သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေသူရဲမီးရှို့အသတ်ခံရမှု ISIS တုန်ခါသွားအောင် ဂျော်ဒန်တုံ့ပြန်မည်


IS အစ္စလာမ်မစ် စစ်သွေးကြွတွေက သူတို့ဖမ်းဆီးထားတဲ့ ဂျော်ဒန်တိုက်လေယာဉ်မှူးကို အရှင်လတ်လတ်မီးရှို့ သတ်ဖြတ်လိုက်တဲ့ ဗွီဒီယိုကို အင်တာနက်ကတဆင့် ပြသလိုက်ပြီးတဲ့နောက် ဒီလုပ်ရပ်အပေါ် တုံ့ပြန်လက်စားချေမယ်လို့ ဂျော်ဒန်နိုင်ငံက အင်္ဂါနေ့မှာ ပြောဆိုလိုက်ပါတယ်။

ဂျော်ဒန်နိုင်ငံသားတွေရဲ့ ကြီးမားတဲ့ ဆုံးရှုံးမှုနဲ့ အလားတူ ကျုပ်တို့က လက်စားချေ အပြစ်ပေးရပါလိမ့်မယ်လို့ ဂျော်ဒန် ကြည်းတပ်ရဲ့ ပြောခွင့်ရသူ Mamdouh al-Ameri က ရုပ်သံကနေ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောကြားလိုက်ပါတယ်။

IS စစ်သွေးကြွတွေက ဂျော်ဒန်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုထားတဲ့ အီရတ်အမျိုးသမီး တဦးကို မကြာခင် နာရီပိုင်းအတွင်းမှာ သေဒဏ် စီရင်ဖို့ ဂျော်ဒန်က စီစဉ်နေတယ်လို့ လုံခြုံရေးဘက်ဆိုင်ရာ သတင်းအရင်းမြစ်တွေကို ကိုးကားပြီး သတင်းဌာနတွေက ဖော်ပြနေကြပါတယ်။

ဝါရှင်တန်ဒီစီမှာ ရောက်ရှိနေတဲ့ ဂျော်ဒန်ဘုရင် Abdullah က တိုက်လေယာဉ်မှူး Muath al-Kaseasbeh ကို သတ်ဖြတ်လိုက်တဲ့အတွက် ဂျော်ဒန်ပြည်သူတွေ ပိုပြီးတော့ ညီညွတ်သွားစေခဲ့တယ်လို့ ပြောဆိုပါတယ်။

အမေရိကန် သမ္မတ Barack Obama ကလည်း ကျနော့် အထင်တော့ နိုင်ငံတကာ ညွန့်ပေါင်းအဖွဲ့ အနေနဲ့ သူတို့ရဲ့စွမ်းဆောင်ရည်တွေ ကျသွားအောင် နောက်ဆုံးမှာ လုံးဝအနိုင်ရသွားတဲ့အထိ ကြိုးပမ်းကြဖို့ ဆုံးဖြတ်ချက်က နှစ်ဆတိုးပြီး ခိုင်မြဲလာစေပါလိမ့်မယ်။ သူတို့ရဲ့ အယူအဆတွေ၊ လုပ်ရပ်တွေဟာ အတွေးအခေါ်မဲ့၊ ဘယ်လောက် အကျင့်သိက္ခာမဲ့တယ်ဆိုတာကို ပြသနေတာပါပဲ လို့ သမ္မတ အိုဘားမားက ပြောဆိုသွားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Mr. Ban Ki-moon ကလည်း ဂျော်ဒန်လေယာဉ်မှူးကို သတ်ဖြတ်ခဲ့တဲ့အပေါ် ပြစ်တင် ရှုံ့ချလိုက်ပြီး၊ IS အကြမ်းဖက်စစ်သွေးကြွတွေဟာ လူ့အသက်ကို အလေးမထားကြသူတွေ ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

XS
SM
MD
LG