သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျော်ဒန်မှာ မြန်မာ အလုပ်သမားတွေ အကူအညီမဲ့


ဂျော်ဒန်နိုင်ငံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမား ၂ ထောင်ကျော် လုပ်ခလစာတိုးမြှင့်ရရေး ဆန္ဒပြနေကြစဉ်။ (၂၀၁၃၊ ဖေဖော်ဝါရီလ ၂၂)။ ဓာတ်ပုံ ကျော်ဇင်ဦး။
ဂျော်ဒန်နိုင်ငံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမား ၂ ထောင်ကျော် လုပ်ခလစာတိုးမြှင့်ရရေး ဆန္ဒပြနေကြစဉ်။ (၂၀၁၃၊ ဖေဖော်ဝါရီလ ၂၂)။ ဓာတ်ပုံ ကျော်ဇင်ဦး။
ဂျော်ဒန်နိုင်ငံ Az Zarqa မြို့မှာရှိတဲ့ စက်မှုဇုံထဲက အထည်ချုပ်စက်ရုံမှာ လုပ်နေတဲ့ မြန်မာလူမျိုး ၂,၀၀၀ နီးပါး ဟာ လုပ်ခလစာ တိုးမြှင့်ပေးဖို့နဲ့ လူသားချင်း တန်းတူညီမျှအဆင့်အတန်းမခွဲဘဲ ဆက်ဆံဖို့ စတဲ့ အလုပ်သမား အခွင့်အရေးတွေကို တောင်းဆိုဆန္ဒပြနေကြတာ ဒီနေ့ဆိုရင် ဆန္ဒပြနေကြတာ ၈ ရက်မြောက်နေ့ရှိပြီဖြစ်ပြီး အခု အချိန်အထိ အကူအညီပေးမယ့် ဘယ်အဖွဲ့ အစည်း၊ ဘယ်အစိုးရမှ ရောက်မလာသေးတဲ့အတွက် အလုပ်မဆင်း ဘဲ ဆန္ဒပြနေကြတဲ့ မြန်မာ အလုပ်သမားတွေဟာ စက်ရုံကနေ ပြန်ပို့မယ့်အချိန်ကို အလုပ်သမားတန်းလျားတွေ ကနေ စောင့်စားနေကြရတယ်လို့ပြောပါတယ်။

“ဒီနေ့ အခြေအနေကတော့ ကျနော်တို့ ဒီ စက်ရုံမှာရှိနေတဲ့အလုပ်သမား အကုန်လုံးကလည်း အလုပ်ပြန်ဆင်းဖို့၊ မဆင်းဖို့ဆိုတာ အခုအချိန်အထိ ဘာမှ ရေရေရာရာ တိတိကျကျ မသိရသေးပါဘူး ခင်ဗျ။ ပြီးတော့ စက်ရုံဘက် က ကမ်းလှမ်းချက်တွေကိုလည်း ဘာမှ တိတိကျကျ မရပါဘူးခင်ဗျ။ ကူညီဖြေရှင်းပေးမယ့် အဖွဲ့အစည်းတွေ ကလည်း တိတိကျကျ အဖြေတစ်ခုကို ထုတ်မပေးနိုင်သေး ဘူး။ အဲဒီတော့ ဘယ်သူမှ အလုပ်မဆင်းဘဲ ဒီအတိုင်းပဲ နေနေကြပါသေးတယ်ခင်ဗျ။ စက်ရုံဘက်က တုံ့ပြန်တာကတော့ အလုပ်မဆင်းကြတဲ့ အလုပ်သမားတွေ အကုန်လုံးအတွက်ကို ဂျော်ဒန်ဥပဒေအရ ပထမ ၄၈ နာရီအတောအတွင်းကနေပြီးတော့ အလုပ်မဆင်းလို့ရှိရင် ပထမဦးဆုံးအနေနဲ့က ၅၀ Dinar ကို တရက်မှာ ဖြတ်မယ်။ နောက်နေ့တွေမှာ နေ့တိုင်း နေ့တိုင်းကို ၅ ကျပ်၊ ၅ ကျပ်စီ ဖြတ်သွားမယ်ဆိုပြီးတော့ ကြော်ငြာလာပြီးတော့ ကပ်သွားပါတယ်ခင်ဗျ။ ရှိနေကြတဲ့လူတွေ အကုန်လုံးကလည်း ရှိတဲ့ပိုက်ဆံလေးနဲ့ ရှိတဲ့အစားအသောက်ကလေးနဲ့ပဲ စုပြုံပြီး စားသောက်နေကြသေးတာပဲ။ သူတို့ဘက်က ဘာမှ မတုံ့ပြန်ဘူးဆိုလို့ရှိရင်လည်း ကျနော်တို့က ကူညီနိုင်မယ့်သူ လိုအပ်တာပေါ့နော်။ တကယ်လို့ အကူအညီပေးနိုင်မယ့်သူ မရှိဘူးဆိုရင်တော့ စက်ရုံက ပြန်ပို့တာကိုပဲ စောင့်နေကြရမှာပေါ့ခင်ဗျ။”

အခုအချိန်မှာ ဂျော်ဒန်က မြန်မာအလုပ်သမားတွေအနေနဲ့ မြန်မာအစိုးရနဲ့ အလုပ်သမားရေး တာဝန် ရှိသူတွေရဲ့ ကူညီမှုစောင့်စားမှုကို အရေးတကြီးလိုအပ်နေပါတယ်လို့ မြန်မာအလုပ်သမားက ဗွီအိုအေ ကို အခုလို ပြောပြခဲ့တာပါ။ ဂျော်ဒန်နိုင်ငံက စက်ရုံထဲမှာ ဖြစ်ပွားခဲ့ရတဲ့ ဆန္ဒပြ အခြေအနေကို ကိုသားညွန့်ဦး က ဆက်လက်တင်ပြပေးထားပါတယ်။

လုပ်ခလစာ တလကို Dinar ငွေ ၁၅၅ ကနေ Dinar ၂၀၀ အထိ တိုးမြှင့်ဖို့ တောင်းဆိုထားတဲ့အချက်ကို ဆင်ကျူရီ၊ မာရီကယ်လ် ဂျော်ဒန် (CMJ) အလုပ်ရှင်ဘက်ကနေ ဂျော်ဒန်ဥပဒေနဲ့ စာချုပ်ပါအချက်တွေကို အကြောင်းပြပြီးတော့ မလိုက်လျောတာကြောင့် မြန်မာအလုပ်သမား ၂,၀၀၀ နီးပါးဟာ အလုပ်မဆင်းနိုင် ဖြစ်နေတာ တစ်ပတ်ကြာလာပါပြီ။ ဂျော်ဒန်နိုင်ငံမှာ မြန်မာသံရုံးလည်း မရှိတာကြောင့်မို့လို့ အနီးအနား အစ္စရေးနိုင်ငံက မြန်မာသံရုံးကို သူတို့ ဆက်သွယ် အကြောင်းကြားခဲ့ပေမဲ့ ပြေလည်မှုမရခဲ့ဘူးလို့ ဆန္ဒပြ အလုပ်သမားတစ်ဦးဖြစ်တဲ့ ကိုကျော်ဇင်ဦးက ရှင်းပြပါတယ်။

“ပထမဆုံး ကျနော်တို့က အစ္စရေးသံရုံးမှာရှိတဲ့ ကိုသန့်ဇင်ဆီကို အကူအညီတောင်းခဲ့ပါတယ်။ သူက ဂျော်ဒန်နိုင်ငံကိုလာဖို့ သူတို့မှာ အခက်အခဲဖြစ်တယ် ဆိုတဲ့အကြောင်းရယ်၊ နောက်ပြီးတော့ လစာကိစ္စ လာပြီးဖြေရှင်းပေးဖို့က စက်ရုံဘက်က အခြေခံလစာ ၁၅၅ Dinar ဆိုတဲ့စာချုပ်ကြီးကိုကိုင်ပြီး သူတို့က ဖြေရှင်းသွားတယ် ဆိုတဲ့အကြောင်းရယ်၊ နောက်ပြီးတော့ ဂျော်ဒန်ဥပဒေအရ လစာတိုးမြှင့်ဖို့အတွက်က တစ်ဦးတစ်ယောက်တည်း တိုးမြှင့်ပေးဖို့ဆိုတာက စက်ရုံတစ်ခုတည်းက လုပ်ပေးဖို့ မလွယ်ဘူးဆိုတဲ့ အကြောင်း ရယ် - ဒီလို အချက်အလက်တွေကြောင့် လစကိစ္စကို သူတို့လုံးဝ ထိန်းညှိပေးလို့ မရပါဘူး ဆိုတဲ့အကြောင်းတွေကို ဖုန်းဆက်ပြီး ပြန်ပြောပြတယ်။”

မေး။ ။ ဆိုလိုတာက အစ္စရေးမှာရှိတဲ့ မြန်မာသံရုံးက အကိုတို့ အလုပ်ရှင်တွေနဲ့ တိုက်ရိုက်ဆက်သွယ်မှုရထားပြီးပြီဆိုတဲ့ သဘောတော့ ဖြစ်နေတာပေါ့။

ဖြေ။ ။ ဟုတ်ကဲ့။ ညှိပြီးပါပြီ။

မေး။ ။ အဲဒီတော့ နောက်ဆုံး မြန်မာသံရုံးဘက်က ပြောတာက လစာကိစ္စတော့ ညှိလို့မရဘူးဆိုရင် သူတို့ ဘာတွေ အကူအညီပေးလို့ ရမယ်လို့ ပြောပါသလဲ။

ဖြေ။ ။ ဘာမှ ရေရေရာရာ တိတိကျကျ မပြောပါဘူး။ ကျနော်တို့ကပြောတဲ့ အချက်အလက်တွေပေါ်မှာ မေးလ် ပို့ပေးလို့ ပြောပါတယ်။ ကျနော်တို့က သူတို့ဆီ သူတို့လိပ်စာအတိုင်း မေးလ်ပို့ပေးနေပေမယ့် ကျနော်ပို့တဲ့မေးလ်က သူတို့ဆီ မရောက်ဘူးလို့ချည့်ပဲ ပြောနေတယ်။

မြန်မာအလုပ်သမားတွေအနေနဲ့ ဂျော်ဒန်နိုင်ငံအရောက် သူတို့ကို အလုပ်ဆက်သွယ်ပေးတဲ့ မြန်မာနိုင်ငံက ကုမ္ပဏီ ၃ ခုကိုလည်း ဆက်သွယ် အကူအညီတောင်းကြပေမဲ့ ဆက်သွယ်လို့ မရ ဖြစ်နေတယ်လို့ ပြောပါတယ်။ ဒါကြောင့်လည်း စာချုပ်ပါ အခြေအနေအတိုင်းဆိုရင်တော့ အလုပ်ဆက်မလုပ်နိုင်ဘူးဆိုရင် မြန်မာပြည်ကို ပြန်ပို့မယ်ဆိုပြီး အလုပ်ရှင်ဘက်က ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။

“ဒီအတောအတွင်းမှာ အလုပ်မဆင်းရတာ ဒီနေ့ဆို တစ်ပတ်ပြည့်သွားပြီပေါ့။ ၄၈ နာရီအတွင်းမှာမှ အလုပ်ပြန်မဆင်းရင် စစချင်းမှာ JD ၅၀ ဖြတ်ပါမယ်။ နောက်ရက်တွေကို နေ့စဉ် နေ့စဉ် အလုပ်မဆင်းတဲ့ အတွက် JD ၅ ကျပ်၊ ၅ ကျပ်စီ ဖြတ်သွားမယ်လို့တော့ တုံ့ပြန်ပြီးတော့ ကြေညာစာ လာကပ်သွားတယ်။”

မေး။ ။ အခု ဆန္ဒပြနေတဲ့ အလုပ်သမား ၁ ထောင်ကျော် လူအင်အားက ဒီအတိုင်းဆိုလို့ရှိရင် - အလုပ်ရှင် ဘက်ကလည်း မလိုက်လျောဘူးဆိုတော့ ဘာဆက်လုပ်မလဲ။ အလုပ်ပဲပြန်ဝင်မလား၊ ဗမာပြည်ပြန်မလား။ ဘယ်လိုလုပ်မလဲ။

ဖြေ။ ။ ကြားမှာ ညှိနှိုင်းပေးမယ့်သူ မရှိဘူးဆိုရင်တော့ ကျနော်တို့ ဗမာတွေအကုန်လုံးက ဗမာပြည်ပဲ ပြန် တော့မှာပေါ့။ ဗမာတွေအကုန်လုံးက သဘောတူညီချက်ကတော့ လစာ ၁၅၅ ကျပ် (Dinar) ကို တိုးမပေးတော့ဘူးဆိုရင်တော့ စက်ရုံကနေ စရိတ်အကုန်အကျ တာဝန်ယူပြီးတော့ မြန်မာနိုင်ငံကို ပြန်ပို့မယ်လို့ ပြောထားပြီးပါပြီ။ အဲဒါကြောင့် ကျနော်တို့ မြန်မာတွေ အကုန်လုံးကလည်း ပြန်မယ်လို့ ဆုံးဖြတ်ထားပါတယ်။

မေး။ ။ ဂျော်ဒန်နိုင်ငံမှာပဲ တခြား အလုပ်အကိုင် ရှာလို့ရလား။

ဖြေ။ ။ အဲလိုလည်း အဆင်မပြေလောက်ပါဘူး။ တခြားအလုပ်အကိုင်ရှာဖို့ကလည်း ဒီမှာက ဘယ်သူမှလည်း မရှိကြဘူး။ အားကိုးစရာလည်း ဘယ်သူမှ မရှိဘူး။

ဆန္ဒပြအလုပ်သမားတစ်ဦးဖြစ်တဲ့ ကိုကျော်ဇင်ဦး ပြောပြခဲ့တာပါ။ အလုပ်သမားတွေအနေနဲ့လည်း ဘာသာ စကား အခက်အခဲရှိတာကြောင့် ဂျော်ဒန်နိုင်ငံမှာရှိတဲ့ အလုပ်သမားအဖွဲ့အစည်းတွေ၊ ကူညီရေး အဖွဲ့တွေကို ဆက်သွယ်ဖို့လည်း အခက်အခဲဖြစ်နေကြပါတယ်။ CMJ စက်ရုံ ဘက်မှာ မြန်မာအလုပ်သမား ၂ ထောင်အပြင် တခြားနိုင်ငံခြားသား အလုပ်သမားတွေလည်း ရှိကြပါတယ်။ အုပ်ချုပ်ရေးပိုင်းမှာတော့ တရုပ်လူမျိုး အများစု ဖြစ်နေပြီး မြန်မာတွေကို ခွဲခြားဆက်ဆံခဲ့တာကြောင့်လည်း အလုပ်ခွင်ထဲမှာ အဆင်မပြေတာတွေ အရင်တုန်း ကတည်းက ရှိခဲ့တယ်လို့ သိရပါတယ်ခင်ဗျား။

Dinar - ဂျော်ဒန်သုံးငွေ
JD - (Jordon Dinar)
XS
SM
MD
LG