သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၄ မှာ ကမ္ဘာတဝှမ်း သတင်းထောက် ၆၀ ကျော် သေဆုံး


မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတလွှားမှာ တာဝန်ထမ်းဆောင်ရင်း ဒီနှစ်အတွင်း သေဆုံးရတဲ့ သတင်းထောက် ၆၀ ထက်မနည်း ရှိပြီး၊ အဲဒီထဲမှာ နိုင်ငံတကာမှာရောက်နေတဲ့ သတင်းထောက်တွေ သေဆုံးမှုက ပိုများတယ်လို့ စာနယ်ဇင်းလွတ်လပ်ခွင့်အဖွဲ့တခုက ပြောလိုက်ပါတယ်။

၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၂၁ နိုင်ငံမှာ သတင်းထောက်တွေ သေဆုံးရမှုကို မှတ်တမ်းတင်ထားတဲ့ နှစ်ပတ်လည်အစီရင်ခံစာကို New York မြို့အခြေစိုက် CPJ ခေါ် သတင်းထောက်များ ကာကွယ်ရေး ကော်မတီက အဖွဲ့က အင်္ဂါနေ့မှာပဲ ထုတ်ပြန်လိုက်တာပါ။

ဒေသတွင်းသတင်းထောက်တွေ ပစ်မှတ်ထားအခံရဆုံးဖြစ်ပေမယ့် စုစုပေါင်းသေဆုံးမှုရဲ့ ၂၃% က နိုင်ငံတကာမှာရောက်နေတဲ့ သတင်းထောက်တွေဖြစ်တယ်လို့ အစီရင်ခံစာမှာ ပြောထားပါတယ်။ CPJ ရဲ့ စာရင်းအရ ၁၉၉၂ ခုနှစ်နောက်ပိုင်းမှာသေဆုံးရတဲ့ သတင်းထောက်တွေထဲ ၉၀% က နိုင်ငံခြားတိုင်းပြည်တွေမှာ သတင်းသွားယူတဲ့ သတင်းထောက်တွေဖြစ်ပါတယ်။

သတင်းထောက်တွေအတွက် အန္တရယ် အများဆုံးကတော့ ပြီးခဲ့တဲ့နှစ်ထဲ သတင်းသမား ၁၇ ယောက် အသတ်ခံခဲ့ရတဲ့ ဆီးရီးယား နိုင်ငံဖြစ်ပြီး အီရတ်နဲ့ ယူကရိန်းနိုင်ငံတွေမှာလည်း သတင်းထောက် ၅ ယောက် သေဆုံးခဲ့တယ်လို့ အစီရင်ခံစာက ဖော်ပြထားတာပါ။

မြန်မာနိုင်ငံမှာ သတင်းထောက် ကိုအောင်ကျော်နိုင် (ခေါ်) ကိုပါကြီးကို စစ်တပ်က ဖမ်းဆီးပြီးထားချိန်မှာ သေဆုံးခဲ့တဲ့ကိစ္စကိုလည်း အစီရင်ခံစာမှာ မှတ်တမ်းတင်ထားပါတယ်။ ဒါဟာဆိုရင် မြန်မာနိုင်ငံမှာ ၂၀၀၇ ခုနှစ်ကစလို့ ပထမဆုံးအကြိမ် သတင်းထောက်တယောက် အသတ်ခံခဲ့ရတာလို့လည်း CPJ က ပြောပါတယ်။

XS
SM
MD
LG