သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျော်ဒန်စစ်လေယာဉ်မှူး IS ဖမ်းဆီးမိ


IS အစ္စလာမ်စစ်သွေးကြွတွေအပေါ် ပြုလုပ်နေတဲ့ စစ်ဆင်ရေးအတွင်း ဆီးရီးယားနိုင်ငံ မြောက်ပိုင်းမှာ ဂျော်ဒန်တိုက်လေယာဉ် ပျက်ကျသွားခဲ့ပြီးတဲ့နောက် အစ္စလာမ်စစ်သွေးကြွတွေက သူတို့ရဲ့ လေယာဉ်မှူးတဦးကို ဖမ်းဆီးလိုက်တယ်လို့ ဂျော်ဒန်နိုင်ငံက ပြောပါတယ်။

အဲဒီလေယာဉ်မှူးရဲ့ အသက်ဘေးအန္တရာယ် လုံခြုံရေးအတွက် အစ္စလာမ် စစ်သွေးကြွတွေမှာ တာဝန်ရှိကြောင်း ဂျော်ဒန်စစ်တပ်က ဒီကနေ့ ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

အဲဒီလေယာဉ်ဟာ Raqqa မြို့အနီးမှာ ပျက်ကျသွားခဲ့ခြင်းဖြစ်ကြောင်း ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ဒီကနေ့ ပြောပါတယ်။ အဲဒီမြို့ဟာ ဆီးရီးယားနိုင်ငံအရှေ့ပိုင်းနဲ့ အီရတ်နိုင်ငံ မြောက်ပိုင်းနဲ့ အနောက်ပိုင်းဒေသ အတော်များများကို အခုနှစ် အစောပိုင်းတုန်းက သိမ်းပိုက်လိုက်တဲ့ စစ်သွေးကြွတွေ ခြေကုတ်ယူထားတဲ့ မြို့လည်း ဖြစ်ပါတယ်။

ပျက်ကျသွားတဲ့ လေယာဉ်က လေယာဉ်မှူးဟာ အာရပ်လူမျိုး ဖြစ်နိုင်ကြောင်း ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောကြားလိုက်ပြီး လေယာဉ်မှူးကို ဖမ်းဆီးထားတဲ့ပုံတွေကို စစ်သွေးကြွတွေဖက်က ထုတ်ပြန်ခဲ့တယ်လို့ ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေအတွင်း ဂျော်ဒန်၊ ဘာရိန်း၊ ဆော်ဒီအာရေးဗီးယားနဲ့ UAE နိုင်ငံတွေလည်း ပါဝင်နေတာ ဖြစ်ပါတယ်။ လေယာဉ် ပျက်ကျမှုနဲ့ပတ်သက်ပြီး ညွန့်ပေါင်းတပ်ဖွဲ့တွေဖက်က တစုံတရာ သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။ အစ္စလာမ် စစ်သွေးကြွတွေအပေါ် အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့တွေက စစ်တင်ဘာနှောင်းပိုင်းကစလို့ လေကြောင်း တိုက်ခိုက်မှုပေါင်း ၅၅၀ လောက် ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။

XS
SM
MD
LG