငွေတွေ ရှိတယ်။ အဲဒီစုကြေးငွေတွေရယ်၊ နောက်ပြီးတော့ ကျနော်တို့ နှစ်အလိုက်ရရှိတဲ့ သူတို့ဆီကပေးတဲ့ငွေတွေရယ်၊ နောက်ပြီးတော့ ရစရာရှိတဲ့ နစ်နာကြေးတွေကို ကျနော်တို့ လိုချင်ပါတယ်လို့ ပြောပါတယ်ခင်ဗျ။ နောက်ပြီးတော့ ဒီစက်ရုံကနေပြီးတော့ ကုန်ကျစရိတ်ခံပြီး ပြန်ပို့မယ်ဆိုတဲ့ လေယာဉ်လက်မှတ်ကို ယူပြီးတော့ ကျနော်တို့ မြန်မာနိုင်ငံကို ပြန်ချင်ပါတယ်လို့။ အဲဒါ ကူညီပေးပါလို့တော့ သူတို့ကို ကျနော် ပြောပြလိုက်ပါတယ်ခင်ဗျ။”

သူ့အနေနဲ့ သံအမတ်ကြီးဆီကိုတင်ပြပြီး အတတ်နိုင်ဆုံး ညှိနှိုင်းဆောင်ရွက်ပေးမယ့်အကြောင်း သံရုံးတာဝန်ရှိသူက ပြန်ပြောခဲ့တယ်လို့ ကိုကျော်ဇင်ဦးကပြောပါတယ်။ အစ္စရေးလ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးကို ဗွီအိုအေက တိုက်ရိုက်ဆက်သွယ်ခဲ့ပေမဲ့ တယ်လီဖုန်းဖြေဆိုမယ့်သူ မရှိခဲ့ပါဘူး။

အရိုက်ခံရလို့ ဒဏ်ရာရခဲ့တဲ့ အလုပ်သမ လေးဦးထဲမှာ နှစ်ဦးရဲ့ဒဏ်ရာတွေက အတန်ငယ်ပြင်းထန်ပြီး သူတို့အားလုံး ဆေးကုသမှု ခံယူနေကြရပါတယ်။
ဂျော်ဒန်နိုင်ငံမှာအလုပ်လုပ်ဖို့ သူတို့ကို တာဝန်ယူပြီးပို့ခဲ့တဲ့ မြန်မာနိုင်ငံအခြေစိုက် အလုပ်အကိုင်အေဂျင်စီက တာဝန်ရှိသူတဦး ရောက်နေပေမဲ့လည်း ဘာမှ တာဝန်ယူ မဖြေရှင်းပေးနိုင်ဘူးလို့ အလုပ်သမားတွေကပြောပါတယ်။

အလုပ်သမားတွေနဲ့ အချင်းများနေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး စက်ရုံရဲ့သဘောထားကိုသိနိုင်အောင် ဗွီအိုအေက ဆက်သွယ်ခဲ့ပေမဲ့ တယ်လီဖုန်းဖြေဆိုမယ့်သူ မရှိပါဘူး။
XS
SM
MD
LG