သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျော်ဒန်ဆန္ဒပြအလုပ်သမားတချို့ မြန်မာပြည်ပြန်မည်


မြန်မာအလုပ်သမား ၁၃၅၀ ကျော်ရှိတဲ့ ဂျော်ဒန်နိုင်ငံက CMJ အထည်ချုပ်စာရုံမှာ လုပ်ခလစာ တိုးမြှင့်ရရှိရေး ဆန္ဒပြနေကြသူတွေဟာ အခုထိတော့ ပြေလည်မှု မရကြသေးပါဘူး။ ဂျော်ဒန် အလုပ်သမား သမဂ္ဂအဖွဲ့က အခု အကူအညီ ပေးနေပြီးတော့ ကိုယ့်နေရပ်ကို ပြန်လိုတဲ့သူ တချို့ကလည်း မြန်မာနိုင်ငံကို ပြန်နိုင်အောင် စီစဉ်ပေးနေတယ်လို့ အဖွဲ့တာဝန်ခံတွေက ပြောပါတယ်။ ဒီအကြောင်းကိုတော့ ဒေါ်ခင်မျိုးသက် က တင်ပြထားပါတယ်။

ဂျော်ဒန်နိုင်ငံက CMJ အထည်ချုပ်စက်ရုံမှာရှိတဲ့ မြန်မာအလုပ်သမား ၁၃၅၀ ကျော်ဟာ စက်ရုံက သူတို့ကို ကောင်းကောင်း ကြည့်ရှုစောင့်ရှောက်မှု မရှိတဲ့အတွက် မြန်မာနိုင်ငံကို အကုန်လုံး ပြန်ချင်နေကြတယ်လို့ ဂျော်ဒန်နိုင်ငံက အလုပ်သမား သမဂ္ဂများ အဖွဲ့က ကိုယ်စားလှယ် မစ် မဲလ်ဗတ် က ပြောပါတယ်။

“အလုပ်သမားတွေအားလုံး မြန်မာပြည်ပြန်ဖို့ လုပ်ချင်နေပါတယ်။ အခုလောလောဆယ် ၈ ယောက်က လာမယ့် နှစ်ရက်လောက်မှာ contract စာချုပ် နှစ်စေ့တော့မှာမို့ သူတို့ ပြန်နိုင်ဖို့ အကူအညီ ပေးနေပါတယ်။ တကယ်တော့ အကုန်လုံးက ပြန်ချင်နေတာပါ။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ ကုမ္ပဏီနဲ့ ပြဿနာဖြစ်နေပါတယ်။ သူတို့ကို ကောင်းကောင်း မကြည့်လို့ပါ။”

CMJ စက်ရုံက မြန်မာအလုပ်သမားတွေဟာ အလုပ်ရှင်နဲ့ ချုပ်ဆိုထားတဲ့ သဘောတူ စာချုပ်ပါ လုပ်ခလစာနဲ့ ခံစားခွင့်တွေအတိုင်း ပေးဖို့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က စတင် တောင်းဆိုခဲ့ပြီး အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့တာပါ။

စနေနေ့ကတော့ မြန်မာအလုပ်သမားတွေ နေတဲ့ အဆောင်ကို လာပြီး အလုပ်ဆင်းဖို့အတွက် အတင်းဆွဲခေါ်ရာကနေ မြန်မာအမျိုးသမီး အလုပ်သမ လေးဦး ဒဏ်ရာရခဲ့တာမို့ ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားရေးကစပြီး အလုပ်သမား သမဂ္ဂ အဖွဲ့ဝင်တွေက လိုက်လံ ကူညီပေးခဲ့တယ်လို့ အလုပ်သမား သမဂ္ဂအသင်း အကြီးအကဲ ဖတ်စ် ဟာလာ က စကားပြန်ကနေတဆင့် ဗွီအိုအေကို ပြောပါတယ်။

“အလုပ်သမားတွေအတွက် ကျနော်တို့ လိုက်လုပ်ပေးနေပါတယ်။ ကျနော်တို့ သမဂ္ဂ အဖွဲ့ဝင်တွေဟာ ဆန္ဒပြနေတဲ့ အလုပ်သမားတွေနဲ့အတူ လုပ်နေတာပါ။ သူတို့ ရိုက်နှက်ခံရတာကို ရဲကို တိုင်နိုင်ဖို့ လုပ်ပေးပါတယ်။ သူတို့က ဒီဒေသအကြောင်း သိပ်မသိတော့ ကျနော်တို့အဖွဲ့က အကုန်လိုက်ပြီး ကူညီပေးရပါတယ်။ သူတို့ စပြီး ဆန္ဒပြကတည်းက ကူညီပေးခဲ့တာပါ။ စက်ရုံ မန်နေဂျာက တရုတ်ပါ။ သူ့ကို ဒေသခံ မန်နေဂျာကနေတဆင့် ဆက်သွယ်ပြီး သူတို့အတွက် လုပ်ပေးသလို၊ နောက် မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂ က မောင်မောင်နဲ့လည်း ဆက်သွယ်ပြီး၊ အကူအညီ ပေးဖို့ လုပ်နေပါတယ်။”

ဒေသခံ အလုပ်သမားသမဂ္ဂ က မြန်မာနိုင်ငံက FTUB အလုပ်သမား သမဂ္ဂကိုပါ ဆက်သွယ်ခဲ့တဲ့အပြင် ITUC နိုင်ငံတကာ အလုပ်သမား သမဂ္ဂနဲ့ တခြား NGO အဖွဲ့အစည်းတွေနဲ့ပါ ဆက်သွယ် ဆောင်ရွက်ပေးနေတယ်လို့ ပြောပါတယ်။
ဂျော်ဒန်နိုင်ငံမှာ မြန်မာသံရုံး မရှိတဲ့အတွက် အစ္စရေးလ်က မြန်မာသံရုံးကို ဆက်သွယ်ပြီး အကူအညီ တောင်းခံခဲ့တယ်လို့ မြန်မာအလုပ်သမားတဦးဖြစ်တဲ့ ကိုကျော်ဇင်ဦး က ပြောပါတယ်။

“ကိုသန့်ဇင်ဦးက ကျနော်တို့ ဒီ ဒီကနေ ဖုန်းတောက်လျှောက် ဆက်တဲ့အချိန်မှာ သူက အမြဲတမ်း ဖုန်းကိုင်ပါတယ်။ သူကတော့ ဒီသံရုံးက အရာရှိတဦးလို့တော့ ကျနော်တို့ သိရပါတယ်။ သူ့အနေနဲ့ကပေါ့နော် ကျနော်တို့ ဒီ မြန်မာတွေက ဘယ်လို ဖြစ်ချင်တဲ့ ဆန္ဒရှိသလဲပေါ့နော် ကျနော်တု့ိ ဒီမှာ လုံခြုံရေးအတွက်ရော၊ အသက်အန္တရာယ် အတွက်ရော စိုးရိမ်ရတဲ့အတွက်ကြောင့်မို့ မြန်မာတွေ အကုန်လုံးကတော့ လုပ်ငန်းခွင်ကို သိပ်မဝင်ချင်တော့ပါဘူး။ ဒီလစာ တိုးပေးဖို့ကိစ္စကိုလည်း အလုပ်ရှင် ဘက်ကနေပြီးတော့ ဘယ်လိုမှ ဖြေရှင်း မပေးတဲ့အတွက်ကြောင့် မြန်မာတွေ အကုန်လုံးကပေါ့နော် အဆင်မပြေတဲ့ ဒီကြားထဲမှာ မနေချင်တော့လို့ မြန်မာပြည် ပြန်ဖို့ အားလုံးက ဆန္ဒ သဘောတူညီ ရှိနေကြပါတယ်လို့။ မြန်မာသံရုံးဘက်ကလူ ပြောတာကတော့ သူတို့ဘက်ကတော့ အတတ်နိုင်ဆုံး လေယာဉ်စရိတ်တွေရယ်၊ ကျနော်တို့ ရပိုင်ခွင့်တွေရယ်ကို ကုမ္ပဏီဘက်က ပေးအောင်လို့ သူတို့က အတတ်နိုင်ဆုံး ဒီသံအမတ်ကြီးနဲ့ တိုင်ပင်ဆွေးနွေးပြီးတော့ စက်ရုံဘက်ကို အကူအညီ တောင်းခံပေးပါမယ်လို့ ကျနော်တို့ကို ပြန်ပြောသွားပါတယ်။”

ဂျော်ဒန်နိုင်ငံမှာ အလုပ်လုပ်ဖို့အတွက် သူတို့ကို တာဝန်ယူပြီး ပို့ခဲ့တဲ့ မြန်မာနိုင်ငံ အခြေစိုက် အလုပ်အကိုင် အေဂျင်စီက တာဝန်ရှိသူတဦး ရောက်နေပေမဲ့လည်း ဘာမှ တာဝန်ယူ မဖြေရှင်းပေးနိုင်ဘူးလို့ ဆိုပါတယ်။ လက်ရှိ အခြေအနေမှာတော့ ဒဏ်ရာရခဲ့တဲ့ မြန်မာအလုပ်သမား လေးဦးရဲ့ တိုင်ကြားချက်နဲ့ ရဲက ဒီကနေ့ စက်ရုံ မန်နေဂျာကို စစ်ဆေးဖို့ ရှိနေပါတယ်။
XS
SM
MD
LG